News

POST TYPE

SPORTS

ဇန်နဝါရီကာလ အပြောင်းအရွှေ့ဈေးကွက်ကို အများသဘောတူညီချက်ဖြင့် ပိတ်သိမ်းရန် အသင်းကြီးများ စီစဉ်
11-Sep-2017 tagged as ဘောလုံးအသင်း


မက်ဒရစ်၊ စက်တင်ဘာ ၁၁

ဥရောပထိပ်သီး ကလပ်အသင်းကြီးများသည် ဇန်နဝါရီကာလ ကစားသမား အပြောင်းအရွှေ့ ဈေးကွက်ကို အများသဘောတူညီချက်ဖြင့် ပိတ်သိမ်းရန် ညှိနှိုင်းဆွေးနွေးနေကြပြီဖြစ်ကြောင်း Marca က ဖော်ပြထားသည်။

အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးသည် လွန်ခဲ့သည့် သီတင်းပတ် အနည်းငယ်ခန့်က ဇန်နဝါရီကာလ ကစားသမား အပြောင်းအရွှေ့ ဈေးကွက်ကို မထားရှိသင့်တော့ဘဲ ဖျက်သိမ်းပစ်လိုက်သင့်ပြီဖြစ်ကြောင်း ထောက်ပြခဲ့သေးကာ လက်ရှိတွင် ယင်းအစီအစဉ်ကို ဥရောပအသင်းကြီး အများစုက ထောက်ခံလာခဲ့သည့်အတွက် များမကြာမီတွင် အကောင်အထည် ပေါ်လာနိုင်ဖွယ် ရှိနေပြီဖြစ်ကြောင်း ဆက်စပ်သတင်းများလည်း ထွက်ပေါ်နေပြီဖြစ်သည်။

ဥရောပအသင်းကြီးများသည် နွေရာသီကာလ ကစားသမား အပြောင်းအရွှေ့ ဈေးကွက်တွင် အသင်းပြောင်းရန် အဆင်မပြေမှုများဖြင့် ရင်ဆိုင်ခဲ့ကြရသည့် ကစားသမားများမှာ လက်ရှိကလပ်အသင်းအတွက် အာရုံစူးစိုက်မှု အပြည့်ဖြင့် ကစားပေးခြင်း မရှိတော့ဘဲ ဇန်နဝါရီကာလ ကစားသမား အပြောင်းအရွှေ့ဈေးကွက် တစ်ကျော့ပြန်လည်ဖွင့်လှစ်ချိန်တွင် အသင်းပြောင်းရန်သာ အာရုံရောက်နေတတ်လေ့ ရှိသည်ဟူသော နည်းပြအာစင်ဝင်းဂါး၏ ပြောကြားချက်များကို အပြည့်အဝ လက်ခံထားကြပြီဖြစ်ကာ ဘော့စမန်စည်းမျဉ်းအရ အသင်းနှင့် ခြောက်လသာ စာချုပ်သက်တမ်း ကျန်ရှိတော့သော ကစားသမားများကို ပြည်ပကလပ်များက အကြိုသဘောတူညီမှုများ ရယူရန် ယင်းဇန်နဝါရီကာလ ကစားသမား အပြောင်းအရွှေ့ ဈေးကွက်တွင် ကြိုးပမ်းခွင့်ရှိသည့် အချက်မှာလည်း အသင်းတိုင်းအတွက် ထိုးနှက်ချက်သဖွယ် ဖြစ်လာခဲ့ပြီဟု အသင်းကြီးများက တညီတညွတ်တည်း ယူဆထားကြပြီဖြစ်သည်။

ဥရောပဘောလုံးအဖွဲ့ချုပ် (ယူအီးအက်ဖ်အေ) သည် ဇန်နဝါရီကာလ ကစားသမား အပြောင်းအရွှေ့ ဈေးကွက်ကို ၂၀၀၃ ခုနှစ်တွင် စတင် မိတ်ဆက်ခဲ့ခြင်းဖြစ်ကာ မန်ယူနည်းပြ မော်ရင်ညိုကမူ အသင်းအဓိက ကစားသမားအချို့ကို ဒဏ်ရာပြဿနာများဖြင့် လက်လွှတ်ထားရသော အသင်းများအတွက် ဇန်နဝါရီကာလ ကစားသမား အပြောင်းအရွှေ့ ဈေးကွက်မှာ အရေးပေါ် ကစားသမားခေါ်ယူမှု ဆောင်ရွက်ရန် အဆင်ပြေသည့်အတွက် ချင့်ချိန်နှိုင်းဆပြီးမှသာလျှင် ပိတ်သိမ်းရန် စဉ်းစားသင့်ကြောင်း ဝေဖန်ထောက်ပြထားသည်။