News

POST TYPE

SPORTS

စာချုပ်သစ်ဆွေးနွေးမှုကို ကွန်တီ အချိန်ရွှေ့ဆိုင်း
16-Jul-2017 tagged as ချယ်လ်ဆီး

လန်ဒန်၊ ဇူလိုင် ၁၆

ချယ်လ်ဆီးနည်းပြ ကွန်တီသည် လက်ရှိတွင် အသင်းဘက်က ကမ်းလှမ်းထားသည့် စာချုပ်သစ်ကိစ္စကို အကြောင်းပြန်ရန် အချိန်ရွှေ့ဆိုင်းလိုက်ပြီဖြစ်ပြီး လက်ရှိ နွေရာသီကာလ ကစားသမား အပြောင်းအရွှေ့ ဈေးကွက်အတွင်း ကစားသမား ခေါ်ယူမှုများ ဆောင်ရွက်ရာတွင် နည်းပြကွန်တီနှင့် အသင်းတာဝန်ရှိသူများအကြား၌ ပွတ်တိုက်မှုများ ရှိလာသည့်အတွက် စာချုပ်သစ်ကိစ္စ ဆုံးဖြတ်ချက်ချမည့် အစီအစဉ်ကို ကွန်တီက အချိန်နောက်ဆုတ်လိုက်ခြင်းဖြစ်နိုင်ကြောင်း Daily Mail က ဖော်ပြထားသည်။

ချယ်လ်ဆီးအသင်း တာဝန်ရှိသူများသည် ကွန်တီကို တိုက်စစ်မှူး ဒီယေဂိုကော်စတာထံသို့ ၎င်း၏ အနာဂတ် အစီအမံများတွင် နေရာပေးနိုင်တော့မည် မဟုတ်ကြောင်း စာတိုမက်ဆေ့ခ်ျ ပေးပို့ခဲ့ခြင်းအတွက် ဘဝင်မကျဖြစ်နေပြီး ကွန်တီက ၎င်းတို့ကို အသိမပေးဘဲနှင့် ယင်းသို့ လုပ်ဆောင်လိုက်ခြင်းကြောင့် ဒီယေဂိုကော်စတာ အပြောင်းအရွှေ့အတွက် ညှိနှိုင်းဆွေးနွေးရာတွင် ဈေးနှိမ်မှုများကို ရင်ဆိုင်ကြုံဆုံနေရခြင်းဖြစ်သည်ဟု ချယ်လ်ဆီးအသင်း တာဝန်ရှိသူများက ယူဆနေကြသည်။

ကွန်တီသည် ၎င်း၏ အဓိက ပစ်မှတ် ကစားသမား စာရင်းတွင် ပါဝင်ခဲ့သော အဲဗာတန် တိုက်စစ်မှူး လုကာကုနှင့် ဂျူဗင်တပ်ခံစစ်မှူး ဘိုနုချီတို့ အသင်းထံသို့ ရောက်မလာခဲ့ဘဲ အခြားသော ကလပ်အသင်းများ၏ ကြားဖြတ်ခေါ်ယူခြင်း ခံလိုက်ရသည်ကို ဒေါသ ပေါက်ကွဲနေပြီး အသင်းတာဝန်ရှိသူများက ငွေသုံးရန် လက်တွန့်ခဲ့ခြင်းကြောင့် လုကာကုနှင့် ဘိုနုချီတို့မှာ ချယ်လ်ဆီးထံသို့ ရောက်မလာခဲ့ခြင်းဟု ကွန်တီက သုံးသပ်လျက်ရှိသည်။

ချယ်လ်ဆီးသည် လက်ရှိတွင် မန်စီးတီးဂိုးသမား ကာဘယ်လ်လီရို၊ ရိုးမားနောက်ခံလူ ရူဒီဂျာနှင့် မိုနာကိုကွင်းလယ်လူ ဘာကာယိုကိုတို့ကို ခေါ်ယူ အင်အားဖြည့်တင်းထားပြီးဖြစ်ကာ ဆက်လက်၍ တိုက်စစ်မှူးတစ်ဦးနှင့် ခံစစ်မှူးတစ်ဦး ထပ်မံ ခေါ်ယူပေးရန် အသင်းတာဝန်ရှိသူများကို ကွန်တီက တောင်းဆိုထားသည်။

ချယ်လ်ဆီးသည် လက်ရှိတွင် ဂျူဗင်တပ် နောက်ခံလူ အဲလက်စ်ဆန်ဒရိုကို ပြောင်းရွှေ့ကြေး ပမာဏ ပေါင် ၆၅ သန်းဝန်းကျင်ဖြင့် ကမ်းလှမ်း ဆက်သွယ်ထားပြီး လာမည့် ဘောလုံးရာသီတွင် ပြည်တွင်းပြိုင်ပွဲ သုံးခုနှင့်အတူ ချန်ပီယံလိဂ်ပြိုင်ပွဲကို ပါဝင်ကစားရန်အတွက် လက်ရှိလူစာရင်းက လုံလောက်ခြင်း မရှိကြောင်းလည်း နည်းပြကွန်တီက ပြောကြားထားသည်။