News

POST TYPE

SPECIAL SECTIONS

ရန်ကုန်တက္ကသိုလ် သမိုင်းဌာန ပါမောက္ခ (ဌာနမှူး) ဒေါက်တာမိုမိုသန့်နှင့် တွေ့ဆုံခြင်း
10-May-2018

“ကျောင်းသားတွေ ဘာမှမကြောက်ပါနဲ့။ ပိုပြီးလွယ်ကူအောင် ပြောင်းထားတာပါ”

ယခုပညာသင်နှစ် (၂၀၁၈-၂၀၁၉) မှစ၍ တက္ကသိုလ်ဝင်စာမေးပွဲကို မေးခွန်းပုံစံသစ်ဖြင့် စစ်ဆေးမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက ကြေညာပြီးနောက် ဘာသာရပ်အလိုက် မေးခွန်းပုံစံသစ်များကို နိုင်ငံပိုင်သတင်းစာမှတစ်ဆင့် ပြည်သူလူထုထံ တစ်ဘာသာချင်း၊ တစ်နေ့ချင်း မိတ်ဆက်သည်။ ယခုနှစ်ပြောင်းလဲမည့် တက္ကသိုလ်ဝင်စာမေးပွဲ သမိုင်းဘာသာရပ် မေးခွန်းပုံစံသစ်အကြောင်း ရန်ကုန်တက္ကသိုလ်၊ သမိုင်းဌာန ပါမောက္ခ (ဌာနမှူး) ဒေါက်တာမိုမိုသန့်၏ ဆွေးနွေးချက်များကို စာဖတ်ပရိသတ်အတွက် ကောက်နုတ်ဖော်ပြလိုက်ပါသည်။

Voice : သမိုင်းဘာရပ်နဲ့ မေးခွန်းပုံစံသစ်ပြောင်းလဲရတဲ့ အကြောင်းကို ရှင်းပြပေးပါဦး။ 
Dr.MMT : မေးခွန်းပုံစံက ခုမှ ချက်ချင်းပြောင်း လိုက်တာမဟုတ်ပါဘူး။ ပြောင်းဖို့လုပ်ထားတာ ကြာပြီပေါ့။ ကျွန်မအရင် ဒီတက္ကသိုလ် (ရန်ကုန်တက္ကသိုလ်) မှာ အရင်တာဝန်ထမ်းဆောင်ခဲ့တဲ့ ပါမောက္ခလက်ထက်ကတည်းက လုပ်ထားတာပါ။ မြန်မာနိုင်ငံရဲ့ပညာရေးက ရပ်တန့်နေလို့မရဘူး။ ပြောင်းတယ်ဆိုတာက ကောင်းဖို့ပြောင်းတာပါ။ ပညာရေးဝန်ကြီးဌာနအနေနဲ့ ဘယ်ဟာကောင်းတယ်ဆိုတာ အမြဲစဉ်းစားနေတာပါ။ ဖတ်စာအုပ်ထဲကဟာကို အလွတ်ကျက်ပြီး ဖြေဆိုနေရတာ လျော့နည်းသွားအောင် ကျောင်းသားရဲ့စဉ်းစားဉာဏ်ကိုပေါ်လွင်လာအောင် ဇောင်းပေးတဲ့ မေးခွန်းပုံစံကို သွားချင်တာကြောင့် ပြောင်းလဲဖို့လုပ်တာပါ။ စာပိုဒ်တစ်ပိုဒ်ကို ဆရာမသင်ပေးလိုက်တဲ့ပုံစံ တင်မဟုတ်ဘဲ ဒီပေါ်မှာစဉ်းစားတွေးခေါ်တတ်အောင်၊ ဝေဖန်ချက်တွေ ထွက်ပေါ်လာအောင် ပြောင်းတာပါ။ ဒီအပေါ်မှာ မိဘတွေအနေနဲ့ ငါ့သားသမီးအလှည့်ကျမှ မေးခွန်းပုံစံအသစ်ကြီးနဲ့ မေးမှာပဲဆိုတာမျိုးမဖြစ်စေချင်ဘူး။ ကျောင်းသူ၊ ကျောင်းသားတွေရော မိဘတွေရော အကြီးအကျယ် စိတ်ပျက်သွားတာမျိုး မဖြစ်စေချင်ဘူး။ ၂၀၁၈ နဲ့ ၂၀၁၉ မေးခွန်းပုံစံမှာဆိုရင် တအားကြီးကွာသွားတာ မရှိပါဘူး။ ကျောင်းသားအတွက် သိပ်ပြီးအကျိုးမရှိဘူးထင်တဲ့ အပိုင်းလေးတွေကို ဖြုတ်လိုက်တာပါ။ မေးမယ့်ပုံစံကလည်း ကျောင်းသားတွေကို ပိုတွေးခေါ်လာနိုင်မယ့် မေးခွန်းတွေ ပြင်ဆင်ထားမှာပါ။ ပညာရေးဝန်ကြီးဌာနက မြန်မာနိုင်ငံရဲ့ အနေအထားကိုနားလည်ပါတယ်။ ကျောင်းသားကိုသတ်ဖို့ အတွက်လည်း မဟုတ်ပါဘူး။ မိဘတွေလည်း စိတ်မပန်းအောင် ကျောင်းသားတွေအတွက်လည်း အခက်အခဲ မဖြစ်အောင် တဖြည်းဖြည်းချင်း ပြောင်းလဲတာပါ။ သင်နေတဲ့ ဆရာတွေအတွက်လည်း အဆင်ပြေမယ့် နည်းလမ်းအတိုင်း ပြောင်းလဲတာပါ။ 

Voice : မေးခွန်းပုံစံသစ်မှာ ဘာအကြောင်းအရာတွေ ထည့်မေးထားပါသလဲ။ အဟောင်းနဲ့ ဘာတွေ ကွာခြားသွားပါသလဲ။ 
Dr.MMT : အတိုချုပ်ပြောရရင် မေးခွန်းမှာ (က)၊ (ခ)၊ (ဂ)၊ (ဃ) ဆိုပြီး အပိုင်း ၄ ပိုင်းပါတယ်။ ၄ ပိုင်း စလုံးဖြေဆိုရမယ်။ အပိုင်း (က)မှာ ကျောင်းသားတွေ ဘယ်လိုစဉ်းစားတတ်သလဲဆိုတာမေးဖို့ ကွက်လပ်ဖြည့် ၁၀ ပုဒ်မေးထားတယ်။ ကမ္ဘာ့သမိုင်းက ၅ ပုဒ်နဲ့ မြန်မာသမိုင်းက ၅ ပုဒ်မေးမယ်။ အဲဒါက ၂၀၁၈ နဲ့ အတူတူပဲ။ နောက် နံပါတ် ၁ (ခ) မှာ အရင်တုန်းက မှား၊ မှန်မေးတယ်။ အဲဒါက ကျောင်းသားအတွက် သိပ်ပြီး Affective မဖြစ်ဘူး။ အဲဒါကိုဖြုတ်လိုက်တယ်။ အဲဒီ အစား ၂၀၁၉ မေးခွန်းမှာ Multiple Choice လို့ခေါ်တဲ့ မေးခွန်းတွေ ပိုများပြီးထည့်ထားတယ်။ ဒါကိုဖြေမယ်ဆိုရင် ကျောင်းသားက သူကြည့်ထားသမျှကို ပြန်စဉ်းစားပြီး ဖြေလို့ရတယ်။ မှား၊ မှန်ထက်ပိုပြီး အကျိုးသက်ရောက်မှုရှိတယ်။ အဲဒီမှာ အပုဒ်ရေတိုးထားတယ်။ ဒါတွေက မြန်မာသမိုင်းပြဋ္ဌာန်းစာအုပ်နဲ့ ကမ္ဘာ့သမိုင်း ပြဋ္ဌာန်းစာအုပ်ထဲကနေ တစ်ခန်းတည်း စုပြုံမေးတာ မျိုးမဟုတ်ဘဲ အခန်းတိုင်းပါသင့်တဲ့မေးခွန်းတွေကို မျှမေးထားတယ်။ အပိုင်း (ခ) က မှတ်စုတိုမေးခွန်းတွေ။ ဒီစာတစ်ပုဒ်ထဲက ကျောင်းသားက အရေးကြီးတဲ့ ဘယ်အချက်ကို လေ့လာနိုင်သလဲဆိုတာမေးတာ။ မြန်မာ့သမိုင်းက ၄ ပုဒ်နဲ့ ကမ္ဘာ့သမိုင်းက ၄ ပုဒ် ပေါင်း ၈ ပုဒ်မေးမယ်။ အဲဒီထဲက ကြိုက်နှစ်သက်ရာ ၄ ပုဒ်ဖြေရမယ်။ အဲဒါလည်း အရင်တိုင်းပဲ မပြောင်းလဲဘူး။ အပိုင်း (ဂ) မှာလည်း မေးခွန်းပုံစံတူတယ်။ ဒါပေမဲ့ အရင်နှစ်က ၅ ပုဒ်မေးတယ်။ ဒီနှစ် အဲဒါကို ၄ ပုဒ်ပဲ မေးတော့မယ်။ ဒီထဲကမှ ၂ ပုဒ်ဖြေရမယ်။ အရင်ကတော့ ကျောင်းသားကို ရိုးရိုးသားသား ဒီအကြောင်းအရာကို ဖော်ပြပါ ဒီလောက်ပဲမေးတာ။ ဒီနှစ်မေးခွန်းမှာတော့ အဆိုအမိန့်တွေတင်ပြပြီးတော့ ကျောင်းသားရဲ့ ထင်မြင်ချက်၊ ကျောင်းသားရဲ့ ဝေဖန်ပိုင်းခြားမှုတွေပေါ် ထွက်လာနိုင်တဲ့ မေးခွန်းလေးတွေ ပြင်ဆင်မှာပါ။ (ဃ) အပိုင်းမှာလည်း ပုဒ်ရှည် Presentation တင်ဆက်ပုံတွေပါမယ်။ ကျောင်းသားက ဒါကြီးကို အလွတ်ကျက်ထားတာထက် စာတစ်ပုဒ်ရဲ့ အကြောင်းအကျိုးလေးတွေကို စာစီစာကုံးရေးသလို ကြောင်းကျိုးဆက်စပ်ပြီး ကွင်းဆက်အလိုက်ရေးရတဲ့ ပုံစံပါမယ်။ အောက်ဆုံးမှာ ပြဋ္ဌာန်းစာအုပ်ထဲမှာ ဝေဖန်ပိုင်းခြားမှု သုံးသပ်မှုတွေ ပါချင်မှပါမယ်။ အဲဒါကို ကျောင်းသားက ဘယ်လိုမြင်တယ်ဆိုတဲ့ သုံးသပ်ချက်ပါရမယ်။ ဒီသုံးသပ်ချက်ပေါ် မူတည်ပြီး အမှတ်ပေးစည်းမျဉ်းအတိုင်း အမှတ်ပေးမယ်။ ဒီ Presentation ကို ကျောင်းသားက ဘယ်လို လှလှပပတင်ဆက်နိုင်တယ် ဆိုတာကိုကြည့်ပြီး အမှတ်ပေးမယ်။ ဒီလိုသုံးသပ်ချက်တွေမေးမှာက အပိုင်း(ဂ) နဲ့ (ဃ) ၂ ပိုင်းလုံးမှာပါမယ်။ အားလုံးခြုံပြောရင် ပြောင်းတာက အပိုင်း(က) က နံပါတ် ၁ မှာ (ခ) ကို ဖြုတ်လိုက်တယ်။ ပြီးရင် အပိုင်း(ဂ) နဲ့ (ဃ) မှာမေးတဲ့ အပုဒ်ရေ လျော့သွားတယ်။ အဲဒါအပြောင်းအလဲပဲ။ 

Voice : ပြောင်းလဲတဲ့မေးခွန်းပုံစံက လွယ်လွယ်ကူကူ မေးထားတယ်ဆိုပေမယ့် ကျောင်းသားတွေဘက်က မေးခွန်းကိုဖြေဆိုနိုင်ဖို့ ဘာတွေပြင်ဆင်ထားဖို့ လိုပါမလဲ။ 
Dr.MMT : ဒါက ဆရာမဘက်က လွယ်ကူတယ်ဆိုပေမယ့် ကျောင်းသားဆိုတာက ဘယ်ဘာသာဖြစ်ဖြစ် ခက်မှာပဲ။ ကျောင်းသားဘက်က ဘာပြင်ဆင်ရမလဲဆိုရင် ပြဋ္ဌာန်းစာအုပ်ပေးထားတယ်။ အဲဒီပြဋ္ဌာန်းစာအုပ်ကို ဆရာမသင်တဲ့ အပိုင်းလောက်တင်မကဘဲ အလွတ်ကျက်ရမယ်လို့ မပြောဘူး။ ဘာပါရင် ဘာမေးနိုင်မလဲဆိုတာ သိအောင် ကောင်းကောင်းဖတ်ရမယ်။ တချို့ကလေးတွေက ပြဋ္ဌာန်းစာအုပ်ဖတ်ဖို့ ပျင်းကြတယ်။ ဒီပြဋ္ဌာန်းစာအုပ်ထဲမှာ သမိုင်းကွင်းဆက်တွေကို ချိန်ပြီးထည့်ထားတာ။ ဒီကွင်းဆက်ကို သဘောပေါက်မှ ကျောင်းသားတွေ အခက်အခဲမဖြစ်မှာ။ နောက်မှာချင်တာက ကျောင်းသားတွေက ရွေးကျက်တတ်ကြတယ်။ သမိုင်းကွင်းဆက်သိမထားဘဲ ရွေးကျက်လိုက်တဲ့အခါ ကျက်ထားတာနဲ့ မတိုးရင်မဖြေနိုင်ဘူးဆိုတာမျိုး ဖြစ်တတ်ကြတယ်။ ရွေးလည်း မကျက်ပါနဲ့။ ဖတ်စာအုပ်ကို စလယ်ဆုံးကျေညက်အောင် ကျက်တာထက် နားလည်သဘောပေါက်အောင် ဖတ်ထားရမယ်။ 

Voice : သင်ကြားမယ့် ဆရာ၊ ဆရာမတွေအနေနဲ့ရော ဘာတွေပြင်ဆင်ထားရပါမလဲ။ 
Dr.MMT : မေးခွန်းပုံစံပြောင်းမယ်ဆိုရင် အခြေခံမှာဆိုရင် သင်တန်းအဆင့်ဆင်ပေးထားမှာပါ။ ကျောင်းသားကို ကျောင်းစတက်ကတည်းက ပြဋ္ဌာန်းစာအုပ်ပေးလိုက်တယ်ဆိုတာ ဆရာမက ဖတ်ခိုင်းမှ ဖတ်ရမှာ မဟုတ်ဘူး။ ကျောင်းသားကိုယ်တိုင်က သူ့ဘာသာ ဖတ်ထားရမှာ။ ဆရာ၊ ဆရာမတွေကလည်း သင်ကြားနည်းကို သူတို့ဘာသာ ပြောင်းပါလိမ့်မယ်။ အခြေခံပညာရေးတစ်ခုလုံး ပြောင်းဖို့ဆိုတာ အခြေခံနဲ့ တက္ကသိုလ်က ချိတ်ဆက်ထားမှာပါ။ လက်တွေ့မှာ ကျောင်းသားတွေနဲ့ နီးကပ်နေတဲ့ ဆရာ၊ ဆရာမတွေကလည်း အဆင်သင့်ဖြစ်ပြီးသားပါ။

Voice : ဒီမေးခွန်းက အရင်ကထက်ပိုပြီး လွယ်ထားတယ်ဆိုတော့ ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ အရင်နှစ်ကထက် ဒီသမိုင်းဘာသာရပ်မှာ ဘယ်လောက်ပိုဖြေဆိုလာနိုင်မယ့်လို့ မျှော်လင့်ထားပါသလဲ။
Dr.MMT : အဲဒါကတော့ အပြောင်းအလဲတစ်ခုကို ပြောင်းသွားမယ်ဆိုရင် အကောင်းဆုံးဖြစ်မယ့်နည်းကို စဉ်းစားပြီးပြောင်းတာပါ။ သူတို့ဖြေနိုင်မလားဆိုတာ သူတို့အတွက် မခက်ပါဘူးလို့ပဲ ပြောနိုင်တယ်။ စဉ်းစားတွေးခေါ်နည်းတွေကို သူတို့ ပြဋ္ဌာန်းစာအုပ်ကို ကျေညက်အောင်ဖတ်ထားရင် စဉ်းစားတတ်ကြပါတယ်။ ပြဋ္ဌာန်းစာအုပ်ထဲမှာ ဒီမေးခွန်းတွေဖြေနိုင်ဖို့ ပြည့်ပြည့်ဝဝ ပါပြီးသားပါ။ ဒီမေးခွန်းပုံစံက မခက်ခဲအောင် အကောင်းဆုံး လုပ်ထားတာပါ။ မြန်မာနိုင်ငံ ပညာရေးပြုပြင်ပြောင်းလဲမှုအရ တွေ့ရတဲ့အတွေ့အကြုံ၊ စာစစ်ချိန်မှာ တွေ့ရတဲ့ အတွေ့အကြုံတွေအရ၊ ကျောင်းစာသင်ခန်းမှာ ဖြစ်ပျက်နေတာတွေအရ အဲဒါတွေ အကုန်လုံးကိုပေါင်းစပ်ပြီးမှ ဖြစ်နိုင်တယ်ဆိုတဲ့ဟာကို ပြောင်းတာပါ။ 

Voice : နောက်ဆုံးအနေနဲ့ ဘာများပြောချင်တာ ရှိပါမလဲ။ 
Dr.MMT : ကျောင်းသားတွေ ဘာမှမကြောက်ပါနဲ့။ ပိုပြီးလွယ်ကူအောင် ပြောင်းထားတာပါ။ မိဘတွေလည်း ဘာမှ ရတတ်မအေးမဖြစ်ကြပါနဲလို့လည်း ပြောချင်တယ်။ ပြောင်းလိုက်ပြီဆိုပြီး ရင်တုန်ပမ်းတုန် ဖြစ်မသွားကြပါနဲ့။ အပြောင်းအလဲတစ်ခုကိုလုပ်တိုင်း မိဘ၊ ပြည်သူ၊ ကျောင်းသားအားလုံးကို ထည့်စဉ်းစားပြီးမှ ပြောင်းတာပါ။ 

Voice : အခုလိုအချိန်ပေးပြီး ဆွေးနွေးပေးတာ ကျေးဇူးတင်ပါတယ်။

မြဇာခြည်သင်း

  • VIA