News

POST TYPE

SPECIAL SECTIONS

ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာကြည်ရွှင်နှင့် တွေ့ဆုံခြင်း
21-May-2018



“တက္ကသိုလ် ၁၁ ခုလုံး ရေးဖြေရှိမှာ မဟုတ်ဘူး”

တက္ကသိုလ် ၁၁ ခုကို တိုက်ရိုက်လျှောက်ထားခွင့် အဆင့်မြင့်ပညာဦးစီးဌာနက ယခုနှစ်မှစ၍ ခွင့်ပြုလိုက်ပြီဖြစ်သည်။ ထိုတက္ကသိုလ် ၁၁ ခုထဲတွင် ရန်ကုန် နိုင်ငံခြားဘာသာတက္ကသိုလ်လည်း တစ်ခုအပါအဝင် ဖြစ်သည်။ ထို့အခြေအနေတွင် ယင်းတက္ကသိုလ် ပါမောက္ခချုပ်လည်းဖြစ်၊ ဆွေးနွေးမှုများတွင် အစဉ်တစိုက်ပါဝင်ခဲ့သူလည်းဖြစ်သည့် ဒေါက်တာကြည်ရွှင်နှင့် မေလ ၁၈ ရက်က ၎င်း၏ရုံးခန်းတွင် မေးမြန်းထားသည်များကို စာဖတ်ပရိသတ်အတွက် ကောက်နုတ်ဖော်ပြလိုက်ပါသည်။

Voice : ဝင်ခွင့်အတွက် တိုက်ရိုက်လျှောက်ခွင့်ပြုလိုက်တဲ့အခါ အကျိုးဆက်ပေါ့။ အားသာချက်၊ အားနည်းချက်တွေက ဘာတွေဖြစ်နိုင်ပါသလဲ။
Dr.KS : အားသာချက်က အားနည်းချက်တွေ လျော့သွားတာပေါ့။ အားနည်းချက်က ဘာလဲဆိုရင် ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနက တာဝန်ခံပြီး တက္ကသိုလ်ဝင်ခွင့်ခေါ်ခဲ့တဲ့အခါမှာ ကျောင်းသူ၊ ကျောင်းသားရဲ့လျှောက်ထားမှုအပေါ် အခြေခံပြီး အမှတ်ဖြတ်လိုက်သလိုဖြစ်သွားတယ်။ တကယ်တော့ အမှတ်သတ်မှတ်ချက်ဆိုတာ မရှိပါဘူး။ ဝါသနာကို အဓိကထားရမယ်လို့ ပိုပြီးပြောလာကြတဲ့ ခုခေတ်ပညာရေးမှာ အဲဒါကဆန့်ကျင်ဘက်ကြီးဖြစ်နေတယ်။ ဝင်ခွင့်စနစ်ရဲ့ အားနည်းချက်ပေါ့။ အမှတ်မသတ်မှတ်သော်လည်း အမှတ်သတ်မှတ်လိုက်သလို ဖြစ်သွားတယ်။ အဲဒါကို ဖြေဖျောက်နိုင်မယ့်နည်းလမ်း ဖြစ်လာတယ်။ ကျွန်တော်တို့က အမှတ်ကို အဲသလို တိတိကျကျ သတ်မှတ်ချက်မရှိတော့ဘူး။ ဆယ်တန်းအမှတ် အရေးမကြီးတော့ဘူးလားဆိုတော့လည်း မဟုတ်ဘူးလို့ ပြောချင်တယ်။ ဆယ်တန်းအမှတ်က အရေးကြီးနေဦးမှာပဲ။ ဘာကြောင့်လဲဆိုတော့ ကျောင်းသူ၊ ကျောင်းသားတွေရဲ့ အရည်အသွေးကို တိတိကျကျ၊ လက်တွေ့ကျကျ စစ်ဆေးပေးနိုင်တဲ့စာမေးပွဲဟာ တက္ကသိုလ်ဝင်စာမေးပွဲ ဖြစ်နေတုန်းပဲ။ အဲဒီအပေါ်မှာလည်း ယုံကြည်မှုရှိနေသေးတယ်။ အဲဒီအတွက် တက္ကသိုလ်ဝင်စာမေးပွဲအမှတ်ကို ကျွန်တော်တို့ အခုဝင်ခွင့်ရွေးချယ်တဲ့အခါ ထည့်စဉ်းစားဦးမယ်။ ဝင်ခွင့်စာမေးပွဲမှာ ကြိုးစားအားထုတ်မှုကောင်းရင် ကောင်းကောင်းလုပ်နိုင်ရင် ပါလာမှာပေါ့။ အမှတ်တစ်မှတ်လိုလို့ မတက်လိုက်ရဘူးဆိုတဲ့ ပြဿနာတွေလျော့သွားမယ်။ နောက်အားသာချက်က ဒီတက္ကသိုလ်ကို ဝါသနာမပါဘဲရောက်လာတဲ့သူတွေလည်း တော်တော်ပျောက်သွားနိုင်တယ်။ ဘာကြောင့်လဲဆိုတော့ တက္ကသိုလ်ကြီး ၁၁ ခုကို ရွေးချယ်ပိုင်ခွင့်ရှိတယ်။ အထက်မြန်မာပြည်ကလည်း အောက်မြန်မာပြည်ကို လာလျှောက်လို့ရတယ်။ အောက်ကလည်း အထက်ကိုလာလျှောက်လို့ရတယ်။ ကျွန်တော်တို့ကျောင်းကိုရောက်လာတယ်ဆိုရင် သေချာပေါက် ဝါသနာပါလို့ပဲ။ အားသာချက်အနေနဲ့ ပထမအချက်က အမှတ်နဲ့ဖြတ်တာတွေ တော်တော်လေးလျော့သွားမယ်။ ဒုတိယက တကယ်ဝါသနာပါတဲ့ကျောင်းကို ပိုပြီး ရွေးချယ်နိုင်တယ်။ 

Voice : အနိမ့်ဆုံးသတ်မှတ်ချက်အနေနဲ့ ဆယ်တန်းရမှတ်ကိုတော့ ဆက်ထားဦးမှာပေါ့။
Dr.KS : အဲဒါကတော့ ရှိဦးမယ်။ ကျွန်တော်တို့ ဒီကိစ္စလုပ်ဖို့ ကြိုတင်ပြင်ဆင်တော့ ဝိုင်းပြီးစဉ်းစားကြတယ်။ အင်တာဗျူးခေါ်ရမှာဖြစ်လို့ လူဘယ်လောက်ကို အများဆုံးအင်တာဗျူးနိုင်မလဲ။ အနည်းဆုံး ကျောင်းသား ၂၅၀၀ ဗျူးဖို့တော့ လိုအပ်တယ်။ ဘာကြောင့်လဲဆိုတော့ ကျောင်းသားက တစ်ထောင်လောက်လက်ခံတာကို။ ဒီထက်ပိုသွားရင် ၅၀၀၀ လောက်ဗျူးရမယ်။ ဒါကတော့ လျှောက်တဲ့သူပိုများရင်ပေါ့။ ဒီလိုမဟုတ်ဘဲ ၅ သောင်းလောက် လာလျှောက်မယ်ဆိုရင် သူတို့ကို အင်တာဗျူးမလုပ်နိုင်တော့ဘူး။ ဒါကြောင့် အမှတ်ကန့်သတ်ချက်တော့ ရှိနေဦးမှာပဲ။ လူတိုင်းကိုလည်း လက်ခံလို့မရသေးဘူး။ ဆိုလိုတာက ဥပမာ-အမှတ် ၄၀၀ နှင့်အထက် ကျောင်းသူကျောင်းသားများကို လျှောက်ထားခွင့်ပြုသည်တို့၊ အင်္ဂလိပ်စာမေဂျာကို လျှောက်မယ်ဆိုရင် အမှတ် ၆၅ မှတ်နဲ့အထက်ရှိသူများ လျှောက်ထားနိုင်မည်ဆိုတာမျိုးဖြစ်နိုင်မယ်။ ဘာကြောင့်လဲဆိုတော့ အင်္ဂလိပ်စာမှာ ၆၅ မှတ်အောက်ရောက်နေတဲ့ကျောင်းသားကို ဘယ်လိုမှဆွဲမတင်နိုင်ဘူး။ ခေါ်ချင်တာက လူတိုင်းကို ခေါ်ချင်တယ်။ ဒါပေမဲ့ အင်တာဗျူးရမှာဖြစ်တဲ့အတွက် အမှတ်သတ်မှတ်ချက်ရှိဦးမယ်။

Voice : တကယ်လို့ ကျွန်တော့်အနေနဲ့ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်က ဝင်ခွင့်အမှတ်လည်း မီတယ်။ အင်္ဂလိပ်စာတက်ချင်တယ်။ သတ်မှတ်ရမှတ်လည်းမီတယ်။ ရန်ကုန်တက္ကသိုလ်က အင်္ဂလိပ်စာ အထူးပြုအမှတ်သတ်မှတ်ချက်လည်း မီတယ်ပေါ့။ တစ်ခုတည်းလျှောက်လိုက်လို့ မတော်တဆ တက်ခွင့်မရရင် ဘယ်တက္ကသိုလ်ဆက်သွားရမှန်းမသိတော့ဘူး။ အဲဒီအတွက် ကျွန်တော်နှစ်ကျောင်းလုံးကို ပြိုင်တူလျှောက်မယ်ဆို လျှောက်လို့ရနိုင်မလား။
Dr.KS : ၂ ခုမကဘူး။ ၃ ခုတင်လည်းရတယ်။ ၄၊ ၅ ခု လည်းတင်လို့ရတယ်။ နံပါတ်တစ်က မန္တလေးဘက်ကိုတော့မသိဘူး။ ရန်ကုန်ဘက်က တက္ကသိုလ် ၆ ခုကို တော့ ရန်ကုန်တက္ကသိုလ်ရယ်၊ နည်းပညာတက္ကသိုလ်ရယ်၊ စီးပွားရေးတက္ကသိုလ်ရယ်၊ ပညာရေးတက္ကသိုလ်ရယ်၊ YUFL ရယ်၊ နောက် သတင်းအချက်အလက် နည်းပညာတက္ကသိုလ်ရယ်။ ဒီတက္ကသိုလ်တွေက အုပ်စုဖွဲ့ထားတယ်။ အရင်တုန်းကလည်း ဝင်ခွင့်အတွက် စီစဉ်ဖို့အမြဲတမ်းညှိနှိုင်းတိုင်ပင်တယ်။ အင်တာဗျူးခေါ်မယ့်နေ့ကို နည်းနည်းစီခွဲထားမယ်။ ရန်ကုန်တက္ကသိုလ်ကို လျှောက်တဲ့ကျောင်းသားဟာ ရန်ကုန်တက္ကသိုလ်ကိုလည်း လျှောက်ခွင့်ရှိသလို အခြားတက္ကသိုလ်ကိုလည်း လျှောက်လို့ရအောင်လုပ်ပေးမယ်။ ဒါပေမဲ့ ၆ ခုလုံးကြီး ပတ်လျှောက်ထားတာကိုတော့ ကျွန်တော်တို့ အဆင်ပြေအောင်မလုပ်ပေးနိုင်ဘူး။ ဒါကြောင့် ကျောင်းသားက စိတ်ပိုင်းဆိုင်ရာပြတ်သားဖို့လိုမယ်။ ဥပမာ-ကျောင်းမှာလည်း မေဂျာ ၉ ခုရှိတယ်။ ၉ ခုလုံးလျှောက်ဖို့ မဖြစ်နိုင်ဘူး။ ဘာရရ YUFL မှာပဲ တက်မယ်ဆိုတာမျိုး မဖြစ်နိုင်ဘူး။ ဒါက ဝါသနာနဲ့မဆိုင်ဘူး။ ကျောင်းသားသည် Decision Maker ဖြစ်ရမယ်။ ရွေးချယ်ခွင့်ရှိရမယ်။ နောက်ပြီး ဒီတက္ကသိုလ်တွေကို လျှောက်လို့ ဝင်ခွင့်မရတဲ့သူတွေက တိုက်ရိုက်မခေါ်တဲ့တက္ကသိုလ်တွေကိုလည်း လျှောက်လို့ရတယ်။ အဲဒီမှာလည်း ဆက်စပ်ပြီး အလုပ်လုပ်နေတယ်။ ဥပမာ- ကျွန်တော်တို့ တက္ကသိုလ်ကိုဝင်ခွင့်ရတဲ့သူက ၁၀၀၀။ လျှောက်တယ် ဒါပေမဲ့ မရတဲ့သူတွေက ဘယ်သူတွေပါဆိုတာကို အဆင့်မြင့်ပညာဦးစီးဌာနကို အကြောင်းကြားပေးမယ်။ အဆင့်မြင့်ပညာဦးစီးဌာနကနေ မရတဲ့သူတွေအတွက် ဆက်ပြီးလုပ်ပေးပါလိမ့်မယ်။

Voice : YUFL ကရော ကျောင်းဝင်ခွင့်ကို ဘယ်လိုလျှောက်ရမလဲ။ လျှောက်လွှာတွေကို ဘယ်လိုရယူနိုင်မလဲ။ ကျောင်းကို လာဝယ်ရမှာလား။ ဒါမှမဟုတ် အင်တာနက်ကနေ ဒေါင်းလုပ်ယူလို့ရမလား။ 
Dr.KS : သုံးမျိုးရတယ်။ ပညာရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်မှာလည်း တင်ထားပေးမယ်။ YUFL ဝက်ဘ်ဆိုက်မှာလည်း တင်ထားပေးမယ်။ ကျောင်းဝင်းထဲမှာလည်း လာဝယ်လို့ရတယ်။ ကျွန်တော်တို့ ဘယ်လောက်ထိစဉ်းစားလဲဆိုရင် ဝင်ခွင့်အိတ်ထဲမှာတောင် လျှောက်လွှာတွေ ထည့်ပေးဖို့စီစဉ်တယ်။ ဒါတော့ ဖြစ်နိုင်၊ မဖြစ်နိုင် မသိသေးဘူး။ ကျွန်တော်တို့ ကြိုးစားနေတယ်။ တက္ကသိုလ်ဝင်စာမေးပွဲအောင်တဲ့သူ နှစ်သိန်းခွဲရှိမယ်ဆိုရင် ဝင်ခွင့်လမ်းညွှန်အိတ် နှစ်သိန်းခွဲလုံးမှာ ထည့်ဖို့ ကြိုးစားနေတယ်။ သို့သော် မပြတ်သားသေးတာက လျှောက်လွှာစာရွက် နှစ်သိန်းခွဲလောက်ရိုက်လိုက်ပြီးမှ လူပေါင်းနှစ်သိန်းကျော်က ဒါကိုမသုံးဘူးဆိုရင် ပျက်စီးသွားနိုင်တယ်။ စရိတ်လည်းကုန်ကျသွားမယ်ပေါ့။ ခုခေတ်က အင်တာနက်သုံးရတာ လွယ်ကူတဲ့အတွက် တော်ရုံတော့ ဝန်ကြီးဌာနဝက်ဘ်ဆိုက်ကိုတော့ဝင်နိုင်တယ်။ YUFL ရဲ့ ဝက်ဘ်ဆိုက်ကိုလည်း ဝင်နိုင်မယ်လို့ ထင်တယ်။ 

Voice : ပညာရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်မှာ လျှောက်လွှာပုံစံတွေတင်ထားမယ်ဆိုရင် ဘယ်လိုပုံစံတွေ တင်ပေးထားမှာပါလဲ။
Dr.KS : ပညာရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်မှာ ကျောင်းနာမည်နဲ့ ခွဲထားပေးမယ်။ YUFL ကို လျှောက်ချင်တယ်ဆိုရင် YUFL ရဲ့ လျှောက်လွှာကို PDF ပေးထားမယ်။ အဲဒါကိုဒေါင်းလုပ်လုပ်ရုံပဲ။ ပရင့်ထုတ်လိုက်ပြီး လျှောက်လို့ရတယ်။ ပရင့်ထုတ်တဲ့အခါမှာ အဖြူ၊ အမည်းနဲ့ထွက်လာလိုက်မယ်။ အဖြူ၊ အမည်းဖြစ်စေ၊ ဟိုတုန်းကလို တံဆိပ်တုန်းပါမှတို့၊ မပါမှတို့ အခု မရှိတော့ပါဘူး။ ခုက ဖြေလျှော့တဲ့ခေတ်ဖြစ်တဲ့အတွက် အလွယ်တကူပဲ မိမိမှာရှိနေတဲ့လျှောက်လွှာနဲ့ပဲ လာတင်လို့ရတယ်။ ပုံစံမှန်ဖို့ပဲလိုတယ်။

Voice : တက္ကသိုလ် ၁၁ ခုလုံးက လူတွေ့ နှုတ်ဖြေပဲရှိမှာလား။ အသေးစိတ် ဒီအချက်တွေကို နောက်ပိုင်းမှ ထုတ်ပြန်သွားမှာပါလား။
Dr.KS : အခုတော့ သေချာတာတစ်ခုကတော့ ရေးဖြေမရှိတာ သေချာတယ်။ တက္ကသိုလ် ၁၁ ခုလုံး ရေးဖြေရှိမှာမဟုတ်ဘူး။ လူတွေ့ကတော့ ရှိတဲ့တက္ကသိုလ်ရှိမယ်၊ မရှိတဲ့တက္ကသိုလ်ရှိမယ်။ ကျွန်တော် နားလည်တာ မရှိတဲ့တက္ကသိုလ် တစ်ခု၊ နှစ်ခုလောက် ရှိမယ်။ ဒါက ကျွန်တော်တို့ ဆွေးနွေးတုန်းပဲရှိပါသေးတယ်။ မဆုံးဖြတ်ရသေးပါဘူး။ တချို့တက္ကသိုလ်တွေက လူတွေ့တောင်မရှိဘူး ပြောပါတယ်။

Voice : ဒီကိစ္စ ပါမောက္ခချုပ်များကော်မတီက ဆောင်ရွက်တာများလား။ ဘယ်အချိန်ကစပြီး ဆွေးနွေးပြင်ဆင်ဖြစ်ခဲ့ကြတာပါလဲ။
Dr.KS : ဒါက ပါမောက္ခချုပ်များကော်မတီရဲ့ အလုပ်နဲ့ မသက်ဆိုင်ပါဘူး။ ဒါက အရင်နှစ်ကတည်းက စတာပါ။ အရင်နှစ်ကလုပ်ခဲ့တဲ့ အမျိုးသားပညာရေးနှီးနှောဖလှယ်ပွဲမှာ အဆင့်မြင့်ပညာနှီးနှောဖလှယ်ပွဲမှာ ရန်ကုန်တက္ကသိုလ်ရယ်၊ ဆေးတက္ကသိုလ်ရယ်၊ မန္တလေးတက္ကသိုလ်ရယ်ဝင်ခွင့်စခေါ်မယ်လို့ ဆွေးနွေးခဲ့ကြတယ်။ ဝင်ခွင့်နဲ့ပတ်သက်ပြီး ဆွေးနွေးတဲ့ စာတမ်းတွေလည်းရှိတယ်။ အဲဒီကတည်းက မခေါ်ဖြစ်လိုက်သော်လည်း ဆွေးနွေးပွဲတွေပြုလုပ်ခဲ့တာပါ။ မြို့ပေါ်တက္ကသိုလ်လည်းဖြစ်၊ ဆောင်ရွက်တာတွေကို ပိုပြီးလုပ်နိုင်ကိုင်နိုင်တဲ့တက္ကသိုလ်တွေက အခုစလုပ်ကြတဲ့သဘောပါ။ လွန်ခဲ့တဲ့ ၂၀၁၄ လောက်ကတည်းက ဆွေးနွေးလာခဲ့ကြတာပါ။ ၂၀၁၄ မှာဆိုရင် ကျွန်တော်မှတ်မိတယ်။ ဂျပန်နိုင်ငံက တက္ကသိုလ်ဝင်ခွင့်နဲ့ပတ်သက်ပြီး ကျွမ်းကျင်တဲ့သူတစ်ယောက်က လာပြီးနှီးနှောဖလှယ်ပွဲမှာ သင်တန်းပေးတယ်။ ဒီနှစ်တော့ မဖြစ်ဖြစ်အောင် စလုပ်တဲ့သဘောပါ။

Voice : နောက်တစ်ခုက မိဘတွေနဲ့ ပညာရေးလေ့လာသူတွေက ထောက်ပြကြတာရှိတယ်။ ဝင်ခွင့်တိုက်ရိုက်ခေါ်တဲ့အခါ အားနည်းချက်အနေနဲ့ အပြင်က သင်တန်းတွေပေါ်ပေါက်လာတာမျိုး၊ လာဘ်ပေးလာဘ်ယူတွေဖြစ်နိုင်တာမျိုး စိုးရိမ်ကြတယ်။
Dr.KS : အဲဒါကို နည်းနည်းရှင်းပြချင်တယ်။ အမြဲတမ်းအကောင်းဆုံးစနစ်ဆိုတာတော့ မရှိဘူး။ သို့သော် နံပါတ် (၁) ဝင်ခွင့်စာမေးပွဲဖြေတဲ့အခါမှာ ဝင်ခွင့်ရေးဖြေစာမေးပွဲပေါ်လာတာမျိုး အားမပေးဘူး။ အားမပေးလို့ပဲ ကျွန်တော်တို့ ရေးဖြေစာမေးပွဲမထည့်တာ။ ရေးဖြေစာမေးပွဲထည့်လိုက်ရင် ရွေးရတာပိုလွယ်တယ်။ စနစ်က ပိုခက်မှာ။ ရေးဖြေထည့်လိုက်ရင် ကလေးအများစုက ကျူရှင်ကို နောက်တစ်ကြိမ် ပြန်ပြေးတက်ကြမယ်။ မိဘတွေ ပိုက်ဆံထပ်ကုန်မယ်။ ဒါမျိုးကို ကျွန်တော်တို့ လုံးဝမလိုလားဘူး။ ဒါကြောင့် ဆယ်တန်းတုန်းက မြန်မာတို့၊ အင်္ဂလိပ်စာတို့ ဖြေထားပြီးပြီပဲ။ ဘာသာစကားတက္ကသိုလ်ဖြစ်လို့ အင်္ဂလိပ်စာဖြေရမယ်၊ မြန်မာစာဖြေရမယ်ဆိုရင် အဓိပ္ပာယ်မရှိဘူး။ အဲဒီအမှတ်ပဲလေ။ ကျောင်းသားက အကောင်းဆုံးကြိုးစားထားပြီးပြီပဲ။ ဒီဟာတွေကလည်း အင်္ဂလိပ်စာကျွမ်းကျင်တာ၊ မြန်မာစာကျွမ်းကျင်နေတာတွေနဲ့ ပတ်သက်နေတာပဲ။ အဲဒီတော့ ကျွန်တော်တို့က နောင် ၁၀ နှစ် ၁၅ နှစ်ကိုမပြောနိုင်ပေမယ့် လောလောဆယ်တော့ ဒါတွေမလိုအပ်ဘူး။ ဒါတွေစစ်မယ်ဆိုရင် ဒုက္ခပိုများမယ်။ အထူးသဖြင့် မိဘတွေလည်း ဒုက္ခပိုများမယ်။ ကျောင်းသားတွေလည်း စိတ်ပိုပင်ပန်းမယ်။ အဲဒီလို စိတ်ဖိစီးမှုမဖြစ်အောင်တော့ ကျွန်တော်တို့ လျှော့ထားတယ်။ YUFL မှာ အုပ်စုသုံးစုရှိမယ်။ ဆိုကြပါစို့ နမူနာပြောပြတာပါ။ ကျွန်တော်တို့ မဆုံးဖြတ်ရသေးပါဘူး။ ရွေးချယ်တဲ့ဘုတ်အဖွဲ့ A မှာ ကိုးယောက်ရှိမယ်။ B မှာ ကိုးယောက်ရှိမယ်။ C မှာ ကိုးယောက်ရှိမယ်။ A မှာ ပါမောက္ခချုပ် ခေါင်းဆောင်မယ်။ B မှာ ဒုတိယပါမောက္ခချုပ်တစ်ဦးခေါင်းဆောင်မယ်။ C မှာ ဒုတိယပါမောက္ခချုပ်တစ်ဦး ခေါင်းဆောင်မယ်။ သုံးခုလုံးမှာ ၂၇ ဦးရှိမယ်။ ဘယ်ကျောင်းသားက ဘယ်အဖွဲ့ထဲကိုသွားရမယ်ဆိုတာ ဘယ်လိုမှမသိနိုင်ဘူး။ ရွေးချယ်မှုကိုလည်း ပါမောက္ခချုပ်တစ်ဦးတည်း၊ ဘာသာရပ်ဆိုင်ရာပါမောက္ခတစ်ဦးတည်းကသာ လုပ်မှာမဟုတ်ဘဲ အဖွဲ့က အမှတ်ပေးရွေးချယ်သွားမှာပါ။ ကျောင်းသားတစ်ဦးသည် တက္ကသိုလ်ဝင်ခွင့်ရဖို့ ၂၇ ဦးလုံးကို လာဘ်ပေးလာဘ်ယူလုပ်တယ်ဆိုတာ ကမ္ဘာပေါ်မှာရှိမှာမဟုတ်ပါဘူး။ ကျွန်တော်ကတော့ ဒီလောက်ပဲ အာမခံချင်ပါတယ်။ ဒီစနစ်ရဲ့ အားနည်းချက်တော့ရှိမယ်။ ဒါပေမဲ့ ကျွန်တော် အစွမ်းကုန်ကြိုးစားသွားမှာပါ။

Voice : နောက်ဆုံးအနေနဲ့ ဘာတွေများထပ်ဖြည့်ပြောချင်တာ ရှိပါဦးမလဲ။
Dr.KS : ကျွန်တော့်ကျောင်းနဲ့ပတ်သက်ပြီး တိတိကျကျလေးပြောချင်တယ်။ ဝင်ခွင့်နဲ့ပတ်သက်ပြီး ကျူရှင်မတက်ကြပါနဲ့။ နောက်ပြီး ဘယ်ဆရာ၊ ဆရာမကိုမှ မချဉ်းကပ်ကြပါနဲ့။ ဒါတွေနဲ့ကင်းအောင် အတတ်နိုင်ဆုံးကြိုးစားထားပါတယ်။ နှုတ်ဖြေစာမေးပွဲလို့ပြောလိုက်တဲ့အတွက် အထွေထွေဗဟုသုတမေးမှာ မဟုတ်ဘူးဆိုတာ ပြောချင်တယ်။ ဥပမာ - မြန်မာနိုင်ငံရဲ့ ပထမဦးဆုံးသောသမ္မတ ဘယ်သူလဲတို့၊ တနင်္သာရီတိုင်း ဝန်ကြီးချုပ် ဘယ်သူလဲတို့၊ တနင်္သာရီတိုင်းလွှတ်တော် ဥက္ကဋ္ဌဘယ်သူလဲတို့ ဒါမျိုးတွေမေးမှာမဟုတ်ပါဘူး။ နောင်ကို ဝင်ခွင့်လျှောက်လွှာတွေလာဝယ်တဲ့အချိန်မှာ ဒီသတင်းအချက်အလက်တွေ ပေးဦးမှာပါ။ ကျောင်းသူ၊ ကျောင်းသားတွေကို ဒီတက္ကသိုလ်နဲ့ပတ်သက်တဲ့ သိသင့်သိထိုက်တဲ့ သတင်းတွေပေးတဲ့အခါမှာလည်း ပြောသွားမှာပါ။ တက္ကသိုလ်ပညာရေးနဲ့ပတ်သက်ပြီး ဘယ်လောက်စိတ်ဝင်စားသလဲ။ ကိုယ့်ဘဝရည်မှန်းချက်နဲ့ပတ်သက်ပြီး ဘာတွေမျှော်လင့်ထားသလဲ။ အဲဒီအပေါ်မူတည်ပြီးမှ ကျောင်းသူ၊ ကျောင်းသားရဲ့အဖြေနဲ့ ကိုယ်ရည်ကိုယ်သွေးကို နည်းနည်းကြည့်မယ်။ အောင်လက်မှတ်ရရင် ပြီးရောဆိုတဲ့အတွေးအခေါ် မရှိရဘူး။ အောင်လက်မှတ်၊ ဘွဲ့လက်မှတ်ထက် လုပ်ရည်ကိုင်ရည်နဲ့ အရည်အချင်းပဲလိုတယ်။ နောက် ဘာသာစကားဝါသနာအထုံပါမှုတွေမေးမယ်။ အဲဒါတွေကို နည်းနည်းပါးပါးလေ့လာထားရုံပဲ။ မှန်ကန်တဲ့နည်းလမ်းနဲ့ပဲ ကြိုးစားကြပါလို့ ပြောချင်ပါတယ်။

နေဇာကျော်