POST TYPE

SPECIAL SECTIONS

ဒဂုံတက္ကသိုလ် ဓာတုဗေဒဌာန ကထိက ဦးသန်းနိုင်နှင့် တွေ့ဆုံခြင်း
06-May-2018



“၈ မှတ်တန်ကျမှ ရွေးချယ်စရာ ၂ ပုဒ် လျှော့ပစ်လိုက်တာ”

အပြောင်းအလဲတိုင်းတွင် စိန်ခေါ်မှုရှိစမြဲသာဖြစ်သည်။ ပညာရေးကဏ္ဍ အပြောင်းအလဲအဖြစ် ယခုနှစ်မှစ၍ တက္ကသိုလ်ဝင်စာမေးပွဲကို မေးခွန်းပုံစံသစ်ဖြင့် စစ်ဆေးမည်ဖြစ်သည်။ ဓာတုဗေဒဘာသာရပ် မေးခွန်းပုံစံသစ်ကို မေလ ၅ ရက်တွင် နိုင်ငံပိုင်သတင်းစာမှတစ်ဆင့် ပြည်သူလူထုနှင့် မိတ်ဆက်လိုက်သည်။ မေးခွန်းပုံစံသစ်အရ ဆရာများနှင့် ကျောင်းသားများ ကြုံတွေ့လာနိုင်သည့် စိန်ခေါ်မှုများအကြောင်း ဒဂုံတက္ကသိုလ် ဓာတုဗေဒဌာန ကထိက ဦးသန်းနိုင်၏ ဆွေးနွေးအကြံပြုချက်များကို The Voice စာဖတ်ပရိသတ်များအတွက် ကောက်နုတ်ဖော်ပြလိုက်ပါသည်။

Voice : မေးခွန်းပုံစံအပြောင်းအလဲမှာ မေးခွန်းဟောင်းနဲ့ မေးခွန်းပုံစံသစ် ဘာတွေကွာဟမှုရှိပါသလဲ။
UTN : ဓာတုဗေဒမေးခွန်းပုံစံသစ်မှာ ပြောင်းလဲတာက Section B Section B မှာ ပါတဲ့ မေးခွန်းနံပါတ် ၈ ပဲ။ အဲဒီမှာပဲ အရင်တုန်းကဆိုရင် ၈ ပုဒ်မေးရင် ၄ ပုဒ်ဖြေရတယ်။ ခုဟာက Choice လျှော့ပစ်လိုက်တယ်။ ခုက ၆ ပုဒ်ပေးမယ်။ ကလေးတွေက ၄ ပုဒ်ဖြေရမယ်။ အဓိကပြောင်းတာ အဲဒါတစ်ခုပဲရှိတယ်။ ကျန်တဲ့ Section A မှာလည်း Objective Type က စုစုပေါင်း ၇ ကြောင်း ၇ မှတ် အရင်ကနဲ့အတူတူပဲ။ Fill in the Blanks မှာလည်း ၇ ကြောင်း ၇ မှတ်၊ Multiple Choice မှာလည်း ၇ ကြောင်း ၇ မှတ်၊ Matching မှာလည်း ၇ ကြောင်း ၇ မှတ်၊ Definition မှာလည်း ၈ ကြောင်း ၈ မှတ်။ ၃၆ မှတ်ဖိုး ကွက်တိ အကုန်တူတယ်။ ကျန်တဲ့ Section တွေကလည်း ၂ မှတ်တန်တွေရော အရင်အတိုင်း အကုန်တူတယ်။ ဒီနံပါတ် ၈ က ၈ မှတ်တန်ကျမှ ရွေးချယ်စရာ ၂ ပုဒ် လျှော့ပစ်လိုက်တာ။ အဲဒါလေးပဲ အပြောင်းအလဲဖြစ်တယ်။ အပြောင်းအလဲ ဖြစ်သွားတဲ့အတွက် ၈ မှတ်တန်က မေးခွန်းဟောင်းမှာဆိုရင် အရင်အခန်း ၉ ခန်းကနေ လှည့်မေးတယ်။ ခုကျ ၂ ပုဒ် ဖြုတ်လိုက်တဲ့အတွက်ကြောင့် ကလေးတွေအနေနဲ့ ကြည့်မယ်ဆိုရင် သတင်းစာထဲမှာ မေးခွန်းခန့်မှန်းတာ ပိုလွယ်တယ်လို့ ရေးထားတယ်။ တကယ်တော့ မလွယ်ဘူး။ ပိုပြီးတော့တောင် ခက်သွားတယ်။ သင်္ချာမေးခွန်းတွေဆိုရင် ဘယ်အခန်းကလဲဆိုတာ အညွှန်းတွေပါတယ်။ ၈ မှတ်တန်သည် ဘယ်အခန်းကဆိုပြီး တိတိကျကျ ညွှန်းထားတာမရှိဘူး။ အရင်မေးခွန်းဟောင်းမှာဆိုရင် ရှေ့ ၉ ခန်းကနေလှည့်မေးတယ်။

Voice : ပြောင်းလဲလိုက်တဲ့မေးခွန်းပုံစံကို ဖြေဆိုနိုင်အောင် ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ ဘာတွေပြင်ဆင်ထားရမလဲ။
UTN : အရင်ပုံစံမေးခွန်းမှာဆိုရင် အများစုဖြေတာသည် Chapter 3၊ Chapter 7၊ Chapter 13၊ အဲဒါ တွေအပိုင်ဖြေတယ်။ နောက် ဓာတ်ငွေ့ထုတ်ဖော်ပုံတွေ ဖြေတယ်။ တော်တဲ့ကလေးတွေက  Chapter 14၊ Organic ၂ ပုဒ်လုံးဖြေတယ်။ အပိုင်သိပြီးသား။ ကလေးတွေအနေနဲ့ လွှတ်လို့ရတဲ့အပိုင်းတွေရှိတယ်။ ခုကျ အဲလိုအပိုင်ပြောဖို့ခက်သွားပြီ။ ဒါပေမဲ့ ၈ မှတ်တန်မှာ ပုဒ်ခွဲလေးတွေသည် အရင်ပုံစံမှာဆိုရင် Organic ခန်းမှာပဲရှိတယ်။ ခုသတင်းစာထဲက မေးခွန်းပုံစံမှာ ဆိုရင် ၈ မှတ်တန်ရဲ့ အေ၊ ဘီသည် ဘာပြန်လာနိုင်လဲဆိုရင် သူတို့က Organic (Chapter 14) အတွက်ပဲ နမူနာပေးထားတာလား စဉ်းစားစရာရှိတယ်။ တကယ်လို့ သူတို့က Organic မှာ ၂ ပုဒ်မေးခဲ့ရင် ဖြေရမှာက ၆ ပုဒ်ဆိုတော့ နုတ်လိုက်ရင် ၄ ပုဒ်ပဲကျန်တယ်။ ကလေးက Organicမကြည့်တဲ့ ကလေးဆိုရင် ကျန်တဲ့ ၈ မှတ်တန် ၄ ပုဒ်ကို ကွက်တိရဖို့ ရှေ့ ၈ ခန်းကို အပိုင်ကြည့်မှရမယ်။ တစ်ခုရှိတာက Sample Question ကို ၆ လပိုင်းဆိုရင် ကျောင်းတွေပို့မယ်တော့ ကြားတယ်။ အရင်မေးဖူးသမျှ မေးခွန်းအရဆိုရင် ကလေးက ၉ ခန်းလုံးကြည့်မှ ဒီအမှတ်တွေရမယ်။ အရင်တုန်းက Manufacture တို့ဆိုရင် အပုဒ်လိုက်မေးတယ်။ ၆ ပုဒ်ကျက်ထားရင် တစ်ပုဒ်ပါရင် ၈ မှတ်ရမယ်။ အဲလိုမျိုးမေးတာကို ဘယ်လိုပြောင်းမလဲဆိုတာ နမူနာမေးခွန်းပုံစံသိမှ အဆင်ပြေမယ်။ IGCSE လို မွှေနှောက်ပြီးမေးမယ်ဆိုရင် အဆင်မပြေဘူး။ အဲလိုလည်း မေးမယ်မထင်ဘူး။ အဲလိုဆိုရင်လည်း အကျများမယ်။

Voice : မေးခွန်းပုံစံ အပြောင်းအလဲကြောင့် ကျောင်းသားတွေအနေနဲ့ ဘာတွေအခက်အခဲဖြစ်လာနိုင်လဲ။
UTN : Choice နည်းသွားတဲ့အတွက် မေးခွန်း ၈ မှာ ၆ ပုဒ်ပေးပြီး ၄ ပုဒ်ဖြေရမယ်ဆိုတော့ ရွေးချယ်စရာ နည်းသွားတယ်။ ဘာအညွှန်းမှ ပေးမထားဘူးဆိုရင် ၉ ခန်းလုံးကြည့်ရမှာ။ ၉ ခန်းလုံးကြည့်တယ်ဆိုရင် Organic မနိုင်တဲ့ကလေးတွေက အဲဒီအခန်းကို နုတ်လိုက်မယ်ဆိုရင် ၉ လုံးအပိုင်ကြည့်မှ ၈ မှတ်တန်အပြည့်ရမယ်။ မဟုတ်ရင် မရနိုင်ဘူး။ အနည်းဆုံး ၈ ခန်းကြည့် ရမယ်။ အဓိက ၄ မှတ်တန် ပြဿနာမရှိဘူး။ ဒေါက်တာခိုင်မြဲ ပြောသလို စဉ်းစားတွေးခေါ်တဲ့ မေးခွန်းတွေ မေးလာမယ်ဆိုရင် Subject Matter တွေ၊ Theory Background တွေ ပိုင်အောင်ကြည့်ရမယ်။ နောက် Question Problem တွေ ပိုင်အောင်လုပ်ရမယ်။ ဒီဘာသာရပ်အကြောင်းအရာကို မပိုင်ဘဲနဲ့တော့ ဒီနှစ်က အမှတ်ထူးချွန်ဖို့မလွယ်ဘူး။ ဒီနှစ်က စဉ်းစားတွေး ခေါ်တတ်တဲ့ဟာ ထည့်ရမယ်ဆိုတာ သတင်းစာထဲမှာလည်း ရေးထားတယ်။ အောင်မှတ်အတွက်က အရမ်းမခက်ခဲဘူး။ စဉ်းစားတွေးခေါ်တဲ့မေးခွန်းကို ဘယ်လောက် ရာခိုင်နှုန်းထည့်မလဲဆိုတာ မကြေညာရသေးဘူး။ ကျွန်တော်တို့ဆီမှာက ကလေးက ဒါမေးဒါဖြေတဲ့ မေးခွန်းတောင်မှ တော်တော်လေးကိုခက်ခဲတယ်။ သတင်းစာထဲမှာပါတာက မေးခွန်းသစ်က အမှတ်ဖောင်းပွမှုကို လျှော့ချနိုင်တယ်လို့ပါတယ်။ နောက်အားသာချက်က ရွေးချယ်ရန် ပိုများလာတယ်။ နောက် ယခင် မေးခွန်းပုံစံအရ လိုအပ်သည်ထက် ရွေးချယ်ရန် မေးခွန်းပိုများတာကြောင့် မေးခွန်းခန့်မှန်းရလွယ်တယ်လို့ပါတာ တကယ်က မဟုတ်ဘူး။ ကလေးက Choice နည်းတာကြောင့် ပိုပြီးခန့်မှန်းရခက်မယ်။

Voice : ဆရာ၊ ဆရာမတွေအနေနဲ့ရော ဘာတွေပြင်ဆင်ထားရမလဲ။
UTN : ခုပုံစံအတိုင်းဆိုရင် စဉ်းစားတွေးခေါ်တတ်တဲ့မေးခွန်းက နှစ်အစမှာကတည်း ကလေးတွေကို ဘာသာရပ်အကြောင်းအရာကို သေသေချာချာ ပြဋ္ဌာန်းစာအုပ်မှာပါတဲ့ အကြောင်းအရာကို အသေးစိတ်သင်ဖို့လိုတယ်။ အဲဒါမှပဲ အဆင်ပြေမယ်။ ပြဋ္ဌာန်းစာအုပ်မှာလည်း နှိုက်နှိုက်ချွတ်ချွတ်မေးလို့ရတဲ့ အပိုင်းလေးတွေရှိတယ်။ အဲဒါတွေက ဆရာတွေက သင်မှရမှာ။ အသေးစိတ်ကို သင်ရမယ်။ သူကိုယ်တိုင်လည်း လေ့လာထားရမယ်။ အရင်ကဆို ဆရာတွေက အခန်း ၁ ကနေ ၇ ထိသင်တယ်။ အခန်း ၁၃ သင်တယ်။ ဓာတ်ငွေ့ထုတ်ဖော်ပုံသင်တယ်။ ကလေးကလည်း လွှတ်ကြည့်လို့ရတယ်။ ညံ့တဲ့ကလေးကျတော့ ၁၅ ခန်းလုံးမသင်တော့ဘူး။ ခုတော့ ၁၅ ခန်းလုံးကို နှံ့နှံ့စပ်စပ်သင်ဖို့လိုလာပြီ။ ဒီနှစ်ဆိုရင် Sample Question လည်း ပေးမထားဘူး။ သူတို့မေးချင်ရာမေးမှာ။ အဲဒီတော့ ကိုယ့်ဘက်က ၁၅ ခန်းလုံး လုပ်မှရမယ်။

Voice : ဒီဓာတုဗေဒဘာသာရပ်မေးခွန်း အပြောင်းအလဲကြောင့် စာမေးပွဲ အအောင်အရှုံးပေါ်မှာရော ထိခိုက်မှုရှိနိုင်လား။
UTN : အအောင်အရှုံးတော့ အများကြီးထိခိုက်မှု မရှိနိုင်ဘူး။ အောင်မှတ်ဖိုးကတော့ သေချာစာလုပ်ထားရင် ကြောက်စရာမလိုဘူး။ ဂုဏ်ထူးနဲ့ အမှတ် ၉၀ ကျော်တွေက နည်းနည်းလေး ပိုပြီးနည်းလာမယ်။ အရင်လို အမှတ်တွေ အရမ်းကြီးကောင်းချင်မှ ကောင်းမယ်။ အရင်တုန်းက အမှတ်တွေက ၈၈၊ ၉၉၊ ၁၀၀ ဆိုတာက ကြိုးစားရင် အဲသလောက်မခက်ဘူး။

Voice : နောက်ဆုံးအနေနဲ့ ဘာများ ထပ်ဖြည့်ပြောချင်ပါသေးလဲ။
UTN : မေးခွန်းပုံစံက စဉ်းစားတွေးခေါ်မှု ဘယ်လောက်ပါမယ်ဆိုတာ တကယ်မေးခွန်းထွက်လာမှပဲ သိမယ်။ Sample Question ကိုတော့ ထုတ်ပေးစေချင်တယ်။ နောက်တစ်ခုက မေးခွန်းပုံစံကို ပိုပြီးတိတိကျကျလေး ပြောနိုင်ရင်တော့ ကောင်းတယ်။ ပုံစံသာပြောင်းသွားတယ်။ မေးတဲ့ပုံစံက မပြောင်းလဲဘူးဆိုတော့လည်း ဒီတိုင်းဒီတိုင်းသွားမှာပဲ။ Sample Question ကို ကြည့်ဖို့လိုတယ်။ ဖြစ်နိုင်မယ်ဆိုရင် IGCSE ပုံစံမျိုး မေးစေချင်တယ်။ လောလောဆယ် ပြောင်းလဲဖို့လည်း မလွယ်သေးဘူး။ ပြောင်းလဲမှုကို ကြိုဆိုပါတယ်။ ကောင်းတဲ့ပြောင်းလဲခြင်းမျိုး ဖြစ်စေချင်တယ်။

မြဇာခြည်သင်း


  • VIA