News

POST TYPE

SPECIAL SECTIONS

ဒဂုံတက္ကသိုလ် သင်္ချာဌာန လက်ထောက်ကထိက ဦးသန့်ဇင်နှင့် တွေ့ဆုံခြင်း
06-May-2018 tagged as ပညာရေး

“နောက်ပိုင်းအခန်းတွေကို လုံးဝလွှတ်လို့မရတော့တဲ့ အနေအထားဖြစ်သွားပြီ”

အပြောင်းအလဲတိုင်းတွင် စိန်ခေါ်မှု ရှိစမြဲသာဖြစ်သည်။ ပညာရေးကဏ္ဍ အပြောင်းအလဲအဖြစ် ယခုနှစ်မှစ၍ တက္ကသိုလ်ဝင်စာမေးပွဲကို မေးခွန်းပုံစံသစ်ဖြင့် စစ်ဆေးမည်ဖြစ်သည်။ သင်္ချာဘာသာရပ် မေးခွန်းပုံစံသစ်ကို မေလ ၄ ရက်တွင် နိုင်ငံပိုင်သတင်းစာမှတစ်ဆင့် ပြည်သူလူထုနှင့် မိတ်ဆက်လိုက်သည်။ မေးခွန်းပုံစံသစ်အရ ဆရာများနှင့်ကျောင်းသားများ ကြုံတွေ့လာနိုင်သည့် စိန်ခေါ်မှုများအကြောင်း ဒဂုံတက္ကသိုလ် သင်္ချာဌာန လက်ထောက်ကထိက ဦးသန့်ဇင်၏ ဆွေးနွေးအကြံပြုချက်များကို The Voice စာဖတ်ပရိသတ်များအတွက် ကောက်နုတ်ဖော်ပြလိုက်ပါသည်။

Voice : မေးခွန်းပုံစံသစ်နဲ့ မေးခွန်းပုံစံဟောင်းမှာ ဘာတွေပြောင်းလဲသွားတာ တွေ့ရပါသလဲ။
UTZ : ဘာသာရပ်ဆိုင်ရာမေးခွန်းမှာ သင်္ချာဘာသာရပ်က သိသိသာသာ ပြောင်းလဲမှု ဖြစ်သွားတယ်။ အရင်တုန်းက ၁ မှတ်တန်လို့ခေါ်တဲ့ Multiple Choice က ခုမေးခွန်းပုံစံသစ်မှာ လုံးဝပါမလာတော့ဘူး။ ဘာတွေ အသားပေးမေးထားလဲဆိုရင် ၃ မှတ်တန်နဲ့ ၅ မှတ်တန်ကို အသားပေး မေးထားတယ်။ ၃ မှတ်တန်နဲ့ ၅ မှတ်တန်မှာ အရင်တုန်းကဆိုရင် ရှေ့ ၇ ခန်းကြည့်ရင် အောင်မှတ် တော်တော်များများ ရတယ်။ ခုဟာက အဲသလို အခန်းဖြတ်ကြည့်လို့မရအောင် အခန်းတွေကို မျှမေးထားတယ်။ ပြီးတော့ ၁၂ ခန်းကြည့်ရမယ့်အထဲမှာ မဖြစ်မနေကြည့်ရမယ့် အခန်းတွေ တိုးလာတယ်။ ဒါမျိုးတော့ အပြောင်းအလဲဖြစ်လာတယ်။ အရင်မေးခွန်းပုံစံမှာ အဖြေလည်းပါတဲ့ ၁ မှတ်တန်ဖြစ်တဲ့အတွက် A,B,C,D,E ကို နံကြားထောက်ပြီး ဖြေလို့ရတယ်။ ခုကျ ကိုယ်ပိုင်တွက်ရမယ့်အပိုင်း ဦးစားပေးလာတယ်။ အဖြေဘယ်လောက်ပဲရနေပါစေ တွက်တာမမှန်ရင် အမှတ်မရတော့ဘူး။ ၁ မှတ်တန်တုန်းကကျ တွက်တာမှားလည်း အဖြေမှန်ရင် အမှတ်ရတယ်။ ရမ်းသန်းပြီးလည်း ဖြေခွင့်ရှိတယ်။ အဲဒီမှာက ၁ မှတ်တန်တင်ပဲ အမှတ် ၁၀၀ မှာ လေးပုံတစ်ပုံအပြည့် ၂၅ မှတ်ဖိုးယူတယ်။ ခုကျ အဲဒါမျိုး တစ်ခုမှ ပါမလာဘူး။နောက်ပြီး Section B မှာ ရှေ့ပိုင်း ၇ ခန်းမေးမယ်။ Section C မှာ နောက် ၅ ခန်းမေးမယ်လို့ပါတယ်။ အရင်တုန်းက Section C မှာချည်း ၅ မှတ်တန်တွေ ပြုံမေးခဲ့တယ်။ ခုကကျ ကလေးတွေ လွှတ်လေ့လွှတ်ထရှိတဲ့ နောက်ပိုင်းအခန်းတွေကို Section C မှာ မေးတယ်။ နောက်ပိုင်းအခန်းတွေကို လုံးဝလွှတ်လို့မရတော့တဲ့ အနေအထားဖြစ်သွားပြီ။ မဟုတ်ရင် ဂုဏ်ထူးမှတ်မှာ တအားစကားပြောသွားမယ်။ အပြောင်းအလဲကတော့ ဖြစ်သွားတယ်။ ပညာရေးအပြောင်းအလဲတစ်ခုကို ဖော်ဆောင်နိုင်မလားဆိုတာ မေးစရာတွေအများကြီးကျန်ခဲ့တယ်။

Voice : ဒီမေးခွန်းပုံစံ အပြောင်းအလဲအကြောင့် ကျောင်းသားတွေအနေနဲ့ ဘာတွေ အခက်အခဲဖြစ်လာနိုင်မလဲ။
UTZ : ရှေ့ပိုင်း ၇ ခန်းကြည့်လိုက်ရင် Section B မှာ အမှတ် ၄၀ ရမယ်။  Section A မှာ ၁၈ မှတ်ရမယ်။ ရှေ့ ၇ ခန်းကြည့်ရင် စုစုပေါင်း ၅၈ မှတ်ရမယ်။ အဲဒီ ၅၈ မှတ်သည် ရှေ့ပိုင်း ၇ ခန်းကိုကြည့်ထားပြီး ဘာလာလာ ဖြေနိုင်ရင်ရမယ်။ ဒါပေမဲ့ ဒီပမာဏက တက္ကသိုလ်ဝင်ခွင့် စနစ်အရ တက္ကသိုလ်ခွဲခြားတဲ့အခါမှာဆိုရင် လုံလောက်တဲ့ အမှတ်မဟုတ်ဘူး။ သင်္ချာဘာသာကို ရွေးမယ်ဆိုရင် သင်္ချာဘာသာရပ်က ၆၀ ရရမယ်လို့ပါတယ်။ ဒါကြောင့် ရှေ့ပိုင်း ၇ ခန်းကြည့်မယ်ဆိုရင် အမှတ်ပြည့်ဖြေနိုင်ရင်တောင် ၅၈ မှတ်ပဲရမယ်။ ဒါကြောင့် တက္ကသိုလ်မှာ သင်္ချာဘက်ကို ရောက်မလာတော့ဘူး။ အောင်မှတ်ကတော့ ရနေတယ်။ သို့သော် အမှတ်ကောင်းတဲ့အနေအထား ဂုဏ်ထူးမှတ်ဝင်နိုင်တဲ့ အနေအထားကို ပေးမထားဘူး။ နောက်ခန်းတွေ မဖြစ်မနေကြည့်မှ အဲဒီ အမှတ်တွေရတော့မယ်။ ကျွန်တော်မြင်တာ ကျောင်းသားတွေအနေနဲ့ အခက်အခဲတွေကတော့ အများကြီးပဲ။ ကိုးတန်းထိကို မအောင်မနေရပုံစံမျိုးနဲ့ လုပ်ထားခဲ့တယ်။ ဆယ်တန်းရောက်ခါမှ စဉ်းစားတွေးခေါ်မှုကို အခြေခံပြီးမေးမယ်ဆိုတော့ ကလေးတွေကို ဒီစနစ်ကြီးက ထိပ်ပိုင်းရောက်မှ ရိုက်ချသလိုဖြစ်မယ်။ နောက်တစ်ခါ ပညာရေးစီမံခန့်ခွဲမှုမှာ အမှားတွေရှိတယ်။ တက္ကသိုလ်က ဆရာကြီး၊ ဆရာမကြီးတွေက မေးခွန်းတွေထုတ်တယ်။ မေးခွန်းက တစ်စုံတစ်ရာအားနည်းချက်တွေ ရှိနေတုန်းပဲ။ မေးခွန်းမပြည့်စုံတာမျိုး၊ ကလေးတွေဖြေလို့ရနိုင်တဲ့ ဘောင်တွေ ပြည့်ပြည့်စုံစုံ ပေးမထားတာမျိုးတွေ အများကြီးရှိတယ်။ ဒါကို ဆရာ၊ ဆရာမတွေနဲ့ ကလေးတွေကပဲ တာဝန်ယူဖြေရှင်းရတယ်။ အခြေခံပညာက သင်တဲ့ဟာကို အဆင့်မြင့်ပညာကဆရာတွေက စစ်တယ်။ အခြေခံပညာကစာမေးပွဲအတွက် အဆင့်မြင့်ပညာက မေးခွန်းထုတ်တယ်။ အဲဒီအခါမှာ ဒီနှစ်ခုကြားမှာ လွဲချော်မှုရှိလာပြီး ကလေးတွေက ရင်ဆိုင်ရတယ်။ ဒါတွေကို လက်တွေ့ရင်ဆိုင်ရတဲ့ ကျောင်းသားလူငယ်တွေအတွက် တရားမျှတမှုမရှိဘူး။

Voice : လက်ရှိ တက္ကသိုလ်ဝင်ခွင့်စနစ်အရ အမှတ်ကောင်းကောင်းရဖို့နဲ့ ဒီအပြောင်းအလဲပေါ်မှာ အံဝင်ခွင်ကျဖြစ်အောင် ကျောင်းသားတွေအနေနဲ့ ဘာတွေပြင်ဆင်ထားရမလဲ။
UTZ : သူတို့တွေ တကယ်ကို စာကို သေသေချာချာ လုပ်ဖို့လိုလာပြီ။ သင်္ချာနဲ့ပတ်သက်ပြီး လက်ရှိမေးခွန်း ပုံစံအရ တကယ်တွက်ပြနိုင်မှ အမှတ်ရတော့မယ်။ အဲဒီမှာမှ ဒီအမှတ်ပေးတဲ့ စနစ်တွေကို ကျေကျေညက်ညက် နားလည်ထားဖို့လိုတယ်။ သင်္ချာမှာဆိုရင် ပုစ္ဆာတစ်ပုဒ်ကို ဖြေလိုက်ရင် ဘယ်နေရာမှာ အမှတ်ပေးတယ်ဆိုတဲ့ အမှတ်ပေးတဲ့ အချက်လေးတွေရှိတယ်။ အဲဒီအချက်တွေကို သေသေချာချာ တိတိကျကျဖြေနိုင်မှ အမှတ်ရမယ့်ပုံစံဖြစ်သွားပြီ။ အရင်တုန်းကလို တစ်မှတ်တန် ၂၅ မှတ်ဖိုးကို ရမ်းသန်းပြီးဖြေလို့မရတော့ဘူး။ နောက်တစ်ခုက ရွေးချယ်ခွင့်ပုစ္ဆာတွေ ပိုပိုပြီးနည်းလာပြီ။ အဲဒီအနေအထားဖြစ်လာတဲ့အခါ ထဲထဲဝင်ဝင် လေ့လာထားဖို့လိုပြီ။ ဆရာတွေဘက်ကလည်း သေချာပြင်ဆင်ထားဖို့လိုတယ်။

Voice : ဆယ်တန်းတွေကို ရေးဖြေတစ်ခုတည်းနဲ့ စစ်ဆေးတာကို မထောက်ခံဘူးဆိုတော့ ဘယ်လိုပုံစံမျိုး စစ်ဆေးစေချင်တာလဲ။
UTZ : ဥပမာပေါ့ ကျောင်းသားတွေရဲ့ တစ်နှစ်တာလုံး အခန်းတွဲလေ့လာသင်ယူမှုတွေကို အမှတ်ပေးသွားနိုင်မယ်။ တစ်နှစ်တာလုံး အခန်းတွဲလေ့လာမှုကို တောက်လျှောက် အမှတ်ပေးသွားနိုင်မယ်။ သူတို့ရဲ့လုပ်ဆောင်ချက်တွေ သူတို့ရဲ့အားထုတ်မှုတွေကို အမှတ်ပေးတဲ့ အနေအထားမျိုးပေါ့။ စာမေးပွဲမှာ အမှတ်တစ်ရာနဲ့ တက္ကသိုလ်ဝင်ခွင့်ကို ဆုံးဖြတ်တယ်။ အဲလိုမဟုတ်ဘဲနဲ့ ကျောင်းစာသင်ခန်းထဲမှာ ဆရာမက ကျောင်းသားတွေနဲ့ အမြဲတမ်းထိတွေ့ပြီးတော့ ကျောင်းသားတွေရဲ့ ပူးပေါင်းဆောင်ရွက်မှု လေ့လာမှုတွေကို အမှတ်ပေးရတဲ့ပုံစံပေါ့။ အဲဒါမျိုးလုပ်မယ်ဆိုရင်တော့ ကျောင်းသား ဆရာအချိုးက အရေးပါလာပြီပေါ့။ ကျောင်းပညာရေးစနစ်က ဒီလိုပုံစံနဲ့တော့သွားလို့မရဘူး။ ဘာကြောင့်လဲဆိုတော့ ပြင်ပကျူရှင်တွေ ပြင်ပကျောင်းတွေကို အားမကိုးရင် မအောင်ဘူးဆိုတဲ့ အနေအထားမျိုး ယူဆနေကြတယ်။ လက်ရှိအနေအထားမှာ ဒီမေးခွန်းက ကလေးတွေအတွက် မမျှတဘူး။

Voice : ဒီမေးခွန်းပုံစံသစ်နဲ့ပတ်သက်ပြီး ဆရာတွေဘက်ကရော ဘယ်လိုသင်ကြားရမလဲ။ ဘာတွေပြင်ဆင်ထားသင့်လဲ။
UTZ : အဲဒါက မြို့ကြီးကကျောင်းတွေကို မကြည့်ခင် နယ်ကကျောင်းတွေကို အရင်ကြည့်မယ်ဆိုရင် တချို့ကျောင်းတွေမှာ ဆရာ၊ ကျောင်းသားအချိုးမမျှလို့ ဆရာတစ်ယောက်တည်းက ဘာသာရပ်တစ်ခု ထပ်ပိုပြီး သင်နေရတဲ့ကျောင်းတွေ အများကြီးရှိတယ်။ အဲဒီအခါမျိုးမှာ လက်ရှိပြဋ္ဌာန်းထားတဲ့ သင်္ချာသင်ရိုးအရဆိုရင် သင်္ချာဘာသာရပ်ကို သေသေချာချာ လေ့လာထားတဲ့ သူမဟုတ်ဘူးဆိုရင် သင်ရိုးအားလုံး သင်ပေးဖို့ဆိုတာမလွယ်ဘူး။ ပြင်ပကျူရှင်ဆရာအဖြစ် ရပ်တည်တဲ့ဆရာတွေလည်း ဒီလိုပဲဖြစ်မယ်။ အဲဒီအခါမှာ ကျောင်းသားတွေအတွက် အခက်အခဲကြုံမယ်။ ကျောင်းသားတွေအတွက်လည်း အခက်အခဲကြုံမယ်။ လက်ရှိပြောင်းသွားတဲ့ မေးခွန်းပုံစံအရဆိုရင် ဆရာရော၊ ကျောင်းသားရော သေချာပြင်ဆင်ထားမှ ရတော့မယ်။ နောက်ကလေးတွေကို အေ၊ ဘီ၊ စီ အဆင့်တွေခွဲပြီးတော့ ဂုဏ်ထူးထွက်မယ့် ကလေးဆိုပြီး ရှိတယ်။ ကျွန်တော့်အမြင်အရ ဒီလိုခွဲခြားပြီးသင်တာကို လက်မခံဘူး။ သို့သော် လက်ရှိ တက္ကသိုလ်ဝင်ခွင့်ကို ချဉ်းကပ်နေတဲ့ပုံစံက ဒါကိုပဲ အသားပေးတာဖြစ်တဲ့အတွက် ဒီလိုကျင့်သုံးနေတဲ့သူတွေကို မှားတယ်လို့လည်း ပြောလို့မရဘူး။ ကလေးတွေရဲ့အရည်အချင်းကို မှန်မှန်ကန်ကန် စစ်ဆေးနိုင်တဲ့စနစ်တွေ ပေါ်ပါစေလို့ပဲ မျှော်လင့်တယ်။

Voice : ဒီမေးခွန်းပုံစံ အပြောင်းအလဲအပေါ်မှာ လက်ခံနိုင်ပါသလား။
UTZ : မေးခွန်းပုံစံအပြောင်းအလဲနဲ့ပဲ ပြောင်းလဲမှု တစ်ခုလုပ်မှာလား။ တကယ့်အရေးပါတဲ့ ကဏ္ဍတွေကို ပြောင်းလဲမှု လုပ်မှာလားပေါ့။ နောက်တစ်ခုက ဆယ်တန်းတစ်ခုတည်းပြောင်းပြီး ကျန်တဲ့အတန်းတွေမှာ ပြီးခဲ့တဲ့အောင်စာရင်းလို အကုန်အအောင်ပေးပြီး ဆယ်တန်းကျမှ မေးခွန်းပုံစံကို စဉ်းစားတွေးခေါ်ရမယ့် ပုံစံဖြစ်မယ်ဆိုရင် ကလေးတွေအတွက်ရော တကယ်ရော မျှတမှုရှိရဲ့လား။ စနစ်က ခိုင်မာရဲ့လားဆိုတာ ပြန်မေးစရာတွေရှိတယ်။ ရေးဖြေတစ်ခုတည်းနဲ့ လူတစ်ယောက်ရဲ့ အရည်အသွေးကို စစ်ဆေးဆုံးဖြတ်နေတာကိုတော့ ကျွန်တော့်အနေနဲ့ ထောက်ခံမပေးနိုင်သေးဘူး။

Voice : ဆရာအနေနဲ့ ဘာများ ထပ်ဖြည့်ပြောစရာရှိမလဲ။
UTZ : ပညာရေးစနစ်အပြောင်းအလဲဆိုတာ မေးခွန်းပုံစံပြောင်းလဲမှုဆိုတဲ့ အနေအထားကို မဆိုလိုဘူး။အထူးသဖြင့် အခြေခံပညာရေးအပြောင်းအလဲကို မျှော်လင့်နေတဲ့အချိန်မှာ တက္ကသိုလ်ဝင်တန်းကို မေးခွန်းပုံစံပြောင်းလဲမှုတွေ လုပ်ပြပြီး ပြောင်းလဲမှုကို ချွေးသိပ်ဖို့ ကြိုးစားနေတာမျိုး မဖြစ်စေချင်ဘူး။ လက်ရှိ ဝန်ကြီးဌာနအနေနဲ့ လုပ်ရမယ့်အပိုင်းတွေ အများကြီးရှိပါလျက် တက္ကသိုလ်ဝင်တန်းမေးခွန်း အပြောင်းအလဲနဲ့ပဲ ဟန်ပြ အကောင်အထည်ဖော်နေတာဆိုရင် နောက်ထပ် မျိုးဆက်တစ်ဆက်စာ ရင်းရလိမ့်မယ်ဆိုတာ ကျွန်တော့်အမြင်ကို ထည့်ဖြည့်ပြောချင်ပါတယ်။

Voice : ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်။
(တက္ကသိုလ်ဝင် စာမေးပွဲမေးခွန်းပုံစံသစ် ဘာသာရပ်အလိုက် ဆွေးနွေးချက်များကို နေ့စဉ်ဖော်ပြပါမည်)

မြဇာခြည်သင်း