News

POST TYPE

SPECIAL SECTIONS

ဒဂုံတက္ကသိုလ်၊ မြန်မာစာဌာန၊ လက်ထောက်ကထိက ဦးမင်းဇင်နှင့် တွေ့ဆုံခြင်း
03-May-2018


“မေးခွန်းပုံစံအပြောင်းအလဲမှာ မြန်မာစာနဲ့ပတ်သက်ရင် နံပါတ် ၆ (ခ) က အပြောင်းလဲဆုံးဖြစ်တယ်”

အပြောင်းအလဲတိုင်းတွင် စိန်ခေါ်မှုရှိစမြဲသာဖြစ်သည်။ ပညာရေးတွင် ယခုနှစ်မှစ၍ တက္ကသိုလ်ဝင် စာမေးပွဲ မေးခွန်းပုံစံသစ်ဖြင့် စစ်ဆေးမည်။ မြန်မာစာမေးခွန်းပုံစံသစ်ကို မေလ ၂ ရက်တွင် နိုင်ငံပိုင်သတင်းစာမှတစ်ဆင့် ပြည်သူလူထုထံ မိတ်ဆက်သည်။ ထိုမေးခွန်းပုံစံသစ်အရ ဆရာများနှင့်ကျောင်းသားများ ကြုံလာရနိုင်သည့် စိန်ခေါ်မှုများအကြောင်း ဒဂုံတက္ကသိုလ်၊ မြန်မာစာဌာန လက်ထောက်ကထိက ဦးမင်းဇင်၏ ဆွေးနွေးချက်များကို The Voice စာဖတ်ပရိသတ်အတွက် ဖော်ပြလိုက်ပါသည်။

Voice : တက္ကသိုလ်ဝင်စာမေးပွဲ မေးခွန်းပုံစံဟောင်းနဲ့ မေးခွန်းပုံစံသစ် ဘာတွေကွာခြားပါလဲ။ 
UMZ : အဟောင်းနဲ့အသစ် ဘာကွာလဲဆိုရင် အကုန်လုံးပြောင်းသွားတဲ့ သဘော။ မြန်မာစာမေးခွန်းမှာ နံပါတ် ၁-၆ နံပါတ်အားလုံးက အပြောင်းအလဲရှိတယ်။ ရုတ်တရက်ကြည့်လိုက်ရင် မေးခွန်းနံပါတ်တွေ အကုန်လုံးပြောင်းသွားတယ်။ ဖြေဆိုပုံဖြေဆိုနည်းတွေ ပြောင်းသွားတယ်လို့ ပြောလို့ရတယ်။ အထင်ရှားဆုံးအချက်က နံပါတ် ၆ မှာ ၂၀၁၈ တုန်းကဆိုရင် စာစီစာကုံးပဲမေးတယ်။ အမှတ် ၂၀ ဖိုးပေးတယ်။ မေးခွန်းပုံစံသစ်မှာ အဲဒီနေရာမှာပဲ စာစီစာကုံးပြန်ထည့်တယ်။ ၁၀ မှတ်ပေးတယ်။ နောက်တစ်ခါဖြေဆိုဖို့က ၂ ပုဒ်ပေးထားမယ်။ တစ်ပုဒ်ပဲဖြေဆိုရမယ်။ အဟောင်းမှာက ၃ ပုဒ် ပေးထားတယ်။ အသစ်မှာက နံပါတ် ၆ မှာ ဘာထည့်ထားလဲဆိုရင် အဆိုတစ်ခု မေးခွန်းထဲမှာပေးထားမယ်။ ပေးထားတဲ့အဆိုကို ထောက်ခံတဲ့ဘက်က ရေးလို့လည်းရတယ်။ ကန့်ကွက်တဲ့ဘက်က ရေးလို့လည်းရတယ်။ ဥပမာ-ကျောင်းသားတွေ နားလည်အောင်ပြောရရင် “ရေဒီယိုနားထောင်ခြင်းသည် ရုပ်မြင်သံကြားကြည့်ခြင်းထက် ကောင်းသည်” ဆိုရင် ထောက်ခံဆွေးနွေးလို့လည်းရတယ်။ ကန့်ကွက်ဆွေးနွေးလို့လည်းရတယ်။ အဲဒါက ပညာရေးဝန်ကြီးဌာနက ကြေညာထားတဲ့ စဉ်းစားတွေးခေါ်မှုကို အားပေးမယ်ဆိုတဲ့ မေးခွန်းပုံစံအပြောင်းအလဲမှာ မြန်မာစာနဲ့ပတ်သက်ရင် နံပါတ် ၆ (ခ) က အပြောင်းလဲဆုံးဖြစ်တယ်။ ဒါက ဒီနှစ်မှ အသစ်ထပ်ထည့်ထားတာပါ။ နောက်ထပ် လေ့လာကျက်မှတ်တာက ၅၀ ရာခိုင်နှုန်း၊ တွေးခေါ်စဉ်းစားတာက ၅၀ ရာခိုင်နှုန်းလို့ ပြောထားတာရှိတယ်။ ကျွန်တော့်အမြင်က မေးခွန်းတစ်ခုလုံးကို ခြုံကြည့်ရင် ၂၅ ရာခိုင်နှုန်းပဲ ပြောင်းလဲတယ်လို့ ထင်ပါတယ်။

Voice : ကျောင်းသားတွေအနေနဲ့ ဘာတွေပြင်ဆင်ထားသင့်ပါသလဲ။
UMZ : ဒီနေ့ (မေလ ၂ ရက်) မှာ သတင်းစာထဲမှာ တာဝန်ရှိသူတွေပြောတာအရဆိုရင် ကျက်မှတ်မှုက ၅၀ ရာခိုင်နှုန်း၊ စဉ်းစားတွေးခေါ်မှုက ၅၀ ရာခိုင်နှုန်းလို့ ပြောထားတယ်။ မြန်မာစာမှာ ထူးချွန်ချင်တဲ့၊ ဂုဏ်ထူးထွက်ချင်တဲ့ ကျောင်းသားဆိုရင် စဉ်းစားတွေးခေါ်မှုကို မဖြစ်မနေ လုပ်ရပါလိမ့်မယ်။ စဉ်းစားတွေးခေါ်မှုက ဒီတိုင်းတော့ ရလာမှာမဟုတ်ပါဘူး။ စဉ်းစားတွေးခေါ်နိုင်မယ့် အချက်အလက်တွေ လိုအပ်ပါတယ်။ အချက်အလက်ဆိုတာ တကယ်တော့ အတွေ့အကြုံပါပဲ။ စာတွေ့ အတွေ့အကြုံ၊ ကိုယ်တွေ့အတွေ့အကြုံ လိုအပ်ပါတယ်။ သင်ရိုးညွှန်းတမ်းစာသာမက ပြင်ပစာပေကို တတ်နိုင်သမျှ အချိန်ယူဖတ်ရှုလေ့လာဖို့၊ စဉ်းစားဖို့လိုပါတယ်။ အဲဒီကျမှ စဉ်းစားတွေးခေါ်တဲ့အလေ့အကျင့် ရလာပါလိမ့်မယ်။ မြန်မာစာက ရသစာပေလည်းဖြစ်လို့ ရသစာပေဆိုင်ရာ စာအုပ်၊ စာတမ်းတွေကို ဖတ်ရှုလေ့လာထားသင့်ပါတယ်။ နောက်တစ်ချက်က ဒီနေ့ခေတ်က သတင်းနဲ့ နည်းပညာပေါက်ကွဲတဲ့ခေတ်ဖြစ်လို့ အသစ်ထပ်ဖြည့်တဲ့ နံပါတ် ၆ (ခ) မေးခွန်းမှာ သတင်းနဲ့နည်းပညာဆိုင်ရာ အဆိုတွေမေးနိုင်တယ်။ အဲဒီအတွက် သတင်းနဲ့နည်းပညာဆိုင်ရာ အချက်အလက်တွေ၊ အမြင်တွေ ဖတ်ရှုလေ့လာထားဖို့လိုပါတယ်။ အဲဒီတော့ ကိုယ့်ရဲ့စာပေလေ့လာမှုပုံစံ ပြောင်းဖို့လိုပါတယ်။ ကျောင်းသား မိဘအပိုင်းအနေနဲ့ Mindset ပြောင်းရပါမယ်။ ဘာသာရပ်တစ်ခုကို သေသေချာချာသင်ယူလေ့လာနိုင်ရုံသာမက ပြင်ပစာပေဖတ်ဖို့ အားပေးဖို့လိုပါတယ်။

Voice : မြန်မာစာမေးခွန်းပုံစံ အပြောင်းအလဲကြောင့် ကျောင်းသားတွေ ဘာအခက်အခဲတွေဖြစ်နိုင်ပါသလဲ။
UMZ : ပြင်ပဗဟုသုတစာပေ ဖတ်ရှုလေ့လာမှု အားနည်းမယ်၊ ကျက်မှတ်မှုကိုပဲ အားကိုးမယ်ဆိုရင်တော့ ကျောင်းသားက ထူးချွန်ပြောင်မြောက်ဖို့ ခက်ခဲမယ်။ နောက်တစ်ချက်က အချိန်ပြဿနာပါ။ ဟိုတုန်းက မေးခွန်းပုံစံက မေးခွန်းရှည်က ကဗျာမေးခွန်းရှည် ၃ (ခ)၊ စကားပြေမေးခွန်းရှည် ၄ (ခ)၊ ရေသည် မေးခွန်းရှည် ၅ (ခ)၊ စာစီစာကုံး (၆)။ ဒီမေးခွန်းရှည်တွေက စာအများဆုံးရေးရတဲ့အပိုင်းပေါ့။ အခုက ပိုများလာပါမယ်။ ၆ (ခ) အဆိုနဲ့ပတ်သက်ပြီး ပိုရေးလာရပါမယ်။ အဲဒီတော့ ကျောင်းသားတွေအနေနဲ့ လေ့လာတဲ့အခါ ကဗျာတစ်ပုဒ်၊ စကားပြေတစ်ပုဒ်မှာ သူ့ရဲ့ရည်ရွယ်ချက်ရှိတယ်။ အဓိကပန်းတိုင်ကို နားလည်သဘောပေါက်အောင် လေ့လာသင်ယူထားရပါမယ်။ ရည်ရွယ်ချက်ကို နည်းနည်းလေး ပရိယာယ်ဆင်ပြီး မေးလာရင်တောင် ဖြေနိုင်ပါလိမ့်မယ်။ ဆိုချင်တာက ကျောင်းသား၊ ကျောင်းသူအနေနဲ့ အခုမေးခွန်းပုံစံအရ အထူးထုတ် တစ်အုပ်ကိုင်ပြီး အဲဒီအထူးထုတ်က ဘယ်ပါမောက္ခ၊ ဘယ်ဆရာရေးထားတဲ့အပုဒ်ကို အပိုင်ကျက်ပြီး ဖြေလို့မရတော့ဘူး။ အဲဒီလိုအပိုင်ကျက်ဖြေမယ်ဆိုရင် အဆင်မပြေဘူး။ အဲဒီအခက်အခဲ အများကြီးကြုံလိမ့်မယ်။ စကားပြေ၊ ကဗျာကို ရည်ရွယ်ချက် နားလည်သဘောပေါက်အောင် လေ့လာထားပြီး မေးခွန်းနဲ့အညီ တိုတိုတုတ်တုတ်နဲ့ ထိထိမိမိဖြေတတ်ဖို့ လိုအပ်မယ်။ အဲဒီလိုဖြေတတ်ရင် အခက်အခဲရှိပါလိမ့်မယ်။ အချိန်မလောက်တဲ့ ပြဿနာတက်လာပါလိမ့်မယ်။ 

Voice : အခုက စာမေးပွဲမေးခွန်းပုံစံတာပြောင်းတာ။ သင်ရိုးညွှန်းတမ်းက ပြောင်းတာမဟုတ်ဘူး။ သင်ကြားမှုပုံစံလည်း မပြောင်းသေးဘူး။ စာတွေကလည်း များနေတုန်းပဲလို့ ပြောလို့ရမယ်။ ဆိုတော့ စဉ်းစားတွေးခေါ်မှုအပိုင်းကို အလေ့အကျင့်ရလာအောင်၊ အားကောင်းလာအောင် စာသင်ခန်းထဲကနေ အချိန်ယူပြီး လုပ်ပေးနိုင်ပါ့မလား။
UMZ : အထက်တန်းမှာဆိုရင် စာသင်ချိန်က တစ်ပတ်မှာ တစ်ဘာသာနှစ်ချိန်လောက် ရှိမယ်ထင်တယ်။ အခု သုံးချိန်လား မသိဘူး။ Lesson Plan သင်ခန်းစာကို အပြီးသင်ရမယ့် အချိန်ဇယားရှိတယ်။ အဲဒါကို ဆရာတွေက အမီသင်ရတယ်။  Lesson Plan ဆိုတာ လွယ်လွယ်ပြောရရင် တစ်လအတွင်းမှာ စကားပြေသုံးပုဒ်၊ ကဗျာသုံးပုဒ် ပြီးအောင် သင်ရမယ်ဆိုရင် ဆရာ၊ ဆရာမက ပြီးအောင်သင်ရတယ်။ အဲလိုသင်ရတယ်ဆိုရင် ကျိန်းသေတာ ခူးပြီးခပ်ပြီး အသင့်ပြင်ပြီးသားပဲ သင်လိမ့်မယ်။ ဒါကိုပြောင်းမှရမယ်။ သင်ကြားချိန်ကို တိုးပေးရမယ်။ ဆရာတွေ စဉ်းစားတွေးခေါ်မှုအပိုင်းကို သင်ကြားပေးနိုင်အောင် Lesson Plan ဘယ်လိုလုပ်မလဲ။ အဲဒါကို ပြန်သုံးသပ်သင့်ပါတယ်။ ဆရာ၊ ဆရာမတွေ အများဆုံးကြုံတွေ့ရတဲ့ စိတ်ဖိစီးမှုက စာသင်ရလို့မဟုတ်ပါဘူး။ အမျိုးမျိုးသော ညွှန်ကြားချက်တွေနဲ့ အမျိုးမျိုးခိုင်းစေမှုကြောင့် ဖြစ်ပါတယ်။ အထူးသဖြင့် အခြေခံပညာမှာ ပိုဆိုးပါတယ်။ ကျောင်းသားတွေကို အချိန်ပိုခေါ်ရမယ်၊ အောင်ချက်မြင့်ဖို့ အောင်ချက်ဆွဲတင်ဖို့လုပ်ရမယ်၊ ဒီလိုညွှန်ကြားချက်တွေလာတယ်။ နောက်ဆုံး လူကြီးလာရင်တောင် ကြိုရတာက အခုချိန်ထိ ရှိနေတုန်းပါပဲ။ လုပ်ရလို့ပြောတာမဟုတ်ပါဘူး။ အရေးကြီးတာတွေ လုပ်ရမှာပေါ့။ အမျိုးမျိုးညွှန်ကြားချက်တွေကြားထဲမှာ ဆရာတွေ သင်ကြားရေးလုပ်ရတာ ပြဿနာရှိတာဖြစ်ပါတယ်။ အထက်တန်းကျောင်းမှာ မိဘဆရာအသင်းလည်း ရှိတယ်။ ကျောင်းအကျိုးတော်ဆောင်လည်း ရှိတယ်။ ဒါပေမဲ့ ဆုံးဖြတ်ချက်ချတာက ကျောင်းအုပ်ကြီးတွေပါ။ တက္ကသိုလ်တွေမှာလည်း ဒီအတိုင်းပါပဲ။ ကျောင်းအုပ်ကြီးက အသိဉာဏ်၊ အဆင်ခြင်ဉာဏ်နဲ့ပြည့်စုံပြီး ပြုပြင်ပြောင်းလဲမှုကို လိုက်ပါဆောင်ရွက်တဲ့ ပုဂ္ဂိုလ်ဖြစ်တယ်ဆိုရင် သက်သာရာရပါမယ်။ ဒီလိုမဟုတ်ဘဲ တစ်သွေး တစ်သံ တစ်မိန့်ပဲ သုံးနေမယ်ဆိုရင် အခုပြောင်းတဲ့ပုံစံ ဘယ်လိုမှမအောင်မြင်နိုင်ပါဘူး။ ဒါကြောင့် ချုပ်ကိုင်မှုတွေ တတ်နိုင်သမျှ လျှော့ချရပါမယ်။ 

Voice : ဒီအပြောင်းအလဲကို လက်ခံပါလား။
UMZ : ဒီလိုပြောင်းလဲတာကို လက်ခံပါတယ်။ ဒါပေမဲ့ ကြိုဆိုခြင်းနဲ့အတူ စိုးရိမ်ခြင်းလည်းရှိတယ်။ ဘာကြောင့်စိုးရိမ်မှုရှိလဲဆိုရင် အတိတ်က မြန်မာ့ပညာရေးတွေကိုကြည့်ပြီး ပြောတာဖြစ်ပါတယ်။ ဘယ်သူ့ကိုမှ ပုတ်ခတ်ပြီးပြောတာမဟုတ်ဘူး။ ၂၀၁၈ ထိ မေးခွန်းပုံစံကလည်း ၂၀၀၀ ခုနှစ်ကျော်ကပြောင်းခဲ့တဲ့ မေးခွန်းပုံစံ ဖြစ်တယ်။ ၁၉၉၀ ကျော်က မေးခွန်းပုံစံမှာဆိုရင် စာစီစာကုံးတွေက ခေါင်းစဉ်ပဲပါတယ်။ လမ်းညွှန်ချက်တွေ၊ ပုံကြမ်းတွေမပါဘူး။ ပိုပြီးအချက်အလက်မှန်မှန်နဲ့ စဉ်းစားတွေးခေါ်တတ်အောင် သူတို့ပြောင်းခဲ့တဲ့ သဘောရှိတယ်။ ရည်ရွယ်ချက်တွေ ကောင်းတယ်။ မေးခွန်းပုံစံပြောင်းပြီဆိုရင် ခုပြောင်းတဲ့စဉ်းစားတွေး ခေါ်မှုကိုဖြေဆိုရမယ့် မေးခွန်းပုံစံအတိုင်း ကျောင်းသားတွေကို တကယ်သင်ဖို့ဆိုရင် နံပါတ်တစ် ဆရာတွေမှာ Work Load (တစ်ပတ်စာသင်ချိန်) မပြောင်းလို့မရဘူး။ အဲဒါပြောင်းပေးမှရမယ်။ စဉ်းစားတွေးခေါ်မှုကို သင်မယ်ဆိုရင် စာသင်ခန်းထဲမှာ ဆရာဗဟိုပြုနဲ့ သင်လို့မရဘူး။ ကလေးတွေနားလည်နိုင်တဲ့ ခေါင်းစဉ်တစ်ခု ချပေးရမယ်။ နောက် စဉ်းစားတွေးခေါ်ခိုင်းမယ်။ ကျောင်းသားတစ်ယောက်ချင်းစီ ပါဝင်အောင် အဖွဲ့တွေဖွဲ့ပြီး ကန့်ကွက်ခိုင်းမယ်။ ထောက်ခံခိုင်းမယ်။ အဲဒီလိုမဟုတ်ရင် အထူးထုတ်တွေထွက်လာပြီး အာဂုံကျက်တဲ့အဆင့်ကို ပြန်ရောက်သွားမယ်။ ၂၀၁၈ ဆိုလည်း စဉ်းစားတွေးခေါ်ပြီးဖြေရတဲ့ စာစီစာကုံးပါတယ်။ ဒါပေမဲ့ စာအုပ်တိုတ်တွေ၊ စာအုပ်ရောင်းတဲ့ဆိုင်တွေ သွားကြည့်ရင် စာစီစာကုံးစာအုပ်ပေါင်းများစွာရှိတယ်။ သင်တော့လည်း အဲဒီအတိုင်းသင်ကြတယ်။ ဒါကြောင့် ရည်မှန်းချက်အောင်မြင်ချင်ရင် မေးခွန်းပြောင်းရုံတင် မဟုတ်ဘဲ ကျောင်းသားတွေကို စဉ်းစားတွေးခေါ်မှုကို သင်ကြားပေးနိုင်တဲ့ စာသင်ချိန်တွေ ဆရာတွေကို ပေးဖို့လိုတယ်။ 

Voice : အခုလိုအချိန်ပေးပြီး ဆွေးနွေးပေးတာ ကျေးဇူးတင်ပါတယ်။  
(တက္ကသိုလ်ဝင်စာမေးပွဲ မေးခွန်းပုံစံသစ် ဘာသာရပ်အလိုက် ဆွေးနွေးချက်များကို နေ့စဉ် ဖော်ပြသွားပါမည်။)

မြဇာခြည်သင်း


  • VIA