News

POST TYPE

SPORTS

ရီးရဲလ်မက်ဒရစ်ရဲ့ ဂိုးပြတ်နိုင်ပွဲကို မျှော်လင့်ရင်ခုန်ရင်း ဖြတ်သန်းကြရမယ့် ချန်ပီယံလိဂ် ဒုတိယမြောက်ည
13-Sep-2017 tagged as


ချန်ပီယံလိဂ်အုပ်စုပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ဒီကနေ့ညမှာတော့ လက်ကျန် ချန်ပီယံလိဂ်အုပ်စု လေးခုရဲ့ အုပ်စုအဖွင့် ပွဲစဉ်တွေကို ဆက်လက် ယှဉ်ပြိုင်ကစားသွားစေမှာ ဖြစ်ပါတယ်။ လီဗာပူးနဲ့ စပါးတို့ဟာ ပြိုင်ဘက်တွေကို အိမ်ကွင်းမှာ လက်ခံကစားရမှာ ဖြစ်ပေမယ့် သတိကြီးကြီးထားပြီး အမှားအယွင်း မရှိရလေအောင် ကစားနိုင်မှ ရလဒ်ကောင်းနိုင်မှာပါ။ စီရော်နယ်ဒို ပွဲပယ်ခံထားရတာကြောင့် လာလီဂါမှာ ပုံစံကောင်းရဖို့ ရုန်းကန်နေရတဲ့ ရီးရဲလ်မက်ဒရစ်ကလည်း ဒီညမှာ စီရော်နယ်ဒိုကြောင့် ဂိုးပြတ်နိုင်ပွဲတစ်ပွဲ ပိုင်ဆိုင်ရရှိသွားလေမလား စောင့်ကြည့်ကြရမှာပါပဲ။ ရှက်တာဒိုးနက်နဲ့ နာပိုလီတို့ပွဲစဉ်ကတော့ တိုက်စစ်ချင်းအားပြိုင်ပြီး ဘောလုံးရသ အပြည့်အဝပေးမယ့် ပွဲကောင်းတစ်ပွဲ ဖြစ်လာပါလိမ့်မယ်။

ဖီယင်နု - မန်စီးတီး

မန်စီးတီးအသင်းတာဝန်ရှိသူတွေရဲ့ ရည်မှန်းချက်ကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် နည်းပြဂွါဒီယိုလာ ကြိုးပမ်းရပါတော့မယ်။ အယ်လ်အာမာဒီ၊ တွန်းစထရာ၊ ဘတ်ဂ်ျဟူအစ်နဲ့ ဂျော်ဂျင်ဆန်တို့လို ကစားသမားကောင်းတွေ ရှိနေတဲ့ ဖီယင်နုဟာ အိမ်ရှင်အားသာချက်ကို လက်ကိုင်ပြုပြီး မန်စီးတီးကို အပြန်အလှန် ယှဉ်ကစားသွားမှာပါ။ ပြည်တွင်းအမှတ်ပေးပြိုင်ပွဲမှာ ပွဲစဉ် လေးပွဲ ပါဝင်ကစားခွင့်ရရှိပြီး သွင်းဂိုးလေးဂိုးအထိ ရယူပေးထားတဲ့ ဖီယင်နုတိုက်စစ်မှူး ဘတ်ဂ်ျဟူအစ်ကို မန်စီးတီးခံစစ်မှူးတွေ ခက်ခက်ခဲခဲ ထိန်းချုပ်သွားကြရဖို့ ရှိပါတယ်။ မန်စီးတီး နိုင်ခဲ့ရင်တောင် ကပ်နိုင်ရုံလောက်ပဲဖြစ်မှာပါ။ ဖီယင်နုကို ရွေးသင့်တယ်။

လီဗာပူး - ဆီဗီလာ

စပိန်လာလီဂါ ရာသီဖွင့်ပွဲစဉ် သုံးပွဲကို ရှုံးပွဲမရှိ မှတ်တမ်းနဲ့ဖြတ်သန်းထားတဲ့ ဆီဗီလာကို လီဗာပူး ခက်ခက်ခဲခဲ ကစားသွားရဖို့ ရှိနေပါတယ်။ လီဗာပူးရဲ့ အားနည်းချက်က ခံစစ်ကြောင်းပါပဲ။ ကစားခဲ့ပြီးတဲ့ ပြိုင်ပွဲအရပ်ရပ် ပွဲစဉ်ခြောက်ပွဲမှာ လီဗာပူးက ပေးဂိုး ၁၁ ဂိုးအထိ ရှိခဲ့ပါတယ်။ ဆီဗီလာက ယူရိုပါလိဂ်မှာ အရှိန်အဝါ ကြီးမားတဲ့အသင်း တစ်သင်းအဖြစ် ရပ်တည်ခဲ့ဖူးပေမယ့် ချန်ပီယံလိဂ်မှာတော့ ရုန်းကန်နေရဆဲပါပဲ။ ကစားခဲ့ပြီးတဲ့ ချန်ပီယံလိဂ် အဝေးကွင်းပွဲစဉ် ၁၁ ပွဲမှာ ဆီဗီလာက နှစ်ပွဲသာ အနိုင်ရခဲ့ပြီး ခြောက်ပွဲ ရှုံးနိမ့်ထားတာပါ။ မန်စီးတီးကို ငါးဂိုး ဂိုးမရှိနဲ့ အရှက်တကွဲ ရှုံးနိမ့်ခဲ့ရတဲ့ ဖိအားတွေကို ပြန်လည်ချေဖျက်ပြဖို့ လီဗာပူး ကြိုးပမ်းသွား ပါလိမ့်မယ်။ လီဗာပူးနဲ့ လက်တွဲထားလိုက်ပါ။

စပါး - ဒေါ့မွန်

စပါးဟာ ဝင်ဘလေကျိန်စာရဲ့ အဆိပ်သင့်ခြင်းကို ခံရလေဦးမလား စောင့်ကြည့်ကြရမယ့်ပွဲစဉ်ပါပဲ။ ကစားခဲ့ပြီးတဲ့ ပရီးမီးယားလိဂ် အိမ်ကွင်း ပွဲစဉ် နှစ်ပွဲမှာတော့ စပါးက တစ်ပွဲရှုံးပြီး တစ်ပွဲ သရေကျခဲ့ပါတယ်။ မနှစ်က ဘောလုံးရာသီတုန်းက စပါးဟာ ဝင်ဘလေကွင်းမှာ ချန်ပီယံလိဂ်အုပ်စု ပွဲစဉ်သုံးပွဲ ယှဉ်ပြိုင်ကစားခဲ့ပြီး အဲ့ဒီပွဲစဉ်သုံးပွဲမှာ တစ်ပွဲနိုင်၊ နှစ်ပွဲရှုံးရလဒ် ကို စပါးက ရင်ဆိုင်ခဲ့ရပါတယ်။ စပါးဟာ ပိတ်သိမ်းပြီးစီးသွားခဲ့တဲ့ နွေရာသီကာလ ကစားသမား အပြောင်းအရွှေ့ ဈေးကွက်မှာ အသင်းကို ကြီးကြီးမားမား အင်အားဖြည့်တင်းတာမျိုး မလုပ်ခဲ့ပါဘူး။ ဒေါ့မွန်ကတော့ ဒမ်ဘီလီကို ဘာစီလိုနာဆီ ရောင်းထုတ်လိုက်ပေမယ့် ပုံမှန်စွမ်းဆောင်ရည်ကို ဆက်လက် ထိန်းသိမ်းထားနိုင်ဆဲပဲ ဖြစ်ပါတယ်။ သရေကျဖို့ ရာခိုင်နှုန်း များတဲ့ပွဲစဉ်ပါ။ ဒေါ့မွန်ကို အားပေးမယ်။

လိုက်ပ်ဇစ်ဂ်ျ - မိုနာကို

လိုက်ပ်ဇစ်ဂ်ျနဲ့ မိုနာကိုအကြားမှာ အကြီးမားဆုံး ကွာဟချက်လို့ ပြောရမှာက ဥရောပပြိုင်ပွဲ အတွေ့အကြုံပါပဲ။ မနှစ်က ဘောလုံးရာသီမှာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်အဆင့်ဆီ တက်လှမ်းရောက်ရှိခဲ့တဲ့ မိုနာကိုအနေနဲ့ ဒီနှစ်မှာ အဲ့ဒီစွမ်ဆောင်ရည်ကို ဆက်ထိန်းထားနိုင်လေဦးမလား စောင့်ကြည့်ကြရပါလိမ့်မယ်။ ပြည်တွင်း အမှတ်ပေးပွဲစဉ် ငါးပွဲမှာ သွင်းဂိုးခုနစ်ဂိုးအထိ ရယူထားတဲ့ မိုနာကို တိုက်စစ်မှူး ဖယ်လ်ကာအိုကို လိုက်ပ်ဇစ်ဂ်ျ ခံစစ်မှူးတွေ ခက်ခက်ခဲခဲ ထိန်းချုပ်ကြရမှာပါ။ ဂျာမနီအသင်းတွေရဲ့ ဂုဏ်သတ္တိက အိမ်ကွင်း စွမ်းဆောင်ရည် ကောင်းမွန်ခြင်းပါပဲ။ တိုက်စစ်ချင်း အပြန်အလှန် ယှဉ်ကစားတဲ့ ပွဲကောင်းတစ်ပွဲ ဖြစ်လာပါလိမ့်မယ်။ လိုက်ပ်ဇစ်ဂ်ျနဲ့ စွန့်စားလိုက်ကြရအောင်လား။

မာရီဘော - စပါးတပ်မော်စကို

မာရီဘောဆီမှာ အရမ်းကိုကောင်းမွန်တဲ့ ချန်ပီယံလိဂ် မှတ်တမ်းတစ်ခု ရှိပါတယ်။ နောက်ဆုံး ယှဉ်ပြိုင်ကစားထားတဲ့ ချန်ပီယံလိဂ် အိမ်ကွင်းပွဲစဉ် ၁၀ ပွဲမှာ မာရီဘောက ငါးပွဲနိုင်၊ လေးပွဲသရေကျပြီး တစ်ပွဲတည်းသာ ရှုံးနိမ့်ထားတာပါ။ စပါးတပ်မော်စကိုကတော့ ၂၀၁၂ ခုနှစ်နောက်ပိုင်းမှာ ချန်ပီယံလိဂ်ကို ပထမဆုံးအကြိမ်အဖြစ် ပြန်လည် ပါဝင်ကစားခွင့် ရရှိခြင်းပဲ ဖြစ်ပါတယ်။ သမိုင်းမှတ်တမ်းကို ပြန်ပြောင်းငဲ့ကြည့်လိုက်မယ်ဆိုရင် စပါးတပ်မော်စကိုရဲ့ ချန်ပီယံလိဂ် နောက်ဆုံး ခြောက်ပွဲမှာ ငါးပွဲက အရှုံးရလဒ်နဲ့ အဆုံးသတ်ခဲ့ရတာကို တွေ့ရှိကြရမှာပါ။ ရုရှားကလပ် အသင်းတွေရဲ့ပင်ကိုယ်ဗီဇ ကိုယ်တိုင်ကလည်း အဝေးကွင်း စွမ်းဆောင်ရည် ညံ့ဖျင်းလွန်းပါတယ်။ မာရီဘောအတွက် အနိမ့်ဆုံးသရေပါပဲ။ မာရီဘောကိုရွေးပါ။

ပေါ်တို - ဘက်ဆစ်တပ်

ပေါ်တိုဟာ ပိတ်သိမ်းပြီးစီးသွားခဲ့တဲ့ နွေရာသီကာလ ကစားသမား အပြောင်းအရွှေ့ ဈေးကွက်မှာ အန်ဒရေးဆေးလ်ဗား၊ ဘရူနို မာတင် အင်ဒီနဲ့ ရူဘင်နီဗက်စ်တို့ကို ရောင်းထုတ်လိုက်တာကြောင့် အသင်းဟန်ချက် အနည်းငယ် ပျက်နေပါတယ်။ ဒါပေမဲ့ အိမ်ကွင်းပွဲစဉ်တွေဆိုရင် ပေါ်တိုက ဖိဖိစီးစီးနဲ့ အာရုံစိုက် ကစားတတ်လေ့ရှိလို့ ဘက်ဆစ်တပ် မလွယ်လောက်ပါဘူး။ နောက်ဆုံး ယှဉ်ပြိုင်ကစားထားတဲ့ ချန်ပီယံလိဂ် အိမ်ကွင်းပွဲစဉ် ၁၆ ပွဲမှာ ပေါ်တိုက ကိုးပွဲနိုင်၊ လေးပွဲသရေကျပြီး နှစ်ပွဲ ရှုံးနိမ့်ထားပါတယ်။ ရှုံးနိမ့်ခဲ့တဲ့ နှစ်ပွဲက ဘိုင်ယန်မြူးနစ်နဲ့ ချယ်လ်ဆီးတို့လို အသင်းတွေကို ရှုံးနိမ့်ခဲ့တာပါ။ တူရကီ ကလပ်အသင်းတွေရဲ့ ထုံးစံအတိုင်း ဘက်ဆစ်တပ်က အဝေးကွင်းမှာဆိုရင် စိတ်မချရပါဘူး။ ပေါ်တိုပဲ အောင်ပွဲခံပါလိမ့်မယ်။

ရီးရဲလ်မက်ဒရစ် - အေပိုးလ်

ဆိုက်ပရပ်စ်ကလပ် အေပိုးလ်အတွက် ရီးရဲလ်မက်ဒရစ်ဆီကနေပြီး ပညာယူဖို့သာ ဦးတည်ရပါလိမ့်မယ်။ လာလီဂါမှာ အိမ်ကွင်းပွဲစဉ် နှစ်ပွဲဆက်တိုက် သရေကျခဲ့တာကြောင့် ရင်ဆိုင်နေရတဲ့ ဖိအားတွေကို ရီးရဲလ်မက်ဒရစ် ချေဖျက်တော့မှာပါ။ လာလီဂါမှာ ငါးပွဲပယ်ပြစ်ဒဏ်ကြောင့် ပွဲထုတ် အသုံးပြုနိုင်ခြင်း မရှိသေးတဲ့ စီရော်နယ်ဒိုကို ချန်ပီယံလိဂ်အတွက် အင်ပြည့်အားပြည့် အသုံးပြုနိုင်ဖို့ ရှိနေတာက ရီးရဲလ်မက်ဒရစ်အတွက် အားတက်စရာပါပဲ။ အေပိုးလ်ဟာ ရီးရဲလ်မက်ဒရစ်ရဲ့ တိုက်စစ်ကို ခံစစ်သက်သက်နဲ့သာ တုံ့ပြန်ပြီး ဂိုးပြတ် မရှုံးအောင်ဘဲ ကာကွယ်သွားရပါလိမ့်မယ်။ ရီးရဲလ်မက်ဒရစ်ဟာ လိုအပ်တဲ့လေးဂိုးအကွာ ပြတ်သားမှုကို ကျိန်းသေပေါက် ရှာဖွေရယူနိုင်မှာပါ။ ရီးရဲလ်မက်ဒရစ်နဲ့ စွန့်စားခန်း ဖွင့်လိုက်ကြပါစို့။

ရှက်တာဒိုးနက် - နာပိုလီ

နှစ်သင်းလုံးက တိုက်စစ်ကို အားပြုကစားကြတာချင်း တူညီလို့ ဂိုးတွေ အပြန်အလှန်သွင်းတဲ့ ပွဲကောင်းတစ်ပွဲကို မြင်တွေ့ကြရပါလိမ့်မယ်။ ယူကရိန်းကလပ် ရှက်တာဒိုးနက်ဟာ အိမ်ကွင်းပွဲစဉ်တွေဆိုရင် ထိပ်သီး အသင်းကြီးတွေကိုတောင် အခက်တွေ့စေတတ်လေ့ရှိလို့ နာပိုလီ မလွယ်လောက်ပါဘူး။ နာပိုလီသာ တိုက်စစ်ကျွံဝင်သွားခဲ့ရင် တန်ပြန် တိုက်စစ်ကစားပုံ အရမ်း မြန်ဆန်လွန်းတဲ့ ရှက်တာဒိုးနက် အကြိုက်တွေ့သွားပါလိမ့်မယ်။ ရှက်တာဒိုးနက်ရဲ့ အဓိက ကစားသမားတွေဖြစ်ကြတဲ့ မာလော့စ်၊ ဖာရေးရာနဲ့ ဘားနတ်ဒ်တို့ကို နာပိုလီ ခက်ခက်ခဲခဲ ထိန်းချုပ်ရမှာပါ။ ရှက်တာဒိုးနက်ကို သဘောကျမိတယ်။

E-11

  • TAGS