News

POST TYPE

SPECIAL SECTIONS

ပညာရေးကဏ္ဍနှင့် ပုဂ္ဂလိကကျောင်းများ
30-Apr-2018


ပုဂ္ဂလိကကျောင်း မကောင်းဘူးလား

ပုဂ္ဂလိကကျောင်းများတွင် ကောင်းချက်ရှိသလို မကောင်းချက်များလည်း ရှိသည်။ သူတို့တွင် သင်ကြား သည့်ပုံစံများကို ချိန်ညှိနိုင်သည်၊ အတန်းအရွယ်အစားကို ချုံ့ထားနိုင်သည်၊ သတင်းအချက်အလက် ရင်းမြစ်များကို ပိုရရှိစေရန် ဖန်တီးပေးထားသည်ဟု ဆိုကြသည်။ သို့သော် ပုဂ္ဂလိကကျောင်းများတွင် ထောက်စရာအချက် များစွာရှိနေပါသည်။

ငွေကြေး

ပုဂ္ဂလိကကျောင်းများတွင် ကုန်ကျစရိတ်များသည် အစိုးရကျောင်းများနှင့် မယှဉ်နိုင်လောက်အောင် ကွာခြားသည်။ ပုဂ္ဂလိကကျောင်းများသည် အစိုးရအထောက်အပံ့နှင့် ရပ်တည်နေရသော ကျောင်းများမဟုတ်သည့်အတွက် ကျောင်းလာထားသည့် ကလေးများ၏ အထောက်အပံ့နှင့် ရပ်တည်နေကြရသည်ကများသည်။ ကျောင်းဆရာများကို လစာထောက်ပံ့ခြင်းနှင့် ကျောင်းတွင်းလိုအပ်ချက်များကို ဖြည့်ဆည်းခြင်းတို့ကိုလည်း ကျောင်းကို ထူထောင်သူကသာ စိုက်ထုတ်ကုန်ကျရသည်။ 

ထို့ပြင် ကျောင်းတစ်ခုလုံးကိုလည်ပတ်နိုင်ရန်အတွက် သူတို့စရိတ်ဖြင့် သူတို့ ရပ်တည်နေရသဖြင့် ကုန်ကျစရိတ်ကို ကာမိစေရန် ကျောင်းဝင်ကြေးနှင့် လခများကို သတ်မှတ်ချက်အတိုင်း ကောက်မည်သာဖြစ်သည်။

ငွေကြေးကို အခြေခံတည်ဆောက်ထားသည့် ကျောင်းတစ်ကျောင်းဖြစ်နေသည့်အတွက် ငွေကြေးမတတ်နိုင်သူများအနေနှင့် အနားကပ်ရန်ပင် လွယ်မည်မဟုတ်ပါ။ ပညာကို ငွေထုပ်ပိုက်ပြီး ရှာနိုင်မှရနိုင်သဖြင့် ပညာအဆင့်အတန်းရော၊ သင်ကြားမှု သင်ယူမှုအပိုင်းပါ အစိုးရကျောင်းများနှင့် ကွာခြားချင်တိုင်း ကွာခြားသွားနိုင်ပါသည်။ ပုဂ္ဂလိကကျောင်းများသည် အထူးလူတန်းစားအတွက် သီးခြားဖွင့်ထားသည့် ပိုက်ဆံပေးရသော ကျောင်းအသွင်ဆောင်နေသည်။

အဆင့်အတန်း

ပုဂ္ဂလိကကျောင်းတက်သူများသည် အခွင့်ထူးခံလူတန်းစားများအဖြစ် မြင်ကြသည်။ ထိုကျောင်းများတွင် ငွေကြေးချမ်းသာသူများ၊ ဩဇာအာဏာရှိသူများ၏ သားသမီးများကသာ အတက်များပြီး ထိုကျောင်းကြီးများကိုလည်း အခွင့်ထူးခံ လူတန်းစားများက ထူထောင်ထားတတ်သည်များသောကြောင့် တော်ရုံအနားမကပ်နိုင်ပါ။ ထို့ကြောင့်လည်း အစိုးရကျောင်းများတွင်ရှိသည့် အဆင့်အတန်းမခွဲခြားမှုမျိုး ထိုကျောင်းများတွင် မရှိနိုင်ပါ။ ငွေကြေးချမ်းသာမှုနှင့် အာဏာရှိမှုတို့ကို ပြိုင်ဆိုင်ကြသည့် နေရာတစ်နေရာအဖြစ်သာ သာမန်လူတန်းစားက မှတ်ယူကြသဖြင့် အဆင့်အတန်းကို အလိုလိုခွဲခြားပြီးသားဖြစ်သွားသည်။

ဘာသာရေးနှင့်လူမျိုးရေး

နိုင်ငံတကာတွင် ပုဂ္ဂလိကကျောင်းများသည် ဘာသာရေးအဖွဲ့အစည်းများကို ချုပ်ကိုင်ပြီးဖွင့်လှစ်ကာ သင်ကြားနေသည့် ကျောင်းကြီးများဖြစ်နေတတ်သည်။ ထို့ကြောင့် ဘာသာတရားအပေါ်အခြေခံပြီးထိန်းချုပ်ကာ အတင်းအကျပ်ကိုးကွယ်ဆည်းကပ်ခိုင်းမှုများရှိနိုင်သလို လူမျိုးရေးနှင့် အသားအရောင်ခွဲခြားသည့်ကျောင်းများလည်း ရှိနိုင်သည်။ ဘာသာရေးနှင့် လူမျိုးရေးအရ သီးခြားဖွင့်ထားသည့် ပုဂ္ဂလိကျောင်းများသည် မည်မျှကောင်းသည်ဆိုစေ ဘာသာခြားနှင့် လူမျိုးခြားများ ကလေးများအတွက် သိမ်ငယ်စိတ်များဖြစ်စေနိုင်သည်။

ကျောင်းဝင်ခွင့်

အစိုးရကျောင်းများတွင် ကျောင်းသားတိုင်းကို ခွဲခြားကွဲပြားမှုမရှိ လက်ခံသော်လည်း ပုဂ္ဂလိကကျောင်းများက ဝင်ခွင့်ဖြင့် စိစစ်လက်ခံလေ့ရှိကြသည်။ ငွေကြေးချမ်းသာမှုနှင့် အာဏာရှိမှုတို့က သတ်မှတ်ထားသည့် စည်းကမ်းတို့ကို အမျိုးမျိုး ပြုပြင်ပြောင်းလဲပြီး လက်ခံနိုင်သည့် အနေအထားဖြစ်သည်။ 

အချို့သော ပုဂ္ဂလိကကျောင်းများသည် မသန်စွမ်းသူများကို လက်မခံသည့် ခွဲခြားဆက်ဆံမှုများကိုပင် တွေ့ရသည်။ သူတို့က ကလေး၏ ကာယ၊ ဉာဏအားပြည့်စုံမှ သင်ကြားရေးကို ပေါက်မြောက်အောင်လုပ်နိုင်မည်ဟု သတ်မှတ်ထားကြသည်။ သို့သော် ငွေကြေးနှင့် အာဏာအရ ခွဲခြားမှုမပြုဘဲ လက်ခံသင်ကြားပေးခြင်းများလည်း တွေ့ရပြန်သည်။ မည်သို့ဆိုစေ ကျောင်းဝင်ခွင့်ကို အာဏာပိုင်အဖွဲ့အစည်းက ချုပ်ကိုင်ထားသဖြင့် ထိုတောင်ကိုကျော်ရန်မှာ အခက်အခဲတစ်ခု ဖြစ်နေတတ်သည်။

ဆရာ

ပုဂ္ဂလိကကျောင်းများတွင် ပညာတတ်တွေချည်းသက်သက် ခန့်ထားသည်ဆိုသော်လည်း ဆရာဆိုသူတိုင်း ဆရာအတတ်ပညာအကြောင်း နားလည်သူများ မဟုတ်နိုင်ပါ။ ပုဂ္ဂလိကကျောင်းများတွင် ဘွဲ့တစ်ခုခုကို အကောင်းဆုံး၊ အတော်ဆုံး ယူခဲ့သူများ ရှိကောင်းရှိနိုင်ပါသည်။ သို့သော် ဘွဲ့ဂုဏ်တိုင်းမှာ ဆရာဟု သတ်မှတ်နိုင်သည့် အရည်အချင်း ရှိချင်မှရှိနိုင်ပါသည်။

ဆရာဆိုသည်မှာ စာဖတ်လာပြီး သင်နိုင်သူမဟုတ်ပါ။ ကျောင်းသားကျောင်းသူများ၏ ခံယူနိုင်စွမ်း၊ တတ်မြောက်နိုင်စွမ်းတို့ကိုလည်း အကဲဖြတ်သင်ကြားနိုင်မှ ဆရာဟုခေါ်ပါသည်။ စာအုပ်ပါ စာများသင်နိုင်ရုံဖြင့် ဆရာမဟုတ်ပါ။ စာအုပ်ထဲကစာထက် ချဲ့ထွင်သင်ကြားပေးနိုင်သူသာ ဆရာဖြစ်ပါသည်။ ဖတ်စာအုပ်ဖြင့် ဘောင်ခတ်ခြင်းကိုခံနေသူသည် ဆရာမဟုတ်ပါ။ ဖတ်စာအုပ်ဘောင်ကို ကျော်လွန်ပြီး ကျောင်းသားများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်သူသာ ဆရာဖြစ်ပါသည်။

တိုးတက်သည့်နိုင်ငံကြီးများတွင် ဘွဲ့ထက် ဆရာအတတ်ပညာကို မက်ကြသည်။ ဆရာအတတ်သင်အရည်အချင်းကိုမေးပြီးမှ ခန့်ကြသည်။ ဘွဲ့ကိုအခြေခံပြီး ဆရာခန့်ထားသည့် ပုဂ္ဂလိကကျောင်းများတွင် ဆရာလုပ်နေသူများကို မည်သူက တာဝန်ခံသနည်း။

ဆရာအတတ်ပညာဖြင့် လေ့ကျင့်ပေးခြင်းမခံထားရသည့်ဆရာများ၊ ခေတ်ကို မျက်ခြည်ပြတ်နေသည့် ဆရာများ၊ ဆရာဆိုသည်မှာ အစိုးရကျောင်းများမှ ဆရာများနှင့် ထူးမခြားနားလုပ်ကာ သင်နေသည့် ဆရာများဖြင့် ပုဂ္ဂလိကကျောင်းများတွင်လည်း ပညာရေးမှာ ထူးခြားလာနိုင်စရာ အကြောင်းမရှိပါ။

E-01

(Ref : Disadvantages of Private Schools)