News

POST TYPE

SPORTS

ချယ်လ်ဆီးပစ်မှတ် မိုရာတာ အေစီမီလန်သို့ ပြောင်းရွှေ့ရန် နီးစပ်၊ တိုက်စစ် အခက်အခဲဖြင့် ချယ်လ်ဆီး ရင်ဆိုင်ရဖွယ်ရှိ
17-Jul-2017 tagged as ချယ်လ်ဆီး

မီလန်၊ ဇူလိုင် ၁၇

အေစီမီလန်အသင်းသည် ချယ်လ်ဆီး နည်းပြကွန်တီ၏ ပစ်မှတ်ကစားသမား တစ်ဦးဖြစ်သည့် ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူး မိုရာတာကို ခေါ်ယူနိုင်ရန် လွန်စွာ နီးစပ်သွားခဲ့ပြီဖြစ်ပြီး အေစီမီလန်နှင့် ရီးရဲလ်မက်ဒရစ်အကြားတွင် မိုရာတာ အပြောင်းအရွှေ့အတွက် ပြောင်းရွှေ့ကြေးပမာဏ ပေါင် ၆၁ သန်းဖြင့် အပြီးသတ် သဘောတူညီမှုရရှိရန် အခြေအနေ ကောင်းမွန်နေပြီဟု Gazzetta Dello Sport က ဖော်ပြထားသည်။

ချယ်လ်ဆီးနည်းပြ ကွန်တီသည် ၎င်း၏ ပထမဦးစားပေးဖြစ်သည့် အဲဗာတန်တိုက်စစ်မှူး လုကာကုကို မန်ယူက ကြားဖြတ် ခေါ်ယူသွားခဲ့အပြီးတွင် ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူး မိုရာတာဘက်သို့ ဦးလှည့်လိုက်ခြင်းဖြစ်ပြီး မိုရာတာကို အေစီမီလန်က ခေါ်ယူသွားခဲ့မည်ဆိုပါက ချယ်လ်ဆီးအတွက် တိုက်စစ်အားဖြည့်ရန် ကစားသမား ရွေးချယ်ခွင့်မှာ လွန်စွာ ဘောင်ကျဉ်းသွားတော့မည်လည်းဖြစ်သည်။

ရီးရဲလ်မက်ဒရစ်သည် မိုရာတာကိုခေါ်ယူရန် မန်ယူက ကမ်းလှမ်းခဲ့စဉ်၌ ပြောင်းရွှေ့ကြေး ပမာဏကို ပေါင်သန်း ၈၀ မှနေ၍ လုံးဝလျှော့ပေးခဲ့ခြင်းမရှိဘဲ တင်းခံခဲ့ကာ လက်ရှိတွင် မန်ယူနည်းပြ မော်ရင်ညိုက အသင်းအတွက် တိုက်စစ်မှူးသစ် ထပ်မံခေါ်ယူဖြစ်ခဲ့သည့်တိုင် ယင်းကစားသမားသစ်မှာ မိုရာတာ ဖြစ်နိုင်တော့မည်မဟုတ်ဟု ဖွင့်ဟ အသိပေးထားပြီဖြစ်သည်။

အေစီမီလန်သည် ၎င်းတို့အနေနှင့် ယူရိုသန်း ၂၀၀ ကျော် အကုန်အကျခံ၍ အသင်းအတွက် ကစားသမားသစ်များ ခေါ်ယူစုစည်းထားပြီး ဖြစ်သော်လည်း တိုက်စစ်မှူးသစ်တစ်ဦး ထပ်မံ ဝယ်ယူဦးမည်ဖြစ်ကြောင်း အတိအလင်း အသိပေးထားကာ ၎င်းတို့၏ ပစ်မှတ်စာရင်းတွင် ထိပ်ဆုံးနေရာက ပါဝင်နေသူများမှာ ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူး မိုရာတာ၊ ဒေါ့မွန်တိုက်စစ်မှူး အော်ဘာမီယန်နှင့် တိုရီနိုတိုက်စစ်မှူး ဘီလော့တီတို့ဖြစ်သည်ဟု အေစီမီလန်စီးအီးအို မာကိုဖတ်စ်ဆုန်းကလည်း ဖွင့်ဟဝန်ခံထားသည်။

ချယ်လ်ဆီးသည် မိုရာတာကို လက်လွှတ်လိုက်ရပါက တိုက်စစ်အင်အား ဖြည့်ရန်အတွက် အခက်အခဲများဖြင့် မလွဲမသွေ ရင်ဆိုင်ရတော့မည်ဖြစ်ပြီး ချယ်လ်ဆီးအသင်း တာဝန်ရှိသူများမှာ တိုက်စစ်မှူးသစ် ခေါ်ယူရေးကိစ္စတွင် ငွေအလုံးအရင်း သုံးစွဲရန် တွန့်ဆုတ်ချိန်ဆနေသည့်အတွက် နည်းပြကွန်တီက ဘဝင်မကျမှုများရှိနေသည်။