News

POST TYPE

SPORTS

လာလီဂါဒိုင်လူကြီးများမှာ ပရီးမီးယားလိဂ် ဒိုင်လူကြီးများကဲ့သို့ ပွဲဖြစ်ရပ်များကို မှန်ကန်စွာ သုံးသပ်နိုင်ခြင်း မရှိကြောင်း ရာမို့စ် ပြစ်တင်ဝေဖန်
21-Aug-2017 tagged as ဘောလုံးအသင်း

မက်ဒရစ်၊ သြဂုတ် ၂၁

ရီးရဲလ်မက်ဒရစ် အသင်းခေါင်းဆောင် ဆာဂျီယို ရာမို့စ်သည် ရီးရဲလ်မက်ဒရစ်က ဒီပို့တီဗိုကို သုံးဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သည့် လာလီဂါပွဲစဉ်တွင် နှစ်ဝါတစ်နီ ပြသထုတ်ပယ် ခံခဲ့ရခြင်းအတွက် ကွင်းလယ်ဒိုင်လူကြီး ဟိုဆေး လူးဝစ္စ ဂွန်ဇာလက်ဇ်ကို ပြင်းပြင်းထန်ထန် ဝေဖန်ပြစ်တင်သွားခဲ့ကြောင်း Sportmail က ဖော်ပြထားသည်။

ရာမို့စ်သည် လာလီဂါပြိုင်ပွဲတွင် တာဝန်ထမ်းဆောင်နေသည့် ဒိုင်လူကြီးများမှာ ပွဲဖြစ်ရပ်များကို သုံးသပ်ရာတွင် ပရီးမီးယားလိဂ် ဒိုင်လူကြီးများကို မမီကြောင်း အသိပေးသွားခဲ့ပြီး လာလီဂါဒိုင်လူကြီးများအနေနှင့် ဥရောပအဆင့်ကို လိုက်မီရန်အတွက် လိုအပ်ချက်များစွာ ရှိနေကြောင်းလည်း ရာမို့စ်က မကျေမချမ်း ပြောကြားသွားခဲ့သေးသည်။

ရာမို့စ်သည် ဒီပို့တီဗိုနှင့် ရီးရဲလ်မက်ဒရစ်တို့ ယှဉ်ပြိုင်ကစားခဲ့သည့် အဆိုပါ လာလီဂါ ရာသီဖွင့်ပွဲစဉ်တွင် ပွဲကစားချိန် ၅၃ မိနစ်၌ ဒီပို့တီဗိုနောက်ခံလူ ဖေဘီယန်ရှား၏ မျက်နှာကို တွန်းထိုးခဲ့သည့်အတွက် အဝါကတ် တစ်ကြိမ်၊ ပွဲပြီးခါနီး နာကျင်အချိန်ပိုတွင် အခြားသော ဒီပို့တီဗိုကစားသမား တစ်ဦးဖြစ်သည့် ဘော်ဂျာဗယ်လ်လီကို တံတောင်ဖြင့် တွန်းထိုးခဲ့သည့်အတွက် အဝါကတ်တစ်ကြိမ် ပြသခံခဲ့ရပြီး နှစ်ဝါ တစ်နီထိခဲ့ခြင်းဖြစ်ကာ အဝါကတ်တစ်ကြိမ် ထိထားနှင့်ပြီးဖြစ်သော ကစားသမားတစ်ဦးကို အဝါကတ် နောက်တစ်ကြိမ် ထပ်မံပြသမည်ဆိုပါက ဒိုင်လူကြီးဘက်က စဉ်းစားချင့်ချိန်မှု များစွာ လုပ်သင့်သည်ဟုလည်း ရာမို့စ်က ထောက်ပြသွားခဲ့သေးသည်။

သတင်းမီဒီယာများနှင့် တွေ့ဆုံခဲ့ရာတွင် ရာမို့စ်က “ဒီပို့တီဗိုကစားသမား ဘတ်ခ်ကာလီ အနာတရဖြစ်ပြီး လဲကျနေချိန်မှာ ကျွန်တော်တို့က ဘောလုံးကို ကွင်းပြင်ဆီ ကန်မထုတ်ပေးခဲ့လို့ဆိုပြီး ဖေဘီယန်ရှားက ကျွန်တော့်ကို ခေါင်းချင်းလာဆိုင်ပါတယ်။ ဘာလို့ ကန်ထုတ်ပေးရမှာလဲဗျာ။ အဲ့ဒီမတိုင်ခင်တုန်းက ကျွန်တော်တို့ဘက်က ကစားသမားတစ်ယောက် အနာတရ ဖြစ်နေချိန်မှာ သူတို့လုပ်ခဲ့တဲ့အတိုင်း ကျွန်တော်တို့ ပြန်လုပ်လိုက်တာပါပဲ။ ကျွန်တော့်ကို ခေါင်းချင်းလာဆိုင်တော့ သူ့ကို ကျွန်တော် ပြန်တွန်းထုတ်လိုက်ပါတယ်။ ဒါဟာ ဖေဘီယန်ရှား အနာတရ ဖြစ်မသွားရလေအောင် ကျွန်တော့်ဘက်က ရွေးချယ်လိုက်တဲ့ အကောင်းဆုံး နည်းလမ်းပါပဲ။ ဒါပေမဲ့ ဒိုင်လူကြီးက အဝါကတ် ပြသခဲ့ပါတယ်။ ပွဲပြီးခါနီးမှာလည်း ဗယ်လ်လီနဲ့ ဘောလုံးယှဉ်လုချိန်မှာ တံတောင်ကို သုံးတယ်ဆိုပြီး ကျွန်တော့်ကို ဒိုင်လူကြီးက အဝါကတ် ထပ်ပြပြန်ပါတယ်။ တကယ်က အဝါကတ် တစ်ကြိမ်ပြပြီးသား ကစားသမားကို သူ့အနေနဲ့ အနိမ့်ဆုံးအဖြစ် ခေါ်ယူသတိပေးစကားဆိုပြီး နောက်တစ်ကြိမ် ပြစ်ဒဏ် ကျူးလွန်မှု ထပ်လုပ်မှ ထုတ်ပယ်သင့်တာပါ။ ဒါကြောင့် လာလီဂါဒိုင်လူကြီးတွေက ဥရောပမှာ တန်းဝင်ဒိုင်လူကြီးတွေ ဖြစ်မလာကြတာ ဖြစ်ပါတယ်။ လာလီဂါဒိုင်လူကြီးတွေဟာ ပရီးမီးယားလိဂ် ဒိုင်လူကြီးတွေကို အတုယူသင့်နေပါပြီ။ ဒါမှပဲ တိုးတက်လာတဲ့ ဘောလုံးလောကနဲ့ လိုက်လျောညီထွေ ဖြစ်နိုင်မှာပါ”ဟု ရာမို့စ်က ပြောကြားသွားခဲ့သည်။

ရာမို့စ်သည် ရီးရဲလ်မက်ဒရစ်ထံတွင် ကစားသမားဘဝ ဖြတ်သန်းနေစဉ်ကာလအတွင်း ၂၃ ကြိမ်မြောက် အနီကတ်ပြသ ထုတ်ပယ်ခံရခြင်းဖြစ်ပြီး ယင်းအနီကတ်များကို လာလီဂါပြိုင်ပွဲတွင် ၁၈ ကြိမ်၊ ချန်ပီယံလိဂ်ပြိုင်ပွဲတွင် သုံးကြိမ်၊ စပိန်ဘုရင့် ဖလားပြိုင်ပွဲတွင် နှစ်ကြိမ် ရာမို့စ်က ထိခဲ့ခြင်းဖြစ်သည်။