News

POST TYPE

SPECIAL SECTIONS

မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ် အတွင်းရေးမှူး (ပုဂ္ဂလိကကဏ္ဍ) ဦးကျော်မင်းခန့်နှင့် တွေ့ဆုံခြင်း
01-May-2018 tagged as ပညာရေး



ဆယ်တန်းမှာ အမှတ်ကောင်းစေဖို့

“ကျွန်တော်က ကလေးတွေကို စာကြည့်ခိုင်းရင် တစ်ခါကြည့် တစ်နာရီပဲခိုင်းပါတယ်”

အလွတ်ကျက်၊ မှတ်ဖြေဆိုပြီး ရမှတ်ဖြင့်ခွဲသော တက္ကသိုလ်ဝင်ခွင့်စနစ် မပြောင်းနိုင်သေးသော်လည်း ရွေးချယ်ခွင့်ပိုများဖို့ အမှတ်ကောင်းကောင်းဖြင့် အောင်မြင်ရန်လိုအပ်သည်။ ထိုသို့အောင်မြင်ရန် မည်သည့်အရာများကို ကျောင်းသားများ သယ်ဆောင်ခဲ့ရပါမည်နည်း။ ယူဆောင်လာရပါမည်နည်း။ ထိုမေးခွန်း၏အဖြေအတွက်အကြံပြုချက်ကို မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ် အတွင်းရေးမှူး (ပုဂ္ဂလိကကဏ္ဍ) လည်းဖြစ်၊ ရွှေပညာဘာသာရပ် သင်ကိုယ်ပိုင်ကျောင်း တည်ထောင်အုပ်ချုပ်သူလည်းဖြစ်သည့် ဦးကျော်မင်းခန့်ကို The Voice က မေးမြန်းထားပါသည်။

Voice : မကြာခင် မေလကုန်၊ ဇွန်လဆန်းမှာ အခြေခံကျောင်းတွေပြန်ဖွင့်ပါတော့မယ်။ ဆယ်တန်းကို ထူးထူးချွန်ချွန်၊ အောင်အောင်မြင်မြင်ဖြေနိုင်ဖို့ ကိုးတန်းကတည်းက ဘယ်လိုစနစ်တကျ လေ့လာ၊ သင်ယူခဲ့ရပါမလဲ။
UKMK : အခု မြန်မာပြည် ဆယ်တန်းက အရေးကြီးဆုံးဖြစ်တယ်။ ဂုဏ်ထူးများများပါမှ၊ အမှတ်တွေကောင်းမှ တက္ကသိုလ်ကို စိတ်ကြိုက်ရွေးချယ်ခွင့်ရတဲ့စနစ်က ပယ်ဖျက်ထားခြင်း မရှိသေးဘူး။ လာမယ့်နှစ်လည်း ဒီလိုပဲသွားဦးမှာ။ ကိုးတန်းက အထက်တန်းအဆင့်ကို ရောက်လာပြီ။ ကလေးတွေအနေနဲ့ အင်္ဂလိပ်စာအခြေခံအားနည်းတယ်။ သင်္ချာအားနည်းတာလည်း တွေ့ရတယ်။ အစိုးရဌာနမှာ သင်ရိုးမာတိကာအလိုက် ဒီလ၊ ဒီဟာ ပြီးအောင်သင်ရမယ်ဆိုတဲ့ ညွှန်ကြားချက်ရှိတယ်။ မာတိကာပြီးအောင် ခပ်သုတ်သုတ်သင်ရတာရှိတယ်။ အဲဒီအခါ သင်္ချာမှာ သေချာနားလည်အောင်စိမ်ပြီး သင်ရမယ့်အခန်းမှာ ကျော်ခွပြီး မြန်မြန်ပြီးအောင်ပဲ တွက်လိုက်တဲ့အခါ ကွင်းဆက်ပြတ်ပြီး စဉ်းစားနည်းတွေမပါလာတော့ဘူး။ စဉ်းစားတဲ့အလေ့အကျင့်ကလည်း ပြတ်တောက်ခဲ့တယ်။ သဘောတရားတွေ၊ သီအိုရီတွေ မပိုင်နိုင်ခဲ့ဘူး။
မိဘ၊ ဆရာ၊ ကျောင်းသားကလည်း သင်ရိုးအပေါ် သေသေချာချာသင်ခဲ့ရတာ၊ သဘောတရားပိုင်နိုင်တာ၊ အခြေခံကျကျနားလည်တာ၊ မလည်တာနောက်ထား လပတ်စာမေးပွဲ ရီပို့ကတ်မှာအမှတ်ကောင်းပြီး အဆင့်ရတဲ့ကျောင်းသားဖြစ်ချင်တာ။ အဲဒီလိုရရင်လည်း မိဘက သူ့သား၊ သမီးတော်တယ်လို့ဆုံးဖြတ်တယ်။ တကယ်က အခြေခံပါမလာရင် သူ့ကလေးက ဟန်သာရှိပြီး အဆန်မပါလာဘူး။ ဒါကို မိဘတွေအသိနည်းတယ်။ အခြေအနေမှန်ကို ရိပ်မိတဲ့သူနည်းတယ်။ အခြေခံပါမလာဘဲ အထက်တန်းကို ကူးလာတဲ့အခါ အခက်အခဲက စဖြစ်တယ်။ ဆရာ၊ ဆရာမ တော်တော်များများကလည်း ကိုးတန်းက အချိန်တန်ရင် အောင်မှာပဲဆိုတဲ့အသိ ရှိတဲ့အတွက်ကြောင့် ဆက်စပ်တွေးခေါ်တာတွေ မပြောပြတော့ဘူး။ ဒီလိုနဲ့ ရှစ်တန်း၊ ကိုးတန်းမှာ အခြေခံတွေပြတ်တောက်ပြီး ဆယ်တန်းရောက်လာတယ်။ သိသင့်သိထိုက်တာတွေ အခြေခံမပါလာတဲ့အခါ နဖူးတွေ့၊ ဒူးတွေ့တွေ့တဲ့အခါ နောက်လန်ကျမယ်။ ဒါတွေအားလုံးဟာ တကယ်တတ်အောင်မသင်ခဲ့လို့ ကျွန်တော်တို့ မြန်မာပြည်ဆယ်တန်းအောင်ချက်က ၃၀ ရာခိုင်နှုန်းပတ်ချာလည်ပဲ ဖြစ်နေတာ။ ကိုးတန်းကတည်းက အခြေခံသဘောတရားတွေကို သေသေချာချာနားလည်အောင် စနစ်တကျလေ့လာပြီး ဖမ်းဆုပ်ခဲ့ရမယ်။

Voice : ပေးချင်တဲ့ကာကွယ်ဆေးက ဘာပါလဲ။ 
UKMK : ဘယ်သူမှ ဆယ်တန်းရောက်မှ ဒရောသောပါး ကုန်းရုန်းကျက်ပြီး ဘာသာစုံဂုဏ်ထူးထွက်တာ၊ တစ်နိုင်ငံလုံး ထူးချွန်အဆင့်ဝင်တာ၊ အမှတ်ကောင်းတာ မဟုတ်ကြပါဘူး။ ငယ်ငယ်ကတည်းက တိုင်တစ်တန်း၊ နှစ်တန်းကတည်းကတိုင် အင်္ဂလိပ်စာဆိုရင်လည်း သူ့အတန်းလိုက် ပြဋ္ဌာန်းခဲ့တဲ့သင်ခန်း စာတွေကို သေသေချာချာနားလည်ပြီး တတ်ကျွမ်းခဲ့ရမယ်။ ဆယ်တန်းကျမှ ဖောင်ဒေးရှင်းချ၊ ဆယ်တန်းကျမှ တိုင်ထူ၊ အကာကာ၊ အမိုးမိုးဖို့ အချိန်မလုံလောက်တော့ဘူး။ ဒါကြောင့် တစ်တန်းချင်း၊ တစ်တန်းချင်းက ပေးထားတဲ့ သတင်းစကားတွေ၊ အခြေခံသဘောတရားတွေ၊ အတတ်ပညာတွေကို သယ်ဆောင်မလာခဲ့ဘူးဆိုရင် ဆယ်တန်းမှာ ဘယ်လိုနည်းလမ်းနဲ့မှ ထူးထူးချွန်ချွန်အောင်မြင်မှာ မဟုတ်ပါဘူး။ ပိုက်ဆံကြိုက်သလောက်တတ်နိုင်၊ ဆယ်တန်းကျမှ ပုံအောပြီးလုပ် ဘယ်လိုမှ မအောင်မြင်နိုင်ဘူး။
ကျောင်းသားကလည်း ပညာရေးကိုစိတ်ဝင်စားပြီး ကိုယ့်ရှိနေတဲ့အမှန်တရားကို မလိမ်မညာဘဲ မိဘနဲ့ ဆရာကိုပြောပြဖို့လိုတယ်။ ရှစ်တန်းကနေ ကိုးတန်းရောက်လာတယ်။ ရှစ်တန်းက သင်္ချာကို ကွင်းဆက်မိအောင်၊ သဘောတရားနားလည်အောင် မသင်ခဲ့ရတော့ ကိုးတန်းသင်္ချာကို မစဉ်းစားတတ်တော့ဘူး။ ဒါကို ဆရာကူပါဦး၊ ကျွန်တော်ကြိုးစားမယ်ပေါ့။ ကျောင်းသားက တကယ်နားမလည်တာ၊ မတတ်တာကို မိဘကိုလည်း ပွင့်ပွင့်လင်းလင်းပြောဖို့လိုတယ်။ ရီပို့ကတ်ထဲကအဆင့် အမှန်တကယ်အရည်အချင်း၊ အဆင့်မဟုတ်ဘူး၊ အဆံမဟုတ်ဘူး၊ ဟန်တယ်ဆိုတာလည်း မိဘက ရိပ်မိအောင်နေဖို့လိုတယ်။ ကျောင်းသား ကိုယ်တိုင်ဖွင့်ပြောလာရင်လည်း ကောင်းတယ်။ ကျောင်းသားဖွင့်မပြောလာရင်လည်း ရိပ်မိအောင်၊ တကယ်သိအောင် နေဖို့လိုတယ်။ 

Voice : အထက်တန်းဆင့် ဆယ်တန်းမှာ ကျောင်းချိန်၊ ကျူရှင်ချိန် တစ်နေကုန်ပါတယ်။ စာသင်နေရတာနဲ့ပဲ အချိန်ကုန်တယ်ပေါ့။ ကိုယ်တိုင်လေ့လာ၊ ဒီသင်ခန်းစာမှာ ဒီအကြောင်းအရာတစ်ခုက ဘာကြောင့်ဖြစ်တယ် စသဖြင့် ကိုယ်တိုင်စဉ်းစား၊ တွေးခေါ်တဲ့အချိန်ကလည်း နည်းတယ်။ ဒါကို စနစ်တကျဖြစ်အောင် ဘယ်လိုလေ့လာ၊ သင်ယူသင့်တယ်လို့ ထင်ပါသလဲ။ 
UKMK : ကျွန်တော်က ကလေးတွေကို စာကြည့်ခိုင်းရင် တစ်ခါကြည့် တစ်နာရီပဲခိုင်းပါတယ်။ ကိုးတန်း၊ ဆယ်တန်းကျောင်းသားတစ်ယောက်အတွက် မများပါဘူး။ တစ်နာရီအတွင်း နာရီဝက် တစ်ဘာသာနှုန်းနဲ့ ၂ ဘာသာကြည့်ခိုင်းပါတယ်။ ဥပမာ - အင်္ဂလိပ်စာ နာရီဝက်ကြည့်၊ ဇီဝဗေဒ နာရီဝက်ကြည့်ပေါ့။ အင်္ဂလိပ်စာ ကြည့်ချိန်နာရီဝက်မှာ ယူနစ်တစ်ခုကို ကျောင်းသားက ဖတ်တယ်ဆိုပါတော့။ ကျွန်တော့်လေ့လာမှုအရ နာရီဝက်အတွင်း အခေါက်ရေ ၂၀ လောက်ဖတ်လို့ရပါတယ်။ နောက်နာရီဝက်မှာ ဇီဝဗေဒကြည့်။ အဲဒီနာရီဝက်မှာလည်း ဝါကျ ၅ ကြောင်းပဲ အလွတ်ရအောင်ကျက် ခိုင်းပါတယ်။ အဲဒီတစ်နာရီပြီးရင် စာအုပ်ကိုပိတ်ပြီး ကြားထဲမှာ ကစားချိန်၊ စားချိန်၊ နားချိန် အချိန်နည်း နည်းယူလိုက်ပါ။ နောက်ထပ်နည်းနည်းကြာမှ တစ်နာရီထပ်ထိုင်ပြီးထပ်လေ့လာပါ။ ဇီဝဗေဒဆိုရင်တစ်ရက်မှာ နာရီဝက်၊ နာရီဝက်မှာ စာ ၅ ကြောင်းနဲ့ နေ့စဉ်လုပ်တာဖြစ်တော့ သီတင်းတစ်ပတ်မှာ ၃၅ ကြောင်းရမယ်။ တစ်လမှာ အကြောင်းရေ ၁၅၀ ရမယ်။ ဆယ်တန်းဇီဝမှာ စာအများဆုံး၊ အကြီးဆုံးအခန်းမှာမှ အကြောင်းရေ ၁၃၇ ကြောင်းပဲရှိတာ။ တစ်လကို တစ်ခန်းရတယ်။ အဲဒီတစ်ခန်းက ၁၈ မှတ်ရတယ်။ အဲဒီလိုအခန်း ၄ ခန်းကျက်ရင် အဲဒီဘာသာ မကျတော့ဘူး။
မြန်မာစာဆိုရင် ကဗျာ ၁၅ ပုဒ်၊ စကားပြေ ၁၅ ပုဒ်ရှိတယ်ဆိုပါစို့။ ကဗျာပုဒ်ရင်းကျက်မယ်ဆိုရင် နာရီဝက်မှာ တစ်ပိုဒ်ပဲ ရအောင်ကျက်။ တစ်ပတ်ကိုကျက်ချိန် ခုနစ်ချိန်ရှိမယ်။ ခုနစ်ပိုဒ်ရှိတဲ့ကဗျာ အတော်လေးရှားပါတယ်။ တစ်ပတ်ကို ကဗျာတစ်ပုဒ် ဘယ်လိုနည်းနဲ့မဆိုရနိုင်တယ်။ တစ်လကုန်ရင် လေးပုဒ်ရမယ်။ နှစ်လဆိုရင် ရှစ်ပုဒ်ရမယ်။ လေးလလောက်ဆိုရင် ကဗျာက ကုန်တောင်ကုန်သွားဦးမယ်။ အင်္ဂလိပ်စာ ယူနစ် ၁၄ ခု ရှိတယ်။ အစောန ကျွန်တော်ပြောတာ တစ်ရက်ကို အခေါက် ၂၀ ဖတ်ရတယ်။ တစ်လဆိုရင် အဲဒီယူနစ်တစ်ခုကို ဖတ်တဲ့အကြိမ်ရေ စဉ်းစားကြည့်။ အခေါက်ရေ ၆၀၀ ဖတ်ပြီးသား ဖြစ်သွားတယ်။ အချိန်က နာရီဝက်ပဲ လုပ်ရမယ်။ ပုံမှန်လုပ်ရမယ်။ နည်းနည်းချင်းပဲလုပ်ရမယ်။ တစ်လကြာရင် အကြိမ်ရေများလာမယ်။ အခုဖြစ်နေတဲ့ပြဿနာက ကျောင်းသားက နေ့စဉ်မလုပ်ဘဲ သင်တယ်၊ ကူးတယ်၊ ပစ်ထားတယ်။ စာမေးပွဲနီးမှ စုပြုံလုပ်တဲ့အခါ ဘယ်လိုမှမနိုင်တော့ဘူး။ ကျွန်တော်ပြောတာက နှစ်စကတည်းကနေ နေ့စဉ်လုပ်ရမှာပါ။ ကျွန်တော်ပြောတာကို တစ်လစမ်းလုပ်ကြည့်တာနဲ့ သူ့ရဲ့ရလဒ်ကို သိလာပါလိမ့်မယ်။ ဒါက ကျွန်တော် သေသေချာချာ လေ့လာထားချက်အရပါ။ 

Voice : နောက်ဆုံးအနေနဲ့ ထပ်ဖြည့်ပြောချင်တာများရှိရင် လွတ်လွတ်လပ်လပ် ပြောနိုင်ပါတယ်။
UKMK : တစ်နေ့ကို တစ်ဘာသာ နာရီဝက်ပဲလုပ် ရမယ်ဆိုတဲ့အစီအစဉ်ကို အင်တာဗျူးထဲမှာ နားမလည်ဘူးဆိုရင် ကျွန်တော့်ကို ဖုန်းဆက်ပြီး အကြံဉာဏ်ယူနိုင်ပါတယ်။ ကျွန်တော်သေသေချာချာရှင်းပြပေးပါမယ်။ ကျောင်းသားတွေအတွက် အကြံပြုချင်တာက ဘယ်သူတွေရဲ့ပိတ်ဆို့မှုပဲ ခံနေရ၊ ခံနေရ၊ ပညာရေးနဲ့ပတ်သက်ပြီး စုတ်ပြတ်နေတဲ့နိုင်ငံမှာ နေရတယ်ပြောပြော၊ စနစ်ကမကောင်းဘူးပဲပြောပြော၊ ပတ်ဝန်းကျင်က အခြေအနေမပေးဘူးပဲပြောပြော တကယ်သာ ကိုယ့်ကိုယ်ကိုယ် တိုးတက်တဲ့၊ ထူးချွန်တဲ့ကျောင်းသားတစ်ယောက်ဖြစ်ချင်တယ်ဆိုရင် အဲဒီဖြစ်ချင်တဲ့စိတ်ကို စနစ်ကလည်း တားလို့မရဘူး။ ပတ်ဝန်းကျင်ကလည်း တားလို့မရဘူး။ ဘယ်အတိုင်းအတာမှ တားလို့မရဘူးဆိုတာ လက်ခံစေချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ခေတ်ပျက်၊ စနစ်ပျက်ကြီးထဲကနေ တော်တဲ့လူတွေ အများကြီးထွက်နေတယ်ဆိုတာ မမေ့ပါနဲ့။ ကိုယ်ဝါသနာပါတဲ့ ကိုယ့်ပညာရပ်ကို စိုက်လိုက်မတ်တတ်လေ့လာနေတဲ့သူတွေအတွက် အောင်မြင်မှုဆိုတာ ကြိုနေမှာပဲ။ အကောင်းမြင်လိုက်ပါ။ အဆိုးမမြင်ဘဲကိုယ့် ဘာသာရပ်ကို စိုက်လိုက်မတ်တတ်သာ လေ့လာနေရင် နည်းလမ်းတွေ တွေ့လာပါလိမ့်မယ်။