News

POST TYPE

SPORTS

ပီရီဆစ် အပြောင်းအရွှေ့အတွက် မန်ယူနှင့် အင်တာမီလန်တို့ ပြောင်းရွှေ့ကြေး သဘောတူညီမှုရပြီဟု သတင်းထွက်
17-Jul-2017 tagged as

မီလန်၊ ဇူလိုင် ၁၇

မန်ယူအသင်းသည် အင်တာမီလန် ကွင်းလယ်ကစားသမား ပီရီဆစ်ကို ခေါ်ယူရန်အတွက် ပြောင်းရွှေ့ကြေး သဘောတူညီမှု ရရှိလိုက်ပြီဖြစ်ကြောင်း သတင်းများ ထွက်ပေါ်လာခဲ့ပြီဖြစ်ကာ မန်ယူနှင့် အင်တာမီလန်အကြားတွင် ပီရီဆစ် အပြောင်းအရွှေ့အတွက် ပြောင်းရွှေ့ကြေး ပမာဏ ပေါင်သန်း ၄၀ ဖြင့် သဘောတူညီမှု ရလိုက်ခြင်းဖြစ်သည်ဟု Sky Sports Italia က ဖော်ပြထားသည်။

ပီရီဆစ်သည် ၎င်း၏အပြောင်းအရွှေ့ကို အပြီးသတ်ရန်အတွက် မန်ယူအသင်း ရာသီကြိုခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားရန် ရောက်ရှိနေသည့် အမေရိကန် ပြည်ထောင်စုသို့ လိုက်ပါသွားလိမ့်မည်ဖြစ်ပြီး အပြောင်းအရွှေ့နှင့် သက်ဆိုင်သည့် အသေးစိတ် အချက်အလက်များကို များမကြာမီ အချိန်အတွင်း နှစ်ဖက်အသင်းတာဝန်ရှိသူများက အတည်ပြုတော့မည်ဟုလည်း အီတလီအခြေစိုက် အားကစားသတင်းမီဒီယာများက အတည်ပြုနေကြပြီဖြစ်သည်။

အင်တာမီလန်သည် အစောပိုင်း၌ ပီရီဆစ် အပြောင်းအရွှေ့၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် မန်ယူတိုက်စစ်မှူး မာတီရယ်လ်ကို ၎င်းတို့ထံသို့ တစ်နှစ်သက်တမ်း စာချုပ်ဖြင့် အငှားချပေးရန် တောင်းဆိုခဲ့ပြီး ယင်းတောင်းဆိုမှုကို မန်ယူနည်းပြ မော်ရင်ညိုက ၎င်းအနေနှင့် မာတီရယ်လ်အစား ဒါမီယန်နှင့် စမောလင်းတို့ နှစ်ဦးအနက်မှ တစ်ဦးကိုသာ ပေးနိုင်လိမ့်မည်ဟု အကြောင်းပြန်ခဲ့သည်။

အင်တာမီလန်သည် လက်ရှိတွင် ပီရီဆစ်ကို ရောင်းချရာက ရရှိမည့် ပြောင်းရွှေ့ကြေးများဖြင့် အသင်းတိုက်စစ်ကို အားဖြည့်ရန်အတွက် လာဇီယိုတိုက်စစ်မှူး ဘဲလ်ဒီကိုခေါ်ယူရန် ပြင်ဆင်နေပြီဖြစ်ကာ မန်ယူနှင့် ပီရီဆစ်အကြားတွင် အပြောင်းအရွှေ့နှင့် သက်ဆိုင်သည့် ပုဂ္ဂိုလ်ရေး အချက်အလက်အများစုကို လွန်ခဲ့သည့် မေလကတည်းကပင် သဘောတူညီမှု ရထားခဲ့ခြင်းဖြစ်သည်ဟု ဆက်စပ်သတင်းများလည်း ထွက်ပေါ်နေသည်။


  • TAGS