News

POST TYPE

SPORTS

ဟာသပြောလွန်းသည့်ဥက္ကဋ္ဌဟု ဘာတိုမြူကို နေမာ တုံ့ပြန်

ပဲရစ်၊ စက်တင်ဘာ ၆

ပီအက်စ်ဂျီတိုက်စစ်မှူး နေမာသည် ဘာစီလိုနာဥက္ကဋ္ဌ ဘာတိုမြူကို ၎င်းနှင့် ၎င်း၏အဖေအပေါ်တွင် ပေးအပ်ခဲ့သည့် မှတ်ချက်စကားအတွက် ဟာသပြောလွန်းသည့် ဥက္ကဋ္ဌဟု ခေါ်ဝေါ်ကာ ပြန်လည် တုံ့ပြန်လိုက်ပြီဖြစ်ကြောင်း Marca က ဖော်ပြထားသည်။

ဘာတိုမြူသည် ဘာစီလိုနာအနေနှင့် နေမာတို့ သားအဖကို ယုံကြည်မှု လွန်ကဲလိုက်ခြင်းက ကြီးစွာသော အမှားတစ်ခု ဖြစ်သွားခဲ့ရသည်ဟု ၎င်း၏ အင်စထရာဂရမ် လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားဖော်ပြလိုက်ပြီး ပီအက်စ်ဂျီထံသို့ နေမာပြောင်းရွှေ့ဖြစ်စေရန် နောက်ကွယ်က အဓိက ကြိုးကိုင်လှုပ်ရှားခဲ့သူမှာ နေမာ၏ဖခင်ဖြစ်သည်ဟု ဘာတိုမြူက ပြောကြားသွားခဲ့သေးသည်။

နေမာသည် ပီအက်စ်ဂျီထံသို့ ပြောင်းရွှေ့ခဲ့အပြီးတွင် ဘာစီလိုနာအသင်း တာဝန်ရှိသူများ၏ ထိုးနှက်တိုက်ခိုက်မှုများဖြင့် အဆက်မပြတ် ရင်ဆိုင်နေရပြီး ဘာစီလိုနာအသင်း တာဝန်ရှိသူများမှာ နေမာကို စာချုပ်သစ် လက်မှတ်ရေးထိုးချိန်၌ ၎င်းတို့ဘက်က ပေးချေခဲ့ရသည့် စာချုပ်လက်မှတ်ထိုးကြေးကို ပြန်လည် ရရှိလိုမှုဖြင့် အရပ်ဘက်တရားရုံးတွင် အမှုစွဲဆိုထားပြီလည်းဖြစ်သည်။

နေမာသည် ဘာစီလိုနာအသင်း ဒါရိုက်တာဘုတ်အဖွဲ့ကို အရည်အချင်းမရှိသူ အများစုက ဦးဆောင်နေသည့်အတွက် များမကြာမီ အချိန်အတွင်း အသင်းအရှိန်အဝါမှာ ယုတ်လျော့ကျဆင်းသွားတော့မည်ဖြစ်ကြောင်း ပြောကြား ဝေဖန်ထားပြီး လက်ရှိ ဘာစီလိုနာအစုအဖွဲ့မှာ ၎င်းရှိစဉ်ကထက် ပိုမိုအင်အားတောင့်တင်းသည်ဟူသော ဥက္ကဋ္ဌ ဘာတိုမြူ၏ပြောစကား မှန်၊ မမှန်ဆိုသည်ကိုလည်း အသင်းအားပေးသူ ပရိသတ်များကိုယ်တိုင် အကဲဖြတ်နိုင်လောက်ပြီဟု နေမာက အသိပေးထားသေးသည်။