News

POST TYPE

SPORTS

နောက်ထပ် ကစားသမားတစ်ယောက် ထပ်မရခဲ့လို့ ညည်းတွားငိုယိုနေမှာ မဟုတ်ဘူးလို့ ပြောလိုက်တဲ့ မော်ရင်ညို
မန်ယူနည်းပြ မော်ရင်ညိုက သူ့အနေနဲ့ လက်ရှိနွေရာသီကာလ ကစားသမား အပြောင်းအရွှေ့ဈေးကွက်ထဲမှာ နောက်ထပ် ကစားသမားသစ်တစ်ယောက် ထပ်ပြီး ခေါ်ယူမရရှိခဲ့ရင် ညည်းတွားငိုယိုနေမှာ မဟုတ်ကြောင်း ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

မော်ရင်ညိုဟာ သူ့ရဲ့ရည်ရွယ်ချက်က ကစားသမားသစ် လေးယောက်အထိ ခေါ်ယူရရှိရေး ဖြစ်ပေမယ့် သုံးယောက်နဲ့သာ ကျေနပ်ခဲ့ရမယ် ဆိုရင်လည်း ၇၅ ရာခိုင်နှုန်း ပမာဏ အောင်မြင်မှုဖြစ်လို့ ကျေနပ်သွားမှာသာ ဖြစ်ကြောင်း အသိပေးသွားခဲ့ပါတယ်။

မော်ရင်ညိုဟာ တိုက်စစ်တောင်ပံကစားသမား တစ်ယောက် ထပ်မံခေါ်ယူဖို့ ပြင်ဆင်နေပေမယ့် ဈေးကွက်အခြေအနေအရ အခက်အခဲတွေ ရှိနေပါတယ်။

မော်ရင်ညိုဟာ မန်ယူအတွက် ပီရီဆစ်နဲ့ ဂါရတ်ဘေးလ်တို့ နှစ်ယောက်အနက်ကနေပြီး တစ်ယောက်ကို ခေါ်ယူနိုင်ဖို့ ဆန္ဒရှိနေတာပါ။

မော်ရင်ညိုက သူ့အနေနဲ့ ကစားသမားသစ် ထပ်မခေါ်ပေးလို့ တစ်ခြားနည်းပြတွေလိုမျိုး အသင်းဘုတ်အဖွဲ့ကို ဖိအားပေးတာမျိုး လုပ်သွားဖို့ မရှိဘူးလို့လည်း ဖွင့်ဟပြောကြားသွားခဲ့ပါတယ်။

“ကစားသမားသစ် လေးယောက် ခေါ်ယူချင်တယ်လို့ ကျွန်တော် ပြောထားပြီးသားပါ။ ဒါရိုက်တာဘုတ်အဖွဲ့ဘက်က သုံးယောက်ကို ခေါ်ယူပေးခဲ့ပြီးပါပြီ။ ဒီတော့ သူတို့ဘက်က တာဝန်ကျေတယ်လို့ ပြောနိုင်ပါတယ်။ ဒါဟာ ၇၅ ရာခိုင်နှုန်း အောင်မြင်မှုပါပဲ။ နောက်ထပ် ၂၅ ရာခိုင်နှုန်းအတွက် လာမယ့်သြဂုတ်လ ၃၁ ရက်နေ့ မတိုင်ခင်အထိ ကျွန်တော်တို့မှာ ကြိုးပမ်းခွင့် ရှိပါတယ်။ အောင်မြင်ခဲ့ရင်တော့ ကျေနပ်စရာပါပဲ။ မအောင်မြင်ခဲ့ရင်လည်း ကျွန်တော်ကတော့ ဘုတ်အဖွဲ့ကို အပြစ်တင်မယ့် လူစားမျိုး မဟုတ်ပါဘူး။ အခုပိုင်ဆိုင်ထားတဲ့ ကစားသမား အစုအဖွဲ့နဲ့ အသင်းကို အကောင်းဆုံးဖြစ်အောင် ပြင်ဆင်သွားမှာပါ” ဆိုတာက မော်ရင်ညိုရဲ့ ဖွင့်ဟပြောကြားချက်တွေပါပဲ။