News

POST TYPE

SPECIAL SECTIONS

ဘောဂဗေဒဘာသာရပ်သင် ဦးမိုးကျော်အောင် (ရွှေအီကို) နှင့် တွေ့ဆုံခြင်း
13-May-2018




“ခုဆိုရင် အနည်းဆုံး ၅ ခန်း ကျက်မှရတော့မယ်”

ယခုနှစ် (၂၀၁၈ - ၂၀၁၉ ပညာသင်နှစ်) မှစ၍ တက္ကသိုလ်ဝင်စာမေးပွဲကို မေးခွန်းပုံစံသစ်ဖြင့် ပြောင်းလဲစစ်ဆေးမည်ဖြစ်သည်။ ပြောင်းလဲစစ်ဆေးမည့် ဘောဂဗေဒဘာသာရပ် မေးခွန်းပုံစံသစ်ကို မေလ ၁၀ ရက်တွင် နိုင်ငံပိုင်သတင်းစာမှတစ်ဆင့် ပြည်သူလူထုထံ မိတ်ဆက်သည်။ ဘောဂဗေဒဘာသာရပ် မေးခွန်းပုံစံသစ်အကြောင်း ပုဂ္ဂလိကကျောင်းများတွင် နှစ်၂၀ ခန့် ဘောဂဗေဒဘာသာရပ်သင်ကြားမှု အတွေ့အကြုံရှိ ဦးမိုးကျော်အောင် (ရွှေအီကို) ၏ ဆွေးနွေးချက်များကို စာဖတ်ပရိသတ်အတွက် ကောက်နုတ်ဖော်ပြလိုက်ပါသည်။

Voice : ဘောဂဗေဒဘာသာရပ် မေးခွန်းပုံစံသစ်မှာ မေးခွန်းပုံစံဟောင်းနဲ့ ဘာတွေကွာခြားမှုရှိပါလဲ။ 
UMKA : ကျွန်တော်တို့ဘောဂဗေဒမှာ မေးခွန်းပုံစံက ပြောင်းလဲသွားတာသိပ်မရှိဘူး။ ရွေးချယ်မှုအပိုင်းတွေ နည်းသွားတာပဲရှိတယ်။ Definition ရယ်၊ မေးခွန်းရှည်တွေရယ်၊ မေးခွန်းတိုတွေရယ် ဒီပုံစံအတိုင်း အကုန်ပြန်ပါတယ်။ အဓိကပြောင်းတဲ့အချက်က ရွေးချယ်မှု တော်တော်နည်းသွားတယ်။ မေးခွန်းပုံစံ အဟောင်းမှာက မေးခွန်းခေါင်းစဉ် ၆ ခုပါတယ်။ ခု အသစ်မှာက မေးခွန်း ၁ ကနေ ၅ ခုထိပဲပါတယ်။ ရွေးချယ်မှုအပိုင်းတွေ လျော့သွားတယ်။ ရွေးချယ်မှုက လုံးဝ မရှိတော့ဘူး။ ကျွန်တော်တို့က အဲဒါကိုပိုပြီးသဘောကျတယ်။ ဘာဖြစ်လို့လဲဆိုတော့ မေးခွန်းနံပါတ် ၁က (က)၊ (ခ)၊ (ဂ) မှာ ကလေးတွေအရပြောမယ်ဆိုရင် အမှား၊ အမှန်ရယ်၊ အမှန်ရွေးချယ်မှုရယ်။ ကွက်လပ်ဖြည့်ရယ်ပါတယ်။ ပိုပြီးတော့မှ ထဲထဲဝင်ဝင်လေ့လာရမယ့် ကွက်လပ်ဖြည့် ၅ ပုဒ်ကိုတိုးပေးထားတယ်။ ကလေးတွေက စာကိုပေါ့ပေါ့ဆဆလုပ်လို့မရတော့သလို သင်ရတဲ့ဆရာတွေလည်း ထဲထဲဝင်ဝင်လေ့လာပြီး သင်မှ အဆင်ပြေမယ့်မေးခွန်းပုံစံ ဖြစ်သွားတယ်။ အရင်တုန်းကဆိုရင် သင်ကြားတဲ့ဆရာတွေရော ကလေးတွေရော ရွေးပြီးကျက်လို့ရတဲ့အနေအထားဖြစ်တယ်။ သင်ရိုးကြီးတစ်ခုလုံးကို ကျက်စရာမလိုဘဲ ၃ ခန်းလောက်သင်ရင် အောင်သွားမယ်။ ၄ ခန်းလောက်ကျက်ရင် ဂုဏ်ထူးထွက်သွားနိုင်တယ်။ ခုဆိုရင် အနည်းဆုံး ၅ ခန်းကျက်မှရတော့မယ်။ ဆရာတွေကလည်း ရွေးချယ်ပြီးသင်လို့မရတော့ဘူး။ ဘောဂဗေဒပညာရှင်တွေပေါ်ထွန်းလာစေတဲ့ မေးခွန်းလို့ပြောလို့ရပါတယ်။ 

Voice : ဒီမေးခွန်းပုံစံသစ်မှာက ရွေးချယ်စရာမေးခွန်းပုဒ်ရေ တော်တော်များများ လျှော့ချလိုက်တယ်ဆိုတော့ ဒီအချက်က ကျောင်းသား၊ ကျောင်းသူတွေအတွက် အခက်အခဲဖြစ်စေမလား။ 
UMKA : အဓိက သူတို့အလုပ်ပိုလုပ်ဖို့ပဲ လိုတာပါ။ ပေါ့ပေါ့ပါးပါးနဲ့ ကျက်လို့မရတော့ဘူးဆိုတာ သူတို့သိသွားမှာပေါ့။ ဒါကိုလည်း သင်ကြားတဲ့ဆရာတွေက သေသေချာချာပြောပြမှရမယ်။ နောက်ပြီး ကျောင်းသားတွေအတွက် သိပ်ပြီးအခက်အခဲမရှိပါဘူး။ တစ်နေ့ နည်းနည်းချင်း ပုံမှန်ကျက်သွားရင် အောင်မှတ်ရနိုင်တဲ့အနေအထား။ အဓိက ခက်ခဲတာက ပိုပြီးကြိုးစားတဲ့ကလေးမှ ဂုဏ်ထူးထွက်နိုင်မယ်။ အပုဒ်ရှည်ကြီးတွေရော။ အပုဒ်တိုတွေရောက အရင်ကဆို ၃ ခန်း လောက်ကျက်ရင်ရတယ်။ ခုက ၅ ခန်းလုံးကျက်မှရတော့မယ်။ Definition ကို တစ်ရက် ၃ ပုဒ်နှုန်းလောက်ကျက်နိုင်မှ စာမေးပွဲမှာ အမှတ် ၂၀ ရမယ်။ သူကနေ ထပ်ထွက်လာမယ့် Objective အတွက်ဆို ၁၀ မှတ်နဲ့ဆို ၃၀ ရမယ်။ နောက်ပုစ္ဆာအတွက်မှာ ၁၀ မှတ်လောက်ရရင် ဘာပဲဖြစ်ဖြစ် သူ့အတွက်က အောင်မှတ်ရသွားပြီ။ အောင်မှတ်ရဖို့အတွက်က တစ်ရက်ကို Definition နည်းနည်းစီကျက်သွားမယ်ဆိုရင် ဒီကလေးက ကျိန်းသေရတယ်။

Voice : ဂုဏ်ထူးမှတ်ရဖို့အတွက်ဆိုရင်ရော ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ ဘယ်လိုပြင်ဆင်ထားရပါမလဲ။ 
UMKA : အခြေခံကတော့ ဘောဂဗေဒသဘောတရားအရ Definition တွေပေါင်းလိုက်ရင် ၁၀ မှတ်တန် ဖြစ်ပြီး ၁၀ တန်ပေါင်းလိုက်ရင် အမှတ် ၂၀ ဖြစ်တဲ့အတွက်ကြောင့် ကလေးတွေအနေနဲ့ ဒီ Definition ကို မရမနေကျက်ထားမှဖြစ်မယ်။ ဂုဏ်ထူးမှတ်လိုချင်တဲ့ကလေး၊ အမှတ်များများရချင်တဲ့ကလေးကတော့ သူများထက်တော့ ပိုကြိုးစားရမယ်။

Voice : မေးခွန်းပုံစံသစ်မှာက စဉ်းစားတွေခေါ်မှုအပိုင်းကို ပိုပြီးဦးစားပေးမယ်လို့ပါတော့ အလွတ်ကျက်တာက မေးခွန်းပုံစံသစ်နဲ့ အဆင်ပြေနိုင်ပါ့မလားရှင့်။ ဒီမေးခွန်းပုံစံသစ်အပေါ်မှာရော ဘယ်လိုမြင်ပါသလဲ။ 
UMKA : ကျွန်တော်ကတော့ မေးခွန်းပုံစံသစ်မှာလည်း စဉ်းစားတွေးခေါ်မှု ဦးစားပေးတယ်လို့ သိပ်မထင်ဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ အီကိုမှာဆိုရင် သူ့ဘက် ဓမ္မဒိဋ္ဌာန်မေးခွန်း ၅ ပုဒ်လောက် ပိုတိုးပေးထားတာရှိတယ်။ ပုစ္ဆာတွက်ဆိုလည်း တွေးခေါ်မှုပါတယ်လို့ မမြင်ပါဘူး။ မေးခွန်းပုံစံဟောင်းမှာဆိုရင်လည်း ကလေးတွေက ကျက်စာထက် တွက်စာကိုပိုလုပ်ကြတာများတယ်။ သင်တဲ့ဆရာက ပုံမှန်လေး စနစ်တကျနဲ့ဆိုရင် ကလေးတွေကလည်း အလိုလိုစဉ်းစားကြတယ်။ နောက် ဘောဂဗေဒဘာသာရက်က လူတွေနဲ့ သိပ်ဝေးတဲ့ဘာသာရပ်မဟုတ်ဘူး။ ကိုယ့်ပတ်ဝန်းကျင်မှာ လေ့လာလို့ရတဲ့ဘာသာရပ်ပဲ။ စိတ်ဝင်စားလိုက်တာနဲ့ သိပ်ပြီးစဉ်းစားစရာမလိုဘူး။ ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ ကုန်ပစ္စည်းဈေးကျသလား၊ တက်သလားဆိုတာ လူတွေကို လေ့လာလိုက်ရုံနဲ့ရပါတယ်။ ဒီမေးခွန်းအနေနဲ့ပြောမယ်ဆိုရင် စဉ်းစားဆင်ခြင်ရတဲ့မေးခွန်းမျိုး သိပ်အကြီးစားကြီးတော့ မဟုတ်ပါဘူး။ ဆရာလုပ်တဲ့သူကလည်း ဒီဘာသာရပ်ပေါ်မှာ စိတ်ဝင်တစားနဲ့ လေ့လာထားရင် သိပ်မခက်ခဲဘူးလို့ ယူဆပါတယ်။

Voice : ဆရာ၊ ဆရာမတွေအနေနဲ့ရော ဘာတွေပြင်ဆင်ထားဖို့လိုပါမလဲ။ 
UMKA : ဒီမေးခွန်းအရ သင်ကြားတဲ့အခါမှာ အရင်ပုံစံတွေက ရွေးချယ်စရာများတဲ့အတွက် သဘောတရားပိုင်းဆိုင်ရာတွေပါတဲ့အခန်းတွေကိုလျှော့ပြီး လွယ်လွယ်ကူကူကျက်လို့ရတဲ့ အခန်းတွေရှိတယ်။ ဘောဂဗေဒမှာဆိုရင် မိုက်ခရိုဘောဂ မက်ခရိုဘောဂ ၂ ခုရှိတယ်။ မိုက်ခရိုဘောဂဗေဒက တစ်ခန်းပဲပါတယ်။ ဒါကိုသင်ကြားတဲ့ဆရာကိုယ်တိုင်က သဘောတရားတွေကို ထဲထဲဝင်ဝင်မသိဘူးဆိုရင် ကလေးက ရွာလည်သွားနိုင်တယ်။ အဲဒီအခန်းတွေကို သေသေချာချာလေ့လာထားဖို့လိုတယ်။ အဲဒါအရေးအကြီးဆုံးပဲ။ ဈေးကွက်စီးပွားရေးစနစ်အကြောင်း အခန်း၊ အခန်း ၃ တိုင်းပြည်ဝင်ငွေအကြောင်း၊ အခန်း ၅ တိုင်းပြည်ဘဏ္ဍာအကြောင်းဆိုတာတွေက အလွယ်ကျက်လို့ရတဲ့အခန်းတွေဖြစ်တယ်။ အဲဒါတွေကျက်ရင် မေးခွန်းပုံစံဟောင်းမှာတော့ အောင်မှတ်ရတယ်။ ဘောဂမှာ အခန်း ၂ မိုက်ခရိုဘောဂဗေဒက အခက်ဆုံးဖြစ်တယ်။ ဒါကိုသင်ဖို့အတွက် ဆရာတွေကိုယ်တိုင်ကလည်း သေသေချာချာ ပြန်လေ့လာထားရမယ်။ သူက တစ်ခုကိုသင်မယ်ဆိုရင် အချက်အလက်တွေဝန်းရံပြီးမှ သင်ရတာဖြစ်တယ်။ ဒါကြောင့် ပုံမှန်လေ့လာရုံနဲ့ကတော့မရဘူး။

Voice : ဆရာအနေနဲ့ဆိုရင် ပြောင်းလဲလိုက်တဲ့ မေးခွန်းပုံစံသစ်ကို လက်ခံနိုင်ပါသလား။
UMKA : ကျွန်တော်ကတော့ ပုံစံသစ်ကို ဘောဂဗေဒဆရာတစ်ယောက်အနေနဲ့ ကြိုလည်းကြိုဆိုတယ်။ လက်လည်းခံတယ်။ ကျွန်တော်တို့သိထားသမျှအရာတွေ လေ့လာခဲ့သမျှတွေကို ခုချိန်မှာထုတ်ပြလို့ရမယ်။ အရင်တုန်းက ကိုယ့်ကလေးတွေကို တတ်စေချင်ပေမယ့်လည်း လွယ်လွယ်ကူကူကျက်လို့ရတဲ့ အခန်းတွေသင်တော့ ကလေးတွေက ဘာပြောလဲဆိုတော့ အဲဒါတွေမသိလည်း ကျွန်တော်တို့ အောင်ပါတယ်ဆိုတာမျိုး ကလေးတွေမှာရှိတယ်။ ခုကျတော့ မေးခွန်းပုံစံပြောင်းလိုက်တဲ့အတွက် မင်းတို့ ဒါတွေမတတ်လို့မရတော့ဘူး။ ဆရာတွေအနေနဲ့ကလည်း ဒါတွေတတ်ထားမှ မင်းတို့အိမ်က စီးပွားရေး ငါတို့တိုင်းပြည်ရဲ့စီးပွားတွေ ပိုမိုတိုးတက်အောင်မြင်လာမယ်လို့ ရဲရဲရင့်ရင့်ပြောလို့ရသွားပြီ။ ဒါကြောင့် မေးခွန်းပုံစံသစ်ကို လက်ခံပါတယ်။ 

Voice : နောက်ထပ် ဖြည့်စွက်ပြောချင်တာများ ရှိဦးမလားဆရာ။ 
UMKA : နောက်တစ်ခုရှိတာက အမှတ်ပေးစည်းမျဉ်းတွေမပြောင်းတာကိုလည်း သဘောကျပါတယ်။ ဒီပုံစံအတိုင်း နမူနာမေးခွန်းတွေထွက်လာတယ်။ ကလေးတွေအနေနဲ့လည်း အဆင်ပြေသွားပါတယ်။ နောက် ဘောဂဗေဒမေးခွန်းသစ်က ကလေးတွေအတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်ဘူးဆိုတာ တွေ့ရပါတယ်။

မြဇာခြည်သင်း