News

POST TYPE

SPORTS

မက်ဆီနှင့် အင်နီယေစတာတို့၏ အပြောင်းအရွှေ့ သတင်းများကို ဘာစီလိုနာ ငြင်းဆန်
29-Aug-2017 tagged as ဘောလုံးအသင်း


ဘာစီလိုနာ၊ သြဂုတ် ၂၉

ဘာစီလိုနာအသင်း အားကစားဒါရိုက်တာ အေရိုင်ဒို ဘရိုင်ဒီသည် မက်ဆီနှင့် အင်နီယေစတာတို့ ဘာစီလိုနာကို စွန့်ခွာ၍ အသင်းပြောင်း ရွှေ့သွားကြဖွယ် ရှိနိုင်သည်ဟူသော သတင်းများကို ငြင်းဆန်ပယ်ချလိုက်ပြီး ယင်းကစားသမားများမှာ ကစားသမားဘဝ အဆုံးသတ်ချိန်တိုင်သည်အထိ ဘာစီလိုနာထံတွင် ရှိနေကြမည့်သူများဟု ဘရိုင်ဒီက အသိပေး ပြောကြားလိုက်ကြောင်း Daily Star က ဖော်ပြထားသည်။

အသက် ၃၃ နှစ်အရွယ်ရှိ အင်နီယေစတာသည် အသင်းထံသို့ ဘရာဇီးကွင်းလယ်ကစားသမား ပေါ်လင်ညို ပြောင်းရွှေ့ ရောက်ရှိလာသည့်အတွက် ပွဲထွက်ကစားခွင့် အာမခံချက် လျော့ကျသွားနိုင်သည့် အခြေအနေကို စတင်ရင်ဆိုင်နေရပြီဖြစ်ပြီး အကယ်၍ လီဗာပူးကွင်းလယ်လူ ကော်တင်ညိုကို ဘာစီလိုနာ ထပ်မံ ဝယ်ယူလိုက်နိုင်မည်ဆိုပါက အင်နီယေစတာမှာ အရန်အဖြစ်နှင့်သာ ကစားရရန် ရာနှုန်းပြည့်နီးပါး သေချာသွားတော့မည်ဖြစ်သည်။

စီးရီးအေကလပ် ဂျူဗင်တပ်အသင်းသည် အင်နီယေစတာကိုခေါ်ယူရန် စိတ်ဝင်စားမှုများ ရှိနေပြီး အားကစား ဒါရိုက်တာ ဘရိုင်ဒီကမူ ၎င်းတို့ အရောင်းစာရင်း တင်ထားသည့် ကစားသမားများအနက်တွင် မက်ဆီနှင့် အင်နီယေစတာတို့ ပါဝင်ခြင်း မရှိသည့်အတွက် ယင်းကစားသမားများကို ခေါ်ယူရန် စောင့်ကြည့်နေသော အသင်းများအနေနှင့် အချိန်ဖြုန်းတီးသကဲ့သို့သာ ဖြစ်နေလိမ့်မည်ဖြစ်ကြောင်း အသိပေးသွားခဲ့သည်။

မက်ဆီနှင့် ဘာစီလိုနာအသင်းအကြားတွင် ချုပ်ဆိုထားသည့် လက်ရှိစာချုပ်သည် သက်တမ်းအားဖြင့် တစ်နှစ်တည်းသာ ကျန်ရှိတော့ပြီး အသင်းဘက်က ကမ်းလှမ်းထားသည့် စာချုပ်သစ်ကို မက်ဆီက လက်ခံထားပြီဖြစ်သော်လည်း တရားဝင် လက်မှတ်ရေးထိုးရန်အတွက်မူ အချိန်ဆွဲနေဆဲဖြစ်သည်။

ဘာစီလိုနာသည် မက်ဆီကို လာမည့် ၂၀၁၈ ခုနှစ် ဇန်န၀ါရီလတိုင်သည်အထိ စာချုပ်သစ် တရားဝင် ချုပ်ဆိုနိုင်ခြင်း မရှိပါက ယင်းဇန်နဝါရီကာလ ကစားသမား အပြောင်းအရွှေ့ ဈေးကွက်အတွင်း ပြည်ပ ကလပ်များအနေနှင့် ဘော့စမန်စည်းမျဉ်းအရ မက်ဆီကို တရားဝင် ကမ်းလှမ်းဆက်သွယ်ခွင့် ရှိသွားတော့မည်ဖြစ်ပြီး ရာသီကုန်ဆုံးချိန်တွင် ဘာစီလိုနာမှာ မက်ဆီကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် လက်လွှတ်ပေးလိုက်ရလိမ့်မည်ဖြစ်သည်။

သတင်းမီဒီယာများနှင့် တွေ့ဆုံခဲ့ရာတွင် အားကစားဒါရိုက်တာ ဘရိုင်ဒီက “အင်နီယေစတာနဲ့ မက်ဆီတို့က ဘာစီလိုနာဆီမှာပဲ ဆက်ရှိသွားမယ့် ကစားသမားတွေပါ။ သူတို့က ဘဝတစ်ခုလုံးကို ဘာစီလိုနာဆီမှာပဲ မြှုပ်နှံသွားကြမယ့်သူတွေဖြစ်ပါတယ်။ မက်ဆီနဲ့ အင်နီယေစတာတို့ကို အသင်းဘက်ကလည်း အရောင်းဈေးကွက် တင်မထားပါဘူး။ အချိန်တန်ရင် သူတို့နှစ်ဦးနဲ့ အသင်းအကြားမှာ စာချုပ်သစ်တွေ အကောင်အထည် ပေါ်လာမှာပါ”ဟု ပြောကြားသွားခဲ့သည်။