News

POST TYPE

SPORTS

အဂူရိုကို အရေးယူပေးရန် ရဲတပ်ဖွဲ့ထံ တိုင်ကြားခဲ့သည့်အတွက် ဘုန်းမောက်ကို မန်စီးတီး ဒေါသထွက်
27-Aug-2017 tagged as ဘောလုံးအသင်း


မန်ချက်စတာ၊ သြဂုတ် ၂၇

မန်စီးတီးအသင်း တာဝန်ရှိသူများသည် ၎င်းတို့အသင်း၏ တိုက်စစ်မှူးဖြစ်သူ အဂူရိုကို ဘုန်းမောက်က လုံခြုံရေးဝန်ထမ်း တစ်ဦးအား တွန်းထိုးရန်ပြုမှုဖြင့် အရေးယူပေးပါရန် ရဲတပ်ဖွဲ့ထံသို့ တိုင်ကြားခဲ့သည်ကို ဒေါသပေါက်ကွဲနေကြောင်း Daily Star က ဖော်ပြထားသည်။

မန်စီးတီးက ဘုန်းမောက်ကို နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် အဆိုပါ ပရီးမီးယားလိဂ် ပွဲစဉ်တွင် ပွဲပြီးခါနီး နာကျင်အချိန်ပိုတွင် မန်စီးတီးကွင်းလယ်လူ စတာလင်းက အသင်းအတွက် အဖိုးတန်အနိုင်ဂိုး ရယူပေးခဲ့ပြီး ယင်းဂိုး သွင်းယူရရှိအပြီးတွင် အသင်းပရိသတ်များရှိရာ ပွဲကြည့်စင်ရှေ့သို့ မန်စီးတီးကစားသမားများ သွားရောက် အောင်ပွဲခံရာ၌ ယခုကဲ့သို့ မလိုလားအပ်သည့် နောက်ဆက်တွဲ ပြဿနာများ ပေါ်ပေါက်လာခဲ့ရခြင်းဖြစ်သည်။

ဘုန်းမောက်အသင်းက ခန့်အပ်ထားသည့် ကွင်းလုံခြုံရေးဝန်ထမ်းများနှင့် တာဝန်ကျ ရဲအရာရှိများသည် မန်စီးတီး ပရိသတ်များနှင့် မန်စီးတီး ကစားသမားများ ဝရုန်းသုန်းကား အောင်ပွဲခံခဲ့သည့် အခြေအနေကို ခက်ခက်ခဲခဲ ဟန့်တားထိန်းချုပ်ခဲ့ရပြီး ယင်းအချိန်တွင် ကွင်းလုံခြုံရေးဝန်ထမ်းတစ်ဦးက တစ်စုံတစ်ဦး၏ တိုက်ခိုက်မှုကြောင့် မြေပြင်ထက်သို့ လဲကျသွားခဲ့ခြင်းဖြစ်သည်။

ဘုန်းမောက်အသင်းသည် ကွင်းလုံခြုံရေးဝန်ထမ်း၏ ပြောစကားများကို သက်သေထား၍ အဂူရိုက ၎င်းတို့၏ကွင်းဝန်ထမ်းကို တိုက်ခိုက်ခဲ့သည်ဟု စွပ်စွဲခဲ့ခြင်းဖြစ်ကာ လက်ရှိတွင်မူ ရုပ်သံမှတ်တမ်းနှင့် ဓာတ်ပုံမှတ်တမ်းများအရ တိုက်ခိုက်သူမှာ အဂူရို မဟုတ်ဘဲ ပရိသတ်တစ်ဦးဦးသာ ဖြစ်နိုင်ကြောင်း သက်သေ အချက်အလက်များ ထွက်ပေါ်လာခဲ့သည့်အတွက် မန်စီးတီးအသင်းတာဝန်ရှိသူများက ဘုန်းမောက်အသင်းမှာ ၎င်းတို့၏ကစားသမားကို ချောက်ချရန်ကြံစည်သည်ဟု တုံ့ပြန်စွပ်စွဲလိုက်ပြီဖြစ်သည်။

ရဲတပ်ဖွဲ့တာဝန်ရှိသူများသည် ဘုန်းမောက်ကွင်း လုံခြုံရေးဝန်ထမ်း တိုက်ခိုက်ခံရမှုဖြစ်စဉ်ကို အမှုမှန် အမြန်ဆုံး ဖော်ထုတ်နိုင်ရန် ကြိုးပမ်းဆောင်ရွက်နေပြီး လက်ရှိတွင် ယင်းဖြစ်စဉ်နှင့် ဆက်နွှယ်ပတ်သက်သည်ဟု ယူဆရသော ပရိသတ်နှစ်ဦးကို ဖမ်းဆီးထိန်းသိမ်းကာ စစ်ဆေးမေးမြန်းမှု စတင်နေပြီလည်းဖြစ်သည်။