News

POST TYPE

SPECIAL SECTIONS

ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်၊ ရူပဗေဒဌာနကထိက ဒေါက်တာဇော်မျိုးလှိုင်နှင့် တွေ့ဆုံခြင်း
07-May-2018 tagged as ပညာရေး



“ပြောင်းလဲသွားတဲ့ ဒီနေ့မေးခွန်းအရ သိသိသာသာမပြောင်းလဲဘူး”

ယခုပညာသင်နှစ် (၂၀၁၈ - ၂၀၁၉) မှစ၍ တက္ကသိုလ်ဝင်တန်းကို မေးခွန်းပုံစံသစ်ဖြင့် စစ်ဆေးမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက ကြေညာပြီးနောက် ဘာသာရပ်အလိုက် မေးခွန်းပုံစံသစ်ပုံစံများကို နိုင်ငံပိုင်သတင်းစာများမှတစ်ဆင့် ပြည်သူလူထုထံ အသိပေးသည်။ ထိုအခြေအနေတွင် ရူပဗေဒဘာသာရပ်မေးခွန်းပုံစံသစ်အကြောင်း ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်၊ ရူပဗေဒဌာန ကထိက ဒေါက်တာဇော်မျိုးလှိုင်၏ ဆွေးနွေးချက်များကို စာဖတ်ပရိသတ်အတွက် ကောက်နုတ်ဖော်ပြလိုက်ပါသည်။ 

Voice : မေးခွန်းပုံစံဟောင်းနဲ့ ပုံစံသစ်မှာ ဘာတွေ ကွာဟမှုရှိလဲ။
UZMH : အများကြီး ထူးထူးခြားခြားမပြောင်းလဲဘူး။ ပြောင်းလဲတာက ၃ နေရာလောက်ပဲတွေ့တယ်။ မေးခွန်း နံပါတ် ၁ က အခါတိုင်းဆိုရင် Fill in the blanks နေရာကို Multiple Choice ပြောင်းလိုက်တယ်။ အဖြေမှန် ၃ ခုထဲက အဖြေမှန်တစ်ခု ရွေးပေါ့နော်။ နောက်တစ်ခု မေးခွန်းနံပါတ် ၂ က အရင်တုန်းက True OR False မေးတာ။ ခုအဲဒီနေရာကို Matching ပေးထားတဲ့ဇယားထဲကနေ အမှန်ယှဉ်တွဲပြီး သက်ဆိုင်ရာအတွဲလိုက် မှန်အောင်ပြန်တွဲပေးရတာ။ ၄ တွဲ ၄ မှတ်ဖိုး ဖြေခိုင်းတယ်။ အဲဒါတွေပြောင်းတယ်။ နောက်ပြီး အရင်မေးခွန်းက နံပါတ် ၉ မှာ သို့မဟုတ်ခံမေးတယ်။ နံပါတ် ၉ အပေါ်ပုဒ်ပဲ ဖြေဖြေ၊ အောက်ပုဒ်ပဲဖြေဖြေ ၄ မှတ်တန် ၂ ပုဒ်ရွေးခိုင်းတယ်။ ခုကျပြောင်းသွားတာက မေးခွန်းနံပါတ် ၁ ရယ်၊ မေးခွန်းနံပါတ် ၂ ရယ်၊ မေးခွန်းနံပါတ် ၉ ရယ်ပြောင်းတယ်။ စုစုပေါင်းပြောရရင် အရင်တုန်းက Choice တွေအနေနဲ့က မေးတာက ၁၅၂ မှတ်ရှိတယ်။ ခုက နံပါတ် ၉ က OR မပါတဲ့အတွက် ၄ မှတ်လျော့သွားတယ်။ ၁၄၈ မှတ်ပဲမေးတယ်။ ကျန်တာကိုတော့ ထူးထူးခြားခြား မပြောင်းဘူးလို့ပြောရမယ်။ ပြောင်းတယ်လို့တောင် မမြင်ပါဘူး။ မေးခွန်းနံပါတ် ၁ နဲ့ ၂ က အရင်ကလည်း Objective Type ဓမ္မဒိဋ္ဌာန်မေးခွန်းပဲခုလည်း ဓမ္မဒိဋ္ဌာန်မေးခွန်းပဲ။ Section B ကတော့ အရင်အတိုင်းပဲ။ A မှာပဲ သုံးနေရာပြောင်းတာတွေ့တယ်။ နောက်အဓိကအချက်က မပြောင်းလဲဘူးဆိုတာက ဒီနေ့သတင်းစာမှာပါလာတဲ့အချက်ကိုကြည့်ပြီး ပြောနိုင်တာ။ တကယ့် နမူနာ မေးခွန်းတွေထုတ်ပေးခဲ့ရင်တော့ ဘယ်နေရာမှာထပ် ပြောင်းသလဲပြောနိုင်တာပေါ့။

Voice : မေးခွန်းပုံစံသစ်က ကျောင်းသား၊ ကျောင်းသူတွေအတွက် ပိုပြီးအဆင်ပြေစေတာလား။ ပိုပြီး ခက်ခဲစေတာလား။ 
UZMH : ကျောင်းသားအတွက် ပိုသက်သာသွားတယ်။ မေးခွန်းနံပါတ် ၁ မှာ ကွက်လပ်ဖြည့်မဟုတ်တော့ဘဲ Multiple Choice ဖြစ်လာတဲ့အတွက် အရင်ကဆိုရင် အဖြေကိုသိနေပေမယ့် စာလုံးပေါင်းမှားရင် အမှတ်လျော့နိုင်တယ်။ ခုတော့ စာလုံးပေါင်းရေးစရာမလိုဘဲ နံပါတ် အေ၊ ဘီ၊ စီ ကိုပဲ ရွေးပေးရမှာဖြစ်တဲ့အတွက် အမှားနည်းသွားနိုင်တယ်။ နားလည်ရုံနဲ့ အမှတ်ပြည့်ရနိုင်တယ်။ မေးခွန်းနံပါတ် ၂ မှာလည်း မှန်ကန်အောင်တွဲပေးနိုင်ရင် အမှတ်ပြည့်ရသွားနိုင်တယ်။ သတင်းစာမှာ ပါမောက္ခညွှန်ကြားတာ ဖတ်ရတယ်။ မေးခွန်းနံပါတ် ၂ မှာ အရင်တုန်းက True နဲ့ False ပဲမေးထားတာကြောင့် အဖြေမှန်ကို မသိသိတိုင်အောင် ထင်ရာရမ်းဖြေတာရှိတာ။ အဲဒီတော့ ကလေးကိုမစဉ်းစားခိုင်းပဲ မေးသလိုဖြစ်နေတယ်။ ဒါကြောင့်မို့ သူသိထားမှသာ တွဲပေးနိုင်တယ်။ ဒါတောင် အတွဲတစ်တွဲမှားရင် နောက်တွဲပါလိုက်မှားနိုင်တယ်။ အဲဒါကြောင့် ပြောင်းလိုက်တယ်ပေါ့။ အခက်အခဲတော့ ထူးပြီးမရှိနိုင်ဘူး။ နားလည်ရုံနဲ့ ပထမမေးခွန်း ၁ နဲ့ ၂ က ၈ မှတ်ရမယ်။ ဖြေတဲ့အခါမှာ နားလည်ရုံနဲ့ဖြေနိုင်မယ်။ အမှတ်လည်းအပြည့်ရဖို့ လွယ်သွားတယ်။ 

Voice : ဒီမေးခွန်းပုံစံသစ်အတွက် ဆရာတွေ၊ ကျောင်းသားတွေအနေနဲ့ ဘာတွေပြင်ဆင်ထားဖို့လိုမလဲ။
UZMH : အဲဒါကိုပြောဖို့က Sample Question ထွက်လာမှပဲ သေချာပြောနိုင်မယ်။ ခုက မေးခွန်းထုတ်တဲ့ ဆရာကြီး၊ ဆရာမကြီးတွေကိုလည်း အကြံပြုချင်တာက ဒီဘက်ပိုင်းမှာပါ ထပ်ပြီးပြောင်းစေချင်တယ်။ ပြောင်းဖို့လည်း အချိန်ရှိသေးတယ်။ Sample မေးခွန်းတွေလည်း ချပြပေးပါ။ ချပြပေးပြီးမှ နံပါတ် ၁၀ နောက်ပိုင်းတွေလည်း ပြောင်းလဲသလားဆိုတာ သိလာမယ်။ ဒါမှသာ အခြေခံပညာမှာ သင်ကြားမယ့် ဆရာ၊ ဆရာမတွေ သိသွားမယ်။ သိသွားမှ လေ့ကျင့်ချိန်လည်းရမယ်။ ကျောင်းသားတွေ ပုံစံပြောင်းပြီး လေ့ကျင့်ပေးချိန်ရမယ်။ ခုလတ်တလောအမြင်အရ ဒီတိုင်းပဲသွားနေတယ်လို့ မြင်ပါတယ်။ မေးခွန်းပြုစုတဲ့သူတွေကလည်း Sample မေးခွန်းတွေပြုစုနေမယ်။ မေးခွန်းတွေကိုလေ့ကျင့်ချိန်မရောက်ခင်မှာ ဒီ Basic Theory တွေကို ကျေကျေညက်ညက် သင်ထားပေးရင်းနဲ့ မေးခွန်းပုံစံအပြောင်းကိုစောင့်ရင် ရပါသေးတယ်လို့ ပြောချင်ပါတယ်။

Voice : ဒီမေးခွန်းပုံစံအပြောင်းအလဲပေါ်မှာ ဆရာအနေနဲ့ ဘာပြောစရာရှိလဲ။ ဒီအပြောင်းအလဲကို လက်ခံလား။
UZMH : ပြောင်းတော့ပြောင်းနေရမယ်ဗျ။ အပြောင်းအလဲကို ကြောက်နေတဲ့လူတွေလည်းရှိတယ်။ ပြောင်းမှာကြောက်တာက အရင်ပုံအတိုင်း နေသားမကျမှာမို့ ပြောင်းတာကြောက်တဲ့သူရှိတယ်။ တချို့ကကျ သံသယဝင်တာပေါ့။ ကျွန်တော်တို့နိုင်ငံမှာပြောနေတဲ့ အစမ်းသပ်ခံပညာရေးဆိုတာကို မကြိုက်ဘူး။ နိုင်ငံတကာမှာလည်း ပြုပြင်ပြောင်းလဲမှုအတွက် တီထွင်နေရတယ်။ ဆန်းသစ်နေရတယ်။ ဆန်းသစ်တာနဲ့ စမ်းသပ်တာနဲ့ မကွဲကြဘူး။ အဲဒါကြောင့် အစမ်းသပ်ခံပညာရေးလို့ ပြောတယ်။ စမ်းသပ်တာသည် အစဉ်အမြဲကို စမ်းသပ်နေရမယ်။ တိုးတက်တဲ့ စမ်းသပ်တာမျိုးတော့ ဖြစ်ရမယ်။ ခုလည်းစမ်းသပ်တယ်လို့ မမြင်ဘူး။ ဆန်းသစ်တယ်လို့မြင်တယ်။ တစ်နှစ်တည်းမှာ ဒီပုံစံနဲ့ အဆင်မပြေရင်လည်း ပြောင်းရဲရမယ်။ ဝေဖန်တဲ့သူကတော့ မျိုးစုံရှိမယ်။ ဒါပေမဲ့ ကျွန်တော်တို့ဟာ နိုင်ငံရဲ့ ကျောင်းသားတွေကို အရည်အသွေးမြင့်အောင် မွေးထုတ်တဲ့နေရာမှာ ဒီနည်းထက် နောက်ထပ်ကောင်းတဲ့နည်းတွေကို ပိုအသုံးချနေရမှာပဲ။ အမြဲတမ်းတော့ ပြောင်းလဲနေရမယ်။ ဒါပေမဲ့ ပြောင်းမယ်လို့သိထားတုန်းကနဲ့စာရင် အားမရဘူး။ ကျွန်တော်တို့ မျှော်လင့်ထားတာက နိုင်ငံတကာသွားနေတာက IGCSE ပေါ့။ အဲဒီပုံစံမှာကျတော့ မေးခွန်းထုတ်တဲ့သူက တော်တော်ပင်ပန်းမယ်။ ဘာကြောင့်လဲဆိုတော့ သူ့ရဲ့ Multiple Choice က ရိုးရိုးလေးမေးတာမဟုတ်ဘဲနဲ့ ပေးထားတာကလည်း အရှည်ကြီးတွေရေးပေးတယ်။ သေသေချာချာနားလည်မှသာ သူတို့ပေးထားတဲ့ ၄ ပုဒ်ကို မှန်မှန်ကန်ကန်ရွေးထုတ်နိုင်မှာ။ စာကိုသေချာလေ့လာ ထားတဲ့သူဆိုရင် ဒီ IGCSE က လွယ်လွယ်လေးနဲ့ အမှတ်ရနိုင်သလို နားမလည်တဲ့သူတစ်ယောက်အတွက်လည်း လွယ်လွယ်လေးနဲ့ အမှတ်လျော့မှာပဲ။ နားလည်နေရင် စာကျက်စရာမလိုဘူး။ ခုပြောင်းတဲ့ပုံစံက နံပါတ် ၁ နဲ့ ၂ ကလွဲလို့ ကျန်တာတွေကို အရင်အတိုင်းမေးမယ်ဆိုရင် ကျွန်တော်တို့ဆီမှာ ဘာတွေပါလဲဆိုရင် Law တွေ၊ Principle တွေ၊ Definition တွေကလည်း တော်တော်များများ မေးတယ်။ အဲဒီတော့ ကျက်စာတွေကတော့ တော်တော်များများလျော့မသွားသေးဘူး။ ကျက်စာတွေ ထပ်မေးဦးမယ်ဆိုတဲ့ အဓိပ္ပာယ်ထွက်နေတယ်။ ကျက်စာတွေက လျော့မသွားဘူး။ ကျက်စာတွေက Law တွေ၊ Principle တွေအပြင် Short Question တွေရှိသေးတယ်။ အရပ်ဘက်ကတော့ ဉာဏ်စမ်းမေးခွန်းလို့ ခေါ်နေတာပေါ့။ ကျွန်တော်တို့အမြင်ဆို ဉာဏ်စမ်းလို့တောင် ခေါ်မရဘူး။ မေးခွန်းဟောင်းပဲဖြစ်ဖြစ် လေ့ကျင့်ခန်းစာအုပ်တွေကပါထားတဲ့မေးခွန်းတွေ ပြန်မေးတာဆိုတော့ ကျက်ထား၊ မှတ်ထားနိုင်တဲ့သူဆိုဖြေနိုင်တယ်။ သူတို့ကိုယ်ပိုင်ဉာဏ်နဲ့ စဉ်းစားရတာမျိုးမဟုတ်ဘူး။ ကျက်စာတွေက ထူးထူးခြားခြား လျော့မသွားသေးဘူး။ ဖြစ်စေချင်တာက ကျက်စာတွေလျော့သွားစေချင်တယ်။ ကျောင်းသားက သိရုံနဲ့ နားလည်ရုံ၊ တွေးရုံနဲ့ သက်သောင့်သက်သာနဲ့ အမှတ်ရနိုင်တယ်။ ကျောင်းသားက တွေးတတ်ဖို့တော့ လိုတာပေါ့။ သင်ကြားရေးဘက်ကလည်း တွေးတတ်အောင် သင်ထားပေးရမယ်။ အတွေးမေးခွန်းတွေလည်း ပါစေချင်တယ်။ ဒါကြောင့် ဒီမေးခွန်းတာဝန်ယူမယ့် ဆရာ၊ ဆရာမကြီးတွေကို တိုက်တွန်းချင်တာက ဒီထက်ပိုပြီး နိုင်ငံတကာစံနှုန်းပြည့်ဆန်ဆန်လေး ပြောင်းစေချင်တယ်။

Voice : မေးခွန်းပုံစံပြောင်းမယ်ဆိုရင် သင်ကြားနည်းတွေရောပြောင်းဖို့လိုမလား။ ဘယ်လိုသင်ကြားရမှာလဲ။ 
UZMH : သင်ကြားနည်း သင်ကြားပုံဆိုတာက ဒီလိုတွေးရမယ်လို့ အတွေးကိုသင်ပေးတာမျိုး ဆရာတွေလိုမယ်။ တော်တော်များများက အပြင်တွေ၊ ကျူရှင်တွေမှာသင်ပေးတဲ့ပုံစံကလည်း အမှတ်ရဖို့ပဲ သင်ပေးနေတယ်။ တွေးတတ်ဖို့ ဒီပုစ္ဆာက ဒီလိုဖြစ်တယ်ဆိုရင် နောက်ပြဋ္ဌာန်းစာအုပ်ထဲမှာမပါတဲ့ နမူနာတွေ၊ ဥပမာတွေ ပြောပြရှင်းပြနိုင်ရမယ်။ ဆရာကိုယ်တိုင်က ကျယ်ကျယ့်ပြန့်ပြန့်လေ့လာထားပြီး ကျောင်းသားကို မျက်စိဖွင့်ပေးတဲ့သူဖြစ်ရမယ်။ သင်ကြားမှုပုံစံတွေ ပြောင်းရမယ်။ ဒါ့အပြင် မျှော်လင့်ထားတာက ပြဋ္ဌာန်းစာအုပ်လည်း ပြောင်းရမယ်။ ပြဋ္ဌာန်းစာအုပ်က ကျွန်တော်သိသလောက် နှစ်ပေါင်း ၂၀ ကျော်၊ ၃၀ ကျွန်တော်တို့ ကျောင်းသားဘဝကပုံစံပဲ ဖြစ်နေသေးတယ်။ အကြောင်းအရာတွေမှာ အသစ်အသစ်သော လေ့လာတွေ့ရှိချက်တွေ ပြောင်းလဲသွားတာတွေရှိတယ်။ ကျွန်တော်တို့ စာအုပ်ကလည်း ပြောင်းလဲနေရမယ်။ ဒါပေမဲ့ နိုင်ငံရဲ့ ဘဏ္ဍာရေးအခြေအနေကြောင့်လားမသိဘူး။ ဒီစာအုပ်က ကျွန်တော်တို့ငယ်ကတည်းကပုံစံပဲ ဖြစ်နေသေးတယ်။ ပြောင်းလဲမယ့်သင်ရိုးတွေအတွက်လည်း ဝန်ကြီးဌာနဘက်က ဆရာ၊ ဆရာမတွေကိုလည်း မွမ်းမံသင်တန်းတွေပေးဖို့ စီစဉ်စေချင်တယ်။

Voice : နောက်ဆုံးအနေနဲ့ မေးခွန်းပုံစံသစ်နဲ့ ပတ်သက်ပြီး ပြောစရာရှိရင် ပြောနိုင်ပါတယ်။
UZMH : ခုနကပြောသလိုပဲ Sample မေးခွန်းတွေ အမြန်ဆုံးထုတ်ပေးပါ။ လိုအပ်တဲ့ မွမ်းမံသင်တန်းတွေကိုလည်း သက်ဆိုင်ရာ အစိုးရအစီအစဉ်နဲ့လုပ်ပေးပါ။ ပြောင်းလဲသွားတဲ့ ဒီနေ့မေးခွန်းအရ သိသိသာသာမပြောင်းလဲဘူး။ Section A မှာပဲပြောင်းတယ်။ Section B ဘက်ကမပြောင်းသေးဘူး။ B ဘက်က ၆၄ မှတ်ဖိုးရှိတယ်။ မေးခွန်းရဲ့ ၃ ပုံ ၂ ပုံလောက်ရှိတယ်။ အဲဒီဘက်မှာ တကယ့်ပုံစံလေးတွေထပ်ပြောင်းဦးမှာဆိုရင် မွမ်းမံသင်တန်းတွေပေးပါ။ Sample မေးခွန်း တွေချပေးပါ။ ဒါမှသက်ဆိုင်ရာ ဆရာ၊ ဆရာမတွေက အချိန်မီ ဒီမေးခွန်းကိုလေ့ကျင့်သင်ကြားပေးနိုင်မယ်။

မြဇာခြည်သင်း