POST TYPE

SPORTS

လက်ခလယ်ထောင်ပြခဲ့သည့်အကြောင်းရင်းကို အယ်လ်လီ ရှင်းလင်း
05-Sep-2017 tagged as ဘောလုံးအသင်း

လန်ဒန်၊ စက်တင်ဘာ ၅

အင်္ဂလန်လက်ရွေးစင် ကွင်းလယ်ကစားသမား ဒယ်လ်လီအယ်လ်လီသည် အင်္ဂလန်က ဆလိုဗက်ကီးယားကို နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ကမ္ဘာ့ဖလား ခြေစစ်ပွဲတွင် ၎င်းလက်ခလယ်ထောင်ပြခဲ့သည့် အကြောင်းရင်းကို ပြန်လည် ရှင်းလင်းသွားခဲ့ပြီဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။

အယ်လ်လီ လက်ခလေယ်ထောင်ပြသည့် လုပ်ရပ်ကို ဓာတ်ပုံသတင်းထောက်များနှင့် ရုပ်သံသတင်းထောက်များက အမိအရပင် မှတ်တမ်းတင်နိုင်ခဲ့ပြီး ယူအီးအက်ဖ်အေ စည်းကမ်းထိန်းသိမ်းရေး ကော်မတီကမူ ကွင်းလယ်ဒိုင်လူကြီးက အယ်လ်လီ၏လုပ်ရပ်ကို ပွဲအပြီး အစီရင်ခံစာတွင် မည်သို့မှတ်ချက်ပေး ဖော်ပြထားမည်ကို ကြည့်ရှုစစ်ဆေးပြီးမှသာ ၎င်းကို နောက်ဆက်တွဲ အရေးယူ သင့်၊ မသင့် ဆုံးဖြတ်ချက်ချမှတ်သွားမည်ဟု သတင်းထုတ်ပြန်ထားသည်။

သတင်း မီဒီယာများသည် အယ်လ်လီမှာ ကွင်းလယ်ဒိုင်လူကြီး တာပင်ကို လက်ခလယ်ထောင်ပြခြင်း ဖြစ်နိုင်သည်ဟု သုံးသပ်ရေးသားမှုများ ရှိနေပြီး အယ်လ်လီကမူ အဆိုပါ သတင်းဖော်ပြချက်များမှာ ထင်မြင်ယူဆချက်များသာ ဖြစ်သည်ဟု တုံ့ပြန်ပြောဆိုလိုက်ပြီဖြစ်သည်။

အယ်လ်လီသည် ၎င်းလက်ခလယ်ထောင်ပြလိုက်သည်မှာ ဒိုင်လူကြီးကို မဟုတ်ဘဲ လက်ရွေးစင်အသင်းဖော် ကိုင်လီဝေါ်ကာကိုဖြစ်သည်ဟု ရှင်းပြထားပြီး ကိုင်လီဝေါ်ကာကို နောက်ပြောင်လိုစိတ်သက်သက်ဖြင့် ယင်းသို့ လုပ်လိုက်မိခြင်းဖြစ်သည်ဟု အယ်လ်လီက ပြောကြားထားသည်။

အယ်လ်လီသည် ၎င်း၏လုပ်ရပ်အတွက် အများသူငါ စိတ်ပျက်ခဲ့သည်ကိုလည်း ပြန်လည် ဝန်ချတောင်းပန်သွားခဲ့ပြီဖြစ်ပြီး အင်္ဂလန်လက်ရွေးစင် အသင်းနည်းပြ ဆောက်ဂိတ်ကလည်း အယ်လ်လီ လက်ခလယ်ထောင်ပြသည်မှာ ကွင်းလယ်ဒိုင်လူကြီး တာပင်ကို ရည်ရွယ်ခြင်း မဟုတ်ဟု ကာကွယ်ပြောကြားထားပြီဖြစ်သည်။

ယူအီးအက်ဖ်အေ စည်းကမ်းထိန်းသိမ်းရေး ကော်မတီသည် အယ်လ်လီ၏ လက်ခလယ်ထောင်ပြမှုမှာ ဒိုင်လူကြီးဖြစ်သူကို ရည်ရွယ်သည့်သဘောပါသည်ဟု သတ်မှတ်ယူဆ၍ စွဲချက်တင်ခဲ့ပါက အဆုံးသတ်တွင် အယ်လ်လီမှာ သုံးပွဲပယ်ပြစ်ဒဏ် ချမှတ်ခံရသည့် အခြေအနေမျိုးဖြင့် ရင်ဆိုင်ရနိုင်ကြောင်း ဆက်စပ် သတင်းများလည်း ထွက်ပေါ်နေသည်။