News

POST TYPE

SPORTS

ဂျူဗင်တပ်သို့ ပြောင်းရွှေ့ရန် မာတစ် လိုက်လျောပေးမည်၊ ပြောင်းရွှေ့ကြေး သတ်မှတ်ထားမှုကို လျှော့ပေးရန် တောင်းဆို
17-Jul-2017 tagged as ချယ်လ်ဆီး

တူရင်၊ ဇူလိုင် ၁၇

ချယ်လ်ဆီးအသင်း ကွင်းလယ်ကစားသမား မာတစ်သည် အသင်းတာဝန်ရှိသူများဘက်က ဆန္ဒရှိသည့်အတိုင်း ဂျူဗင်တပ်ထံသို့ ပြောင်းရွှေ့ပေးရန် ၎င်းဘက်က လိုက်လျော သဘောတူပေးမည်ဟု ကတိပြုလိုက်ပြီဖြစ်ပြီး ယင်းအပြောင်းအရွှေ့ အဆင်ပြေစေရန်အတွက် လိုအပ်လာခဲ့ပါက ချယ်လ်ဆီးဘက်က ပြောင်းရွှေ့ကြေးကို လျှော့ချ ဆွေးနွေးပေးရမည်ဟု မာတစ်ဘက်ကလည်း ပြန်လည် တောင်းဆိုထားကြောင်း ချယ်လ်ဆီးအသင်း တာဝန်ရှိသူတစ်ဦးက ဖွင့်ဟ ပြောကြားသွားခဲ့သည်ဟု Corrie Dello Sport က ဖော်ပြထားသည်။

မာတစ်သည် ချယ်လ်ဆီးထံသို့ မိုနာကိုကွင်းလယ် ကစားသမား ဘာကာယိုကို ပြောင်းရွှေ့ ရောက်ရှိလာခဲ့အပြီးတွင် အသင်းပြောင်းရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်ပြီး အစောပိုင်း၌ မာတစ်ကို မန်ယူထံသို့ ရောင်းထုတ်ပေးရန် ချယ်လ်ဆီးက အစီအစဉ် ရှိခဲ့သော်လည်း ၎င်းတို့ခေါ်ယူလိုသည့် အဓိကပစ်မှတ် ကစားသမားတစ်ဦးဖြစ်သည့် အဲဗာတန်တိုက်စစ်မှူး လုကာကုကို မန်ယူက ကြားဖြတ် ခေါ်ယူသွားခဲ့အပြီးတွင် ချယ်လ်ဆီးတာဝန်ရှိသူများက သဘောထား ပြောင်းလဲသွားခဲ့ကြခြင်းဖြစ်သည်။

ချယ်လ်ဆီးသည် မာတစ်၏တန်ကြေးကို ပေါင်သန်း ၄၀ သတ်မှတ်ထားပြီး အစောပိုင်း၌ ဂျူဗင်တပ်၊ မန်ယူတို့နှင့်အပြိုင် မာတစ်ကို ခေါ်ယူရန် စိတ်ဝင်စားခဲ့သော အင်တာမီလန်မှာ လက်ရှိတွင် ပြောင်းရွှေ့ကြေး ပမာဏ မြင့်မားခြင်းကို အကြောင်းပြု၍ နောက်ဆုတ်သွားခဲ့ပြီဖြစ်သည်။

ဂျူဗင်တပ်သည် မာတစ်ကို ခေါ်ယူရေးတွင် ပြောင်းရွှေ့ကြေး ပမာဏ ပေါင်သန်း ၃၀ ဝန်းကျင်သာ အသုံးပြုဖွယ်ရှိနေပြီး လက်ရှိတွင် အသက် ၂၃ နှစ်အရွယ် ဖီအိုရင်တီးနား တိုက်စစ်မှူး ဘာနာဒက်စ်ချီကို ခေါ်ယူရန်အတွက် ဂျူဗင်တပ်က ပြောင်းရွှေ့ကြေး သဘောတူညီမှု ရရှိလိုက်ပြီလည်းဖြစ်သည်။

ဂျူဗင်တပ်သည် ဘာနာဒက်စ်ချီကို ခေါ်ယူရန်အတွက် ပြောင်းရွှေ့ကြေး ပမာဏ ပေါင် ၃၅ သန်း အသုံးပြုလိုက်ရပြီး ၎င်းတို့အနေနှင့် အမေရိကန် ပြည်ထောင်စုသို့ သွားရောက်မည့် ရာသီကြို ခြေစမ်းခရီးစဉ် မတိုင်မီတွင် ဘာနာဒက်စ်ချီ အပြောင်းအရွှေ့ကို တရားဝင် အပြီးသတ်ကာ ၎င်းကိုပါ ယင်းခြေစမ်းခရီးသို့ တစ်ပါတည်း ခေါ်ယူသွားလိုကြောင်း ဂျူဗင်တပ်နည်းပြ အယ်လ်လီဂရီက အသိပေးထားပြီလည်းဖြစ်သည်။