News

POST TYPE

SPORTS

အေးဂျင့်ခ မပေးလိုသည့်အတွက် ချယ်လ်ဆီးထံသို့ လုကာကု မရောက်ခဲ့ခြင်းဖြစ်

လန်ဒန်၊ ဇူလိုင် ၈

ချယ်လ်ဆီးသည် အဲဗာတန်တိုက်စစ်မှူး လုကာကုကို ခေါ်ယူရာတွင် အောင်မြင်မှု မရရှိခဲ့ခြင်းမှာ လုကာကု၏ အေးဂျင့်ဖြစ်သူ ရိုင်အိုလာကို အကျိုးဆောင်ခ မပေးလိုခဲ့သည့်အတွက်ဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။

ချယ်လ်ဆီးသည် လုကာကုအတွက် မန်ယူနည်းတူ ပြောင်းရွှေ့ကြေး ပမာဏ ပေါင် ၇၅ သန်းဖြင့် အဲဗာတန်ထံသို့ ကမ်းလှမ်း ဆက်သွယ်ခဲ့ခြင်းဖြစ်ပြီး အေးဂျင့်ရိုင်အိုလာက ၎င်းအတွက် အပြောင်းအရွှေ့ အကျိုးဆောင်ခအဖြစ် ပေါင် ၁၂ သန်း တောင်းဆိုခဲ့သည်ကို ချယ်လ်ဆီးက မပေးလိုခဲ့သည့်အတွက် အဆုံးသတ်တွင် လုကာကုမှာ မန်ယူထံသို့ ရောက်ရှိသွားခဲ့ခြင်းဖြစ်သည်။

မန်ယူသည် လုကာကုကို ခေါ်ယူရန်အတွက် ချယ်လ်ဆီး၏ နောက်တွင်မှ လှုပ်ရှားကြိုးပမ်းခဲ့ခြင်းဖြစ်ကာ ပြောင်းရွှေ့ကြေး ပမာဏ ပေါင် ၇၅ သန်းနှင့်အတူ ရိုင်အိုလာတောင်းဆိုသည့် အေးဂျင့်ခ ၁၂ သန်းကို ပေးချေမည်ဟု မန်ယူက လိုက်လျော သဘောတူညီလိုက်သည့်အတွက် အပြောင်းအရွှေ့မှာ တစ်ရက်အတွင်း၌ပင် အထမြောက်သွားခဲ့ခြင်းဖြစ်သည်။

လုကာကုသည် မန်ယူထံသို့ တရားဝင် အပြောင်းအရွှေ့ မဖြစ်မြောက်မီအထိ ချယ်လ်ဆီးနည်းပြ ကွန်တီနှင့် အဆက်အသွယ်များ ရှိခဲ့ပြီး ၎င်းပြောင်းရွှေ့လိုသည်မှာ အသင်းဟောင်း ချယ်လ်ဆီးသာ ဖြစ်သည်ဟုပင် လုကာကုက ထုတ်ဖော် ပြောကြားခဲ့ဖူးသည်။

မန်ယူသည် လုကာကုကို အမေရိကန်ပြည်ထောင်စု လော့အိန်ဂျလိစ်မြို့တွင် ဆေးစစ်မှုများ ဆောင်ရွက်ရန် စီစဉ်ထားပြီး ဆေးစစ်မှုများ ပြီးစီးပါက တစ်ပတ်လုပ်ခလစာ ပေါင်နှစ်သိန်းနှင့်အထက် အကျိုးခံစားခွင့် ရမည့် ငါးနှစ်သက်တမ်း စာချုပ်ကို မန်ယူနှင့် လုကာကုအကြား လက်မှတ်ရေးထိုး သွားလိမ့်မည်ဖြစ်သည်။

မန်ယူသည် နည်းပြ မော်ရင်ညိုလက်ထက်တွင် အေးဂျင့်ရိုင်အိုလာနှင့် အဓိကထား လက်တွဲမှုများ ရှိနေပြီး လွန်ခဲ့သည့် ၂၀၁၆ ခုနှစ် နွေရာသီကာလ ကစားသမား အပြောင်းအရွှေ့ ဈေးကွက်ဖွင့်လှစ်ချိန်တွင် မန်ယူထံသို့ ပြောင်းရွှေ့ ရောက်ရှိလာခဲ့သော အမ်ခီတာယန်၊ ပေါ့ဂ်ဘာနှင့် အီဘရာဟီမိုဗစ်တို့မှာလည်း ရိုင်အိုလာကို အေးဂျင့်အဖြစ် ခန့်အပ်ထားသူများ ဖြစ်ကြသည်။