News

POST TYPE

SPORTS

ဂျူဗင်တပ်တိုက်စစ်မှူး ဟီဂူအင်နှင့် ဆဲလ်တစ်အသင်းတို့ကို ယူအီးအက်ဖ်အေ စွဲချက်တင်

တူရင်၊ စက်တင်ဘာ ၁၃

ဥရောပဘောလုံးအဖွဲ့ချုပ် (ယူအီးအက်ဖ်အေ) စည်းကမ်းထိန်းသိမ်းရေး ကော်မတီသည် ဂျူဗင်တပ်တိုက်စစ်မှူး ဟီဂူအင်နှင့် စကော့တလန်ကလပ် ဆဲလ်တစ်အသင်းတို့ကို ၎င်းတို့နှင့်သက်ဆိုင်သည့် ပြစ်မှုများအတွက် စွဲချက်တင်လိုက်ပြီဖြစ်ကြောင်း Sky Sports က ဖော်ပြထားသည်။

ဟီဂူအင်သည် ဘာစီလိုနာက ဂျူဗင်တပ်ကို သုံးဂိုး ဂိုးမရှိဖြင့် အနိုင်ယူသွားခဲ့သည့် ချန်ပီယံလိဂ် အုပ်စုပွဲစဉ်တွင် ၎င်းကို လူစားလဲလှယ်ချိန်၌ ကွင်းပြင်သို့ ထွက်ခွာချိန်တွင် ဘာစီလိုနာအသင်း အားပေးသူများကို လက်ခလယ်ထောင်ပြခဲ့ပြီး ယင်းလုပ်ရပ်အတွက် ပြစ်မှုထင်ရှားကြောင်း သတ်မှတ်ခံခဲ့ရမည်ဆိုပါက ဟီဂူအင်မှာ ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံရသည့် အခြေအနေမျိုး ဖြစ်ပေါ်လာတော့မည်ဖြစ်သည်။

ယူအီးအက်ဖ်အေသည် ဆဲလ်တစ်အသင်းကို ၎င်းတို့၏ ပရိသတ်တစ်ဦးက ဘောလုံးကွင်းအတွင်းသို့ ကျူးကျော်ဝင်ရောက်၍ ပီအက်စ်ဂျီတိုက်စစ်မှူး အမ်ဘတ်ပေကို ကန်ကျောက်ရန် ကြိုးပမ်းခဲ့မှုအတွက် စွဲချက်တင်လိုက်ခြင်းဖြစ်ကာ ယင်းသို့ တိုက်ခိုက်ခံရမှုတွင် အမ်ဘတ်ပေ ထိခိုက်ဒဏ်ရာ ရမသွားခဲ့သည်မှာ ကံကောင်းလွန်းခဲ့၍သာဖြစ်ကြောင်း ပွဲအပြီးတွင် ပီအက်စ်ဂျီနည်းပြ ယူနိုင်းအမ်မရီက ဖွင့်ဟပြောကြားသွားခဲ့သည်။

ယူအီးအက်ဖ်အေ စည်းကမ်းထိန်းသိမ်းရေး ကော်မတီသည် ဆဲလ်တစ်ကို လွန်ခဲ့သည့် ခြောက်နှစ်တာ ကာလအတွင်း ဥရောပပွဲစဉ်များတွင် စည်းကမ်းပိုင်းဆိုင်ရာ ဖောက်ဖျက်ခဲ့ခြင်းများအတွက် ၁၁ ကြိမ် အရေးယူခဲ့ပြီးဖြစ်ကာ ယခုပြစ်မှုအတွက် ဆဲလ်တစ်မှာ ကြီးလေးသည့် ဒဏ်ငွေပြစ်ဒဏ်တစ်ရပ် ချမှတ်ခံရနိုင်ကြောင်း ဆက်စပ် သတင်းများလည်း ထွက်ပေါ်နေသည်။