News

POST TYPE

SPORTS

အမ်ဘတ်ပေကိုခေါ်ယူရန် ပီအက်စ်ဂျီထက် ငွေပိုပေး၍ ကမ်းလှမ်းခဲ့သည့် အသင်းများရှိကြောင်း ပီအက်စ်ဂျီဥက္ကဋ္ဌ အသိပေး
12-Sep-2017 tagged as ဘောလုံးအသင်း

ပဲရစ်၊ စက်တင်ဘာ ၁၂

ပီအက်စ်ဂျီဥက္ကဋ္ဌ အယ်လ်ခီလိုင်ဖီသည် မိုနာကိုတိုက်စစ်မှူး အမ်ဘတ်ပေကို ခေါ်ယူရန်အတွက် ၎င်းတို့ထက် ငွေပိုပေး၍ ကမ်းလှမ်းခဲ့သည့်အသင်းများစွာ ရှိခဲ့ကြောင်း ဖွင့်ဟပြောကြားလိုက်ပြီး ယင်းအသင်းများကို ငြင်းပယ်၍ အမ်ဘတ်ပေက ပီအက်စ်ဂျီကို ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း အယ်လ်ခီလိုင်ဖီက အသိပေးသွားခဲ့သည်ဟု Daily Mail က ဖော်ပြထားသည်။

အယ်လ်ခီလိုင်ဖီသည် အမ်ဘတ်ပေမှာ ပီအက်စ်ဂျီအတွက် အမှန်တကယ် ကစားပေးလိုစိတ် ရှိနေသည်ကို သိရှိလိုက်ရသည့်အတွက် အပြောင်းအရွှေ့ ဖြစ်မြောက်နိုင်မည့် နည်းလမ်းကို တွေးတောကြံဆကာ ပထမအဆင့်အဖြစ် အငှားဖြင့်ခေါ်ယူမည်ဟု မိုနာကိုထံ ကမ်းလှမ်းလိုက်ခြင်းဖြစ်ကြောင်း ရှင်းပြသွားခဲ့ပြီး အပြောင်းအရွှေ့ အမှန်တကယ် ဖြစ်မြောက်ချိန်တွင် ကာယကံရှင် အမ်ဘတ်ပေ အပါအဝင် အားလုံး ပျော်ရွှင်ခဲ့ရကြောင်းလည်း ၎င်းက ဆက်လက် ပြောကြားသွားခဲ့သေးသည်။

အယ်လ်ခီလိုင်ဖီသည် ဥရောပထိပ်သီး ကလပ်အသင်းကြီးများက အမ်ဘတ်ပေအတွက် ပြောင်းရွှေ့ကြေး သာမက လုပ်ခလစာ အကျိုးခံစားခွင့်ပါ ၎င်းတို့ထက် ပိုမိုပေး၍ ကမ်းလှမ်းခဲ့ကြခြင်း ဖြစ်သည်ဟု အသိပေးထားပြီး အမ်ဘတ်ပေက ပြင်သစ်နိုင်ငံတွင်သာ ကစားသမားဘဝ ဆက်လက် ဖြတ်သန်းခွင့်ရနိုင်ရန် ဆန္ဒရှိခဲ့သည့်အချက်ကလည်း ၎င်းတို့အတွက် ကံကောင်းမှုတစ်ရပ် ဖြစ်သွားခဲ့ကြောင်း အယ်လ်ခီလိုင်ဖီက ဝမ်းသာစကားဆိုသွားခဲ့သည်။

ပီအက်စ်ဂျီအသင်း တာဝန်ရှိသူများသည် အမ်ဘတ်ပေ အပြောင်းအရွှေ့ ဖြစ်မြောက်စေရန်အတွက် ကစားသမား၏ မိဘများနှင့် လွန်ခဲ့သည့်နှစ်လအတွင်း နှစ်ကြိမ်တိုင် တွေ့ဆုံခဲ့ပြီး အမ်ဘတ်ပေအတွက် ၎င်းတို့ အသုံးပြုမည့် ပြောင်းရွှေ့ကြေး ပေါင် ၁၆၆ သန်းမှာ ကစားသမားဖြစ်သူ၏ စွမ်းဆောင်ရည်နှင့် ထိုက်တန်မှုရှိသည်ကို များမကြာမီတွင် မြင်တွေ့ကြရလိမ့်မည်ဟုလည်း အယ်လ်ခီလိုင်ဖီက ဆက်လက် ပြောကြားသွားခဲ့သေးသည်။