News

POST TYPE

SPECIAL SECTIONS

အင်္ဂလိပ်လိုသင်မှာလား မြန်မာလို သင်မှာလား
19-Jun-2018 tagged as ပညာရေး

အမျိုးသားပညာရေးမူဝါဒကော်မရှင်၏ ၆ လပတ်အစီရင်ခံစာတွင် ဖော်ပြထားသော အခြေခံပညာကျောင်းများတွင် သင်္ချာဘာသာရပ်နှင့် သိပ္ပံဘာသာရပ်များကို အင်္ဂလိပ်ဘာသာနှင့် ဆက်လက်သင်ကြားသင့်သလား။ မြန်မာဘာသာနှင့် ဆက်လက်သင်ကြားသင့်သလားဆိုသောအချက်ကို ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးနေကြခြင်းဖြစ်ပါသည်။ ရေရှည်မျှော်မှန်းချက်ဖြစ်သည့်အတွက် ရှုထောင့်စုံ ဘက်ပေါင်းစုံမှ ဆင်ခြင်စဉ်းစားပြီး ဆွေးနွေးအဖြေရှာသင့်သော ပညာရေးလုပ်ငန်းစဉ်တစ်ရပ်ဖြစ်ပါသည်။ အမြင်အမျိုးမျိုး၊ ရလဒ်အမျိုးမျိုးရှိနိုင်သည့်အတွက် မည်သည့်ဘာသာရပ်နှင့် သင်ကြားသင့်သည်ဆိုသော အကြောင်းရင်းသာမက ဆင့်ပွားအကြောင်းတရားများကိုလည်း ထည့်သွင်းစဉ်းစားကြရန် လိုအပ်မည်ဖြစ်ပါသည်။

ပထမဦးစွာ စဉ်းစားကြစေလိုသည့်အချက်မှာ အမျိုးသားပညာရေး မူဝါဒကော်မရှင်၏အခန်းကဏ္ဍ ဖြစ်ပါသည်။ အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေအရ အမျိုးသားပညာရေးမူဝါဒကော်မရှင်ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါသည်။ အမျိုးသားပညာရေးဥပဒေ ပုဒ်မ ၆၊ ပုဒ်မခွဲ (က) အရ အမျိုးသားပညာရေးရည်မှန်းချက်များနှင့် ပညာရေးဆိုင်ရာ မူဝါဒများ ချမှတ်ပေးခြင်းဟု အမျိုးသားပညာရေးမူဝါဒကော်မရှင်၏ လုပ်ငန်းတာဝန်များကို ဖော်ပြထားပါသည်။ အမျိုးသားပညာရေးဥပဒေ ပုဒ်မ ၃၊ ပုဒ်မခွဲ (ဈ) တွင် မဟာဗျူဟာများ၊ မူဝါဒများနှင့် ယင်းတို့ကို အကောင်အထည်ဖော်ဆောင်ရွက်မှုစီမံချက်၊ ပညာရေးဖွံ့ဖြိုးမှုစီမံကိန်းများကိုလည်းကောင်း၊ ပညာရေးနှင့်သက်ဆိုင်သည့် ဥပဒေများ၊ အခြားလုပ်ထုံးလုပ်နည်း များနှင့်ပတ်သက်သော သတင်းအချက်အလက်များကိုလည်းကောင်း ပြည်သူလူထုက သိရှိရယူနိုင်ရန်ဟု ဖော်ပြထားပါသည်။

ပုဒ်မ ၅၈၊ ပုဒ်မခွဲ (ခ) တွင် မဟာဗျူဟာများ၊ မူဝါဒများနှင့် ယင်းတို့ကို အကောင်အထည်ဖော်ဆောင်ရွက်မှုစီမံချက်၊ ပညာရေးဖွံ့ဖြိုးမှု စီမံကိန်းများ၊ ပညာရေးနှင့်သက်ဆိုင်သည့်ဥပဒေ၊ နည်းဥပဒေများနှင့် အခြားလုပ်ထုံးလုပ်နည်းများကိုရေးဆွဲရာတွင် မိဘပြည်သူများ၊ ကျွမ်းကျင် ပညာရှင်များ၊ ပညာရေးဆိုင်ရာ လူထုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ဆရာများက ရွေးချယ်ပေးသောကိုယ်စားလှယ်များနှင့် ကျောင်းသား များကရွေးချယ်ပေးသော ကိုယ်စားလှယ်များ၏ အကြံပြုချက်များကို ရယူပြီး ပြည်သူလူထုက ကျယ်ပြန့်စွာသိရှိစေရန် ဆက်လက်ဆောင်ရွက်ခြင်းဟု ဖော်ပြထားပါသည်။ အမျိုးသားပညာရေးမူဝါဒကော်မရှင်သည် အမျိုးသားပညာရေးဥပဒေနှင့်အညီ မူဝါဒများ၊ လုပ်ထုံးလုပ်နည်းများကို ဆောင်ရွက်ရမည်ဖြစ်ပေရာ အစီရင်ခံစာတွင်ဖော်ပြထားသော အကြောင်းအရာများမှာ အမျိုးသားပညာရေးဥပဒေ၏ ပုဒ်မ ၃၊ ပုဒ်မခွဲ (ဈ)၊ ပုဒ်မ ၅၈၊ ပုဒ်မခွဲ (ခ) တို့နှင့် ကိုက်ညီမှုရှိခြင်း မရှိခြင်းဆိုသည်ကို ရှေးဦးစွာပြန်လည်သုံးသပ်ကြရမည်ဖြစ်ပါသည်။ အမျိုးသားပညာရေးမူဝါဒကော်မရှင်သည် အမျိုးသားပညာရေးဥပဒေပါ သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ရမည့်အပြင် ခိုင်လုံကိုးစားနိုင်သော ပြည်တွင်းသုတေသန အထောက်အထားများကို ရယူသင့်ပါသည်။

အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေ၊ အခန်း ၄၊ ပုဒ်မ ၅၊ ပုဒ်မခွဲ (က) အမျိုးသားပညာရေးမူဝါဒ ကော်မရှင်ဖွဲ့စည်းခြင်း၊ အပိုဒ် (၅) တွင် အခြေခံပညာရေးကဏ္ဍမှ ပညာရှင်နှစ်ဦး ပါဝင်ရမည်ဟု ဖော်ပြထားပါသည်။ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၏ ၁၀-၅-၂၀၁၈ ရက်စွဲပါ စာအမှတ်၊ ၁၆/၃၀၅ (၅-ပထစ)/ အဖရ (၂၀၁၈) အရ အမျိုးသားပညာ ရေးမူဝါဒကော်မရှင် ပြန်လည်ဖွဲ့စည်းမည့်အမည်စာရင်း၌ အခြေခံပညာရေးကဏ္ဍမှ ပညာရှင်နှစ်ဦးနေရာတွင် ပညာရေးစီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာနမှနှစ်ဦးကို ထည့်သွင်းဖော်ပြထားပါသည်။ ဖွဲ့စည်းပုံအရ ပညာရေး စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာနသည် ဆရာအတတ်ပညာ၊ သင်ရိုးညွှန်းတမ်း၊ ပညာရေးစီမံကိန်းလုပ်ငန်းရပ်များကို ဆောင်ရွက်ကြရပါသည်။ အခြေခံပညာကဏ္ဍ၏ ပညာရေးလုပ်ငန်းစဉ်များကို လက်တွေ့အကောင်အထည်ဖော်ရသည်မှာ အခြေခံပညာဦးစီးဌာနအပါအဝင် ပြည်နယ်/တိုင်း၊ မြို့နယ် စသည့် အဆင့်ဆင့်သော ပညာရေးအဖွဲ့အစည်းများသာဖြစ်ပါသည်။ အမျိုးသားပညာရေးမူဝါဒကော်မရှင်တွင် ဖော်ပြထားချက်အရ အခြေခံပညာကဏ္ဍ၌ လက်တွေ့အကောင်အထည်ဖော်ခဲ့ကြသော အခြေခံပညာအဆင့်မှ ပညာရှင်များ ပါဝင်ခွင့်မရခြင်းမှာလည်း အခြေခံပညာအဆင့် ပညာရေးလုပ်ငန်းစဉ်များအတွက် အဓိကစိန်ခေါ်မှုတစ်ရပ်ဖြစ်နေရပါသည်။ အခြေခံပညာအဆင့်လုပ်ငန်းနှင့် ပညာရေးစီမံကိန်းနှင့်လေ့ကျင့်ရေးဦးစီးဌာန၏ လုပ်ငန်းကို ခွဲခြားရှုမြင်ပေးရန် လိုအပ်မည်ဖြစ်ပါသည်။

သင်ရိုးညွှန်းတမ်း၊ ကျောင်းသုံးစာအုပ်နှင့် သင်ကြားနည်းစနစ်များသည် ထည့်သွင်းစဉ်းစားရမည့် အကြောင်းရင်းတစ်ရပ် ဖြစ်ပါသည်။ သင်ရိုးညွှန်းတမ်းသည် အလျားလိုက်သော်လည်းကောင်း၊ ဒေါင်လိုက်သော်လည်းကောင်း ချိတ်ဆက်နေရမည်ဟု ပညာရေးလမ်းညွှန်ချက်ရှိသည်နှင့်အညီ ဝိဇ္ဇာဘာသာရပ်နှင့် သိပ္ပံဘာသာရပ်ဟူ၍ ခွဲခြားထားသည့်တိုင်အောင် ဘာသာရပ်တစ်ခုနှင့်တစ်ခု ချိတ်ဆက်လျက်ရှိသည်ကို သတိပြုကြရမည် ဖြစ်ပါသည်။ သင်္ချာအလွန်တော်သော ဆရာကြီးတစ်ဦးထံသို့ သူ၏မိတ်ဆွေက မြေးဖြစ်သူ သင်္ချာဘာသာရပ်တွင် အလွန်ညံ့နေသဖြင့် ကူညီသင်ပြပေးပါရန် အပ်နှံခဲ့ပါသည်။ တစ်ပတ်ခန့်အကြာတွင် ပြန်လည်တွေ့ဆုံသောအခါ သင်္ချာဆရာကြီးပြောသော “ကလေးက သင်္ချာညံ့တာ မဟုတ်၊ မြန်မာစာမတတ်သည့်အတွက် သင်္ချာ၏ သဘောအဓိပ္ပာယ်ကို နားလည်မှုမရှိခြင်းဖြစ်သည်” ဆိုသောစကားကိုကြားရသည့် အဘိုးဖြစ်သူမှာ လွန်စွာအံ့ဩခဲ့ရသည်ဟု ဆရာကြီးဦးအေးစိုး ရေးသားပြီး ၁၉၈၄ ခုနှစ် ကထုတ်ဝေခဲ့သော ဘဝဗိသုကာဆရာစာအုပ်တွင် ဖော်ပြထားသည်ကို ပြန်လည်အမှတ်ရခဲ့မိပါသည်။

သင်္ချာဘာသာရပ်နှင့် သိပ္ပံဘာသာရပ်များကို မည်သည့်ဘာသာစကားနှင့် သင်ကြားသင့်သည်ဟု ဆွေးနွေးကြမည်ဆိုပါလျှင် သင်ကြားရေး ဆက်သွယ်မှုဘာသာစကားများဖြစ်သည့် မြန်မာစာနှင့် အင်္ဂလိပ်ဘာသာ သင်ပြမှုနည်းစနစ်များကို ထည့်သွင်းစဉ်းစားရမည်ဖြစ်ပါသည်။ ဘာသာစကားတစ်ခုကို သင်ကြားရာတွင် နာကြား၊ ပြောဆို၊ ဖတ်ရှု၊ ရေးသားဟူသော စွမ်းရည်လေးမျိုးကိုရရှိမှသာ ပြည့်စုံသည်ဟု ဆိုကြပါသည်။ အခြေခံ ပညာကျောင်းများ၏ မြန်မာစာနှင့် အင်္ဂလိပ်စာသင်ကြားသင်ယူမှုလုပ်ငန်းစဉ်တွင် အဆိုပါ စွမ်းရည်လေးရပ်ကို ပြည့်စုံစွာရနိုင်မှု ရှိခြင်း မရှိခြင်း ဆိုသည်ကို ထည့်သွင်းစဉ်းစားကြရမည် ဖြစ်ပါသည်။ ဖြည့်စွက်ဖတ်စာများကို အသိအမှတ်ပြုခြင်းမရှိဘဲ ပြဋ္ဌာန်းထားသည့် ကျောင်းသုံးစာအုပ် တစ်ခုတည်းကိုသာ အသုံးပြုနေရခြင်း၊ သင်ရိုးမာတိကာပြီးစီးရေး၊ စာမေးပွဲအောင်ချက်ရာခိုင်နှုန်းမြင့်မားရေး စသည်တို့ကို အာရုံစိုက်နေကြရခြင်းများသည် ဘာသာစကားသင်ပြမှုအတွက် အဓိကစိန်ခေါ်မှုတစ်ရပ်ဖြစ်ပါသည်။

သင်္ချာနှင့်သိပ္ပံဘာသာရပ်များကို အင်္ဂလိပ်ဘာသာဖြင့် ဆက်လက်သင်ကြားသည်ဖြစ်စေ၊ မြန်မာဘာသာဖြင့် ဆက်လက်သင်ကြားသည်ဖြစ်စေ သင်ကြားမှုမှန်သမျှတွင် ဆရာသည်သာမဏ္ဍိုင်၊ ဆရာသည်သာ ပဓာန ဖြစ်ပါသည်။ ဆရာများ၌ သင်ကြားသင်ယူမှု အတတ်ပညာပြည့်ဝပါက ဘာသာစကားဆိုသည်မှာ ပညာရယူရေးကိရိယာအဖြစ် သဘောထားလျက် အဆင့်အလိုက်တတ်ကျွမ်းအောင် သင်ပြနိုင်မည်ဖြစ်ပြီး ပြဋ္ဌာန်းစာအုပ်များကို အထောက်အပံ့တစ်ခုအနေနှင့်သာ အသုံးပြုရန် သိလာလိမ့်မည် ဖြစ်ပါသည်။ 

အမျိုးသားပညာရေး ဥပဒေ ပုဒ်မ ၄၃၊ ပုဒ်မခွဲ (က) သင်ကြားရေးတွင် မြန်မာဘာသာ သို့မဟုတ် အင်္ဂလိပ်ဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အင်္ဂလိပ်ဘာသာ နှစ်ဘာသာတွဲ၍ဖြစ်စေ သင်ကြားနိုင်သည်ဟုဖော် ပြထားရာ ဆရာ/ဆရာမများအနေနှင့် မိမိတို့ဒေသအခြေအနေ၊ ကလေးများအခြေအနေနှင့် ကိုက်ညီအောင် ရွေးချယ်သင်ကြားနိုင်မည့် သင်ကြား သင်ယူမှုလွတ်လပ်ခွင့်ကို ပေးအပ်ထားခြင်းဖြစ်ပါသည်။ အခက်အခဲတစ်ခုမှာ သင်ရိုးညွှန်းတမ်းကော်မတီမှ ပြုစုထုတ်ဝေသောကျောင်းသုံးစာအုပ် တစ်ခုတည်းကိုသာ အသုံးပြုနေရခြင်းဖြစ်ပါသည်။ ပညာရေးဥပဒေနှင့်အညီ မည်သည့်ဘာသာစကားကို အသုံးပြုသည်ဖြစ်ပါစေ သင်ကြားသင်ယူမှု ထိရောက်စေရေးအတွက် သက်ဆိုင်ရာပညာရှင်များပြုစုထားသော ဘာသာရပ်စာအုပ်နှင့် ဘာသာပြန်စာအုပ်များကို ကျောင်းသုံးစာအုပ်အဖြစ် အသိအမှတ်ပြုလျက် ဆရာလမ်းညွှန်၊ ကျောင်းသားများအတွက် ဖြည့်စွက်ဖတ်စာနှင့် မှီငြမ်းစာအုပ်အဖြစ် အသုံးပြုနိုင်သည့် အခွင့်အလမ်း၊ ကျောင်းစာကြည့်တိုက်ကို လက်တွေ့အသုံးချနိုင်သည့် အခွင့်အလမ်း၊ လက်တွေ့လုပ်ငန်းများဖြင့် လေ့ကျင့်ပေးနိုင်သည့် သင်ကြားသင်ယူမှု အခွင့်အလမ်းကို ရယူအသုံးပြုနိုင်မည့်အခွင့်အရေးကို လမ်းဖွင့်ပေးရန် လိုအပ်မည်ဖြစ်ပါသည်။

အဓိကအားဖြင့် ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးလျက်ရှိသည့် သင်္ချာဘာသာနှင့် သိပ္ပံဘာသာရပ်များကို အင်္ဂလိပ်လိုဖြစ်စေ၊ မြန်မာလိုဖြစ်စေ သင်ကြားသင်ယူမှုအတွက် ရွေးချယ်နိုင်စေရန်မှာ -

(က) အခြေခံပညာကျောင်းများ၏ အင်္ဂလိပ်စာနှင့် မြန်မာစာဘာသာစကား သင်ကြားသင်ယူမှုကို ပြန်လည်ဆန်းစစ်ပြီး သင်္ချာ၊ သိပ္ပံ ဘာသာရပ်များနှင့် ချိတ်ဆက်လေ့ကျင့် သင်ကြားပေးမှု အခြေအနေများကို ထည့်သွင်းစဉ်းစားရန် လိုအပ်မည်ဖြစ်ပါသည်။

(ခ) ပညာရေးဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိသည့် သင်ရိုးညွှန်းတမ်း၊ ကျောင်းသုံးစာအုပ်အဖြစ် ကန့်သတ်ပြဋ္ဌာန်းခြင်းနှင့် သင်ကြားသင်ယူမှု နည်းဗျူဟာများ၊ စစ်ဆေးအကဲဖြတ်သည့် နည်းစနစ်များကို ပြန်လည်သုံးသပ်ရန် လိုအပ်မည်ဖြစ်ပါသည်။

(ဂ) အမျိုးသားပညာရေးမူဝါဒကော်မရှင်သည် အမျိုးသားပညာ ရေးဥပဒေသတ်မှတ်ချက်များအရ ဆောင်ရွက်ရန်နှင့် ခိုင်လုံကိုးစားနိုင်သော သုတေသနအထောက်အထားရရှိရေး၊ ဘာသာပြန်မှုဖွံ့ဖြိုးရေးကို ဆောင်ရွက်နိုင်သော မူဝါဒချမှတ်ပေးရန် လိုအပ်မည်ဖြစ်ပါသည်။

(ဃ) ပညာရေးသည် ပြည်သူတစ်ရပ်လုံးနှင့် သက်ဆိုင်သည့်အတွက် အကြံပြုသူ ပညာရှင်များအားလုံးပါဝင်သော နိုင်ငံအဆင့် ပညာရေး ညီလာခံတစ်ရပ် ကျင်းပပေးရန်လိုအပ်ပါသည်။

အငြိမ်းစားပညာရေးဝန်ထမ်းတစ်ဦး