News

POST TYPE

SPORTS

အပြောင်းအရွှေ့အတွက် စာရွက်စာတမ်း လွှဲပြောင်းမှုတွေ ပြီးစီးသွားခဲ့ပြီဖြစ်လို့ ပီအက်စ်ဂျီအတွက် နေမာ ပွဲထွက်ခွင့်ရပြီ
12-Aug-2017 tagged as နေမာ

ပီအက်စ်ဂျီအသင်း တိုက်စစ်မှူးသစ် နေမာဟာ ဂူအင်ဂမ့်နဲ့ ယှဉ်ပြိုင်ရမယ့် အခုတစ်ပတ် ပြင်သစ်လီဂူးပွဲစဉ်မှာ အသင်းအတွက် စတင်ပွဲထွက်ကစားခွင့် ရသွားခဲ့ပြီပဲ ဖြစ်ပါတယ်။

ပီအက်စ်ဂျီနဲ့ ဘာစီလိုနာအသင်းအကြားမှာ နေမာ အပြောင်းအရွှေ့ကို ပြီးခဲ့တဲ့ သီတင်းပတ် သောကြာနေ့ကတည်းက အောင်မြင်စွာ အဆုံးသတ်ထားနိုင်ခဲ့တာ ဖြစ်ပေမယ့် စပိန်ဘောလုံးအဖွဲ့ချုပ်ဘက်ကနေပြီး ပြင်သစ်ဘောလုံးအဖွဲ့ချုပ်ဆီကို အပြောင်းအရွှေ့ဆိုင်ရာ စာရွက်စာတမ်း လွှဲပြောင်းပေးမှုတွေ အချိန်ကြန့်ကြာနေခဲ့လို့ အေမိန်းစ်ကို နှစ်ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ပြင်သစ်လီဂူး ရာသီဖွင့်ပွဲစဉ်မှာ ပီအက်စ်ဂျီက နေမာကို အသုံးပြုခွင့် မရခဲ့ပါဘူး။

အစောပိုင်းက နေမာအပြောင်းအရွှေ့အတွက် စာရွက်စာတမ်း လွှဲပြောင်းမှုတွေဟာ ၁၀ ရက်လောက် အချိန်ထပ်ကြာဦးမှာ ဖြစ်လို့ ဂူအင်ဂမ့်နဲ့ ပွဲစဉ်မှာတောင် ပီအက်စ်ဂျီအတွက် နေမာ ပွဲထွက်နိုင်ဖို့ မရှိလောက်ဘူးလို့ သတင်းတွေ ထွက်ခဲ့ပါသေးတယ်။

အဲ့ဒီလိုအခြေအနေတွေ ဖြစ်ပေါ်လာခဲ့အပြီးမှာ ပီအက်စ်ဂျီအသင်း တာဝန်ရှိသူတွေက ဖီဖာအုပ်ချုပ်ရေး ကော်မတီကို ကြားဝင်ပေးဖို့ အကူအညီတောင်းခဲ့ပြီး အဲ့ဒီလို အကူအညီ တောင်းလိုက်ပြီးတဲ့နောက် ရက်အနည်းငယ်အတွင်းမှာတင် နေမာအပြောင်းအရွှေ့အတွက် စာရွက်စာတမ်း လွှဲပြောင်းပေးပို့မှုက အပြီးသတ်သွားခဲ့တာပါ။

ပီအက်စ်ဂျီဟာ နေမာကို ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ပမာဏ ပေါင် ၁၉၈ သန်း အသုံးပြုပြီး ဘာစီလိုနာဆီကနေ ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။

“နေမာ ကစားတာကို မြင်တွေ့ခွင့်ရချင်နေတဲ့ ပီအက်စ်ဂျီ ပရိသတ်တွေရဲ့မျှော်လင့်ချက်တွေ အကောင်အထည် ပေါ်လာတော့မှာပါ။ ပြင်သစ်ဘောလုံးအဖွဲ့ချုပ်က သူတို့ဆီကို နေမာ အပြောင်းအရွှေ့နဲ့ သက်ဆိုင်တဲ့ စာရွက်စာတမ်းအားလုံး ရောက်ရှိလာပြီ ဖြစ်ကြောင်း အကြောင်းကြားလာခဲ့တဲ့အတွက် နေမာကို အသင်းကစားသမားအဖြစ် ကျွန်တော်တို့ မှတ်ပုံတင်လိုက်နိုင်ပါပြီ။ ဒါကြောင့် ဂူအင်ဂမ့်နဲ့ပွဲစဉ်မှာ အသင်းအတွက် နေမာ ကစားပေးတာကို မြင်တွေ့ခွင့် ရနိုင်တော့မှာပါ” ဆိုတာက နေမာကို အသင်းကစားသမားအဖြစ် တရားဝင် မှတ်ပုံတင်လိုက်နိုင်ပြီ ဖြစ်ကြောင်း ပီအက်စ်ဂျီရဲ့ တရားဝင် ထုတ်ပြန်ကြေညာချက်ပါပဲ။