News

POST TYPE

SPECIAL SECTIONS

ပညာရေးကဏ္ဍနှင့် ပုဂ္ဂလိကကျောင်းများ
30-Apr-2018



ပုဂ္ဂလိကကျောင်း ကောင်းသလား

“ကလေးတွေကို ပုဂ္ဂလိကကျောင်း ပို့သင့်သလား” ဆိုသည့် မေးခွန်းကို မကြာခဏကြားနေရသည်။ အကောင်းဘက်က ဆွေးနွေးကြည့်ချင်ပါသည်။

သင်ရိုးများကို ပြုပြင်ပြောင်းလဲခြင်း၊ ညှိနှိုင်းသင်ခြင်းပြုနိုင်သည်

အစိုးရကျောင်းနှင့် မတူသည့်အချက်မှာ ပုဂ္ဂလိကျောင်းများတွင် လုပ်ပိုင်ခွင့်ကွာခြားခြင်းဖြစ်သည်။ ထို့ကြောင့် ပုဂ္ဂလိကကျောင်းများတွင် သင်ကြားနေသည့် သင်ရိုးများကို ပြုပြင်ပြောင်းလဲခြင်း၊ ညှိနှိုင်းသင်ကြားခြင်းများ ပြုလုပ်နိုင်သည်။ ကိုယ့်ကျောင်းနှင့် ကိုယ်ကျောင်းသားအတွက် အကောင်းဆုံးဖြစ်မည်ထင်သည့် စနစ်များနှင့် အကြောင်းအရာများကို ပြောင်းလဲသင်နိုင်သည်။ အထက်ကချမှတ် ပြဋ္ဌာန်းထားသည်ဆိုသည့် ပုံသေသတ်မှတ်ချက်ဖြင့်လုပ်နေရခြင်းထက် ကိုယ့်ကျောင်းမူနှင့်ကိုယ် လွတ်လပ်စွာ သွားနိုင်သည်ဆိုသည့် အသွင်ဆောင်နေသည်။

ပုဂ္ဂလိကကျောင်းများမှ ကျောင်းသားများသည် အကြောင်းအရာချင်းတူသည့်တိုင် အစိုးရကျောင်းမှ ကျောင်းသားများနှင့် ချဉ်းကပ်ပုံချဉ်းကပ်နည်း တူချင်မှတူနိုင်မည်။ အဓိကကွာခြားချက်တစ်မှာ ဝန်ဆောင်မှုပေးပုံ မတူညီခြင်းဖြစ်သည်။ အစိုးရကျောင်းတွေက ဝန်ဆောင်မှုဆိုသည့် သဘောတရားကို နားလည်ချင်မှလည်း နားလည်မည်၊ အကောင်းဆုံးဝန်ဆောင်မှု ပေးရမည်ဆိုသည့် သဘောတရားကို မသိချင်ယောင်ဆောင် ကောင်း ဆောင်နိုင်သည်။ သူတို့က တာဝန်ကျေလုပ်ဆောင်နေပုံနှင့် ပုဂ္ဂလိကကျောင်းများက တာဝန်ယူလုပ်ဆောင်နေပုံများ ကွဲပြားနိုင်သည်။

ဥပမာ - စာဖတ်ရခက်သည့် ကလေးတစ်ယောက်အပေါ် ပုဂ္ဂလိကကျောင်းများနှင့် အစိုးရကျောင်းများ၏ ချဉ်းကပ်သင်ကြားပုံ မတူညီနိုင်ပါ။ အစိုးရကျောင်းတွေက တစ်တန်းတည်း၊ တစ်စားတည်းသာ သတ်မှတ်သင်ကြားမည် ဖြစ်ပါသည်။ သူတို့အတွက် အထူးကျောင်းသားဆိုပြီး စိတ်ရှည်သည်းခံကာ သင်ကြားပေးနေရန် မလွယ်ပါ။ ထို့ကြောင့် စာဖတ်ရခက်သည့် ကလေးများအတွက် သီးခြားဖွင့်ပေးထားသော ပုဂ္ဂလိကကျောင်းများကသာ အဆင်ပြေနိုင်ပါသည်။ ဉာဏ်ရည်ကွာခြားမှုကြောင့် စာသင်ရခက်သည့် ကလေးများအနေနှင့် အစိုးရကျောင်းထက်၊ ပုဂ္ဂလိကကျောင်းများကသာ အဆင်ပြေနိုင်ပါလိမ့်မည်။

ကျောင်းဝင်ခွင့်သတ်မှတ်ချက်

ပုဂ္ဂလိကကျောင်းများတွင် ကျောင်းဝင်ခွင့်နှင့်ပတ်သက်ပြီး စစ်ဆေးရွေးချယ်သည့်အဖွဲ့များ ရှိတတ်ပါသည်။ သူတို့က ကျောင်းလာအပ်သည့် ကလေးတစ်ယောက်အနေအထားကို စစ်ဆေးသုံးသပ်ပြီး မိမိတို့ကျောင်းနှင့် အဆင်ပြေနိုင် မပြေနိုင် သုံးသပ်ဆုံးဖြတ်ကြရသည်။ ပုဂ္ဂလိကကျောင်းများ၏ သဘောထားမှာ မိမိတို့ကျောင်း၏ ဂုဏ်သိက္ခာနှင့် အဆင့်အတန်းကို အလေးထားသဖြင့် လာအပ်သည့်ကျောင်းသားသည် ငွေတတ်နိုင်ရုံမက သင်ယူနိုင်မည့်အနေအထား ရှိ၊ မရှိကိုလည်း လေ့လာဆုံးဖြတ်ပြီးမှ လက်ခံလေ့ရှိကြသည်။ ကျောင်းသားများကို ကာယ၊ ဉာဏ၊ စာရိတ္တပိုင်းအပြင် ကိုယ်ရည်ကိုယ်သွေး၊ နောက်ခံအနေအထား၊ ပြုပြင်သင်ကြား၍ ရနိုင်၊ မရနိုင် စသည့်အချက်များကိုလည်း စစ်ဆေးလေ့လာတတ်ကြသည်။

အားကစားကို အထူးအားပေးသည့်ကျောင်းတွေကလည်း အားကစားသမားကောင်းတစ်ယောက်ဆိုလျှင် လက်ခံမွေးထုတ်ချင်ကြသည်။ စာတော်သူတွေဆိုလည်း ပိုလိုချင်ကြသည်။ ပုဂ္ဂလိက ကျောင်းအများစုမှာ လူတော်များကိုသာ လက်ခံမွေးထုတ်ချင်ကြသည်ကများသဖြင့် စိစစ်မှုလည်းတင်းကျပ်နိုင်သည်။

စာသင်ခန်းအရွယ်အစား

အစိုးရကျောင်းများနှင့် ပုဂ္ဂလိကကျောင်းတို့၏ အဓိကကွာခြားချက်မှာ စာသင်ခန်းအတွင်း ကျောင်းသားအရေအတွက် ထည့်သွင်းသင်ကြားပေးမှုဖြစ်သည်။ ပုဂ္ဂလိကကျောင်းအများစုသည် စာသင်ခန်းတစ်ခန်းတွင် ကျောင်းသားအရေအတွက်ကို နည်းနိုင်သမျှနည်းအောင် ကမ္ဘာ့စံအတိုင်းထားလေ့ရှိကြသည်။ 

သူတို့နိုင်ငံတွင် ကျောင်းသားအရေအတွက်ကအစ ဂရုစိုက်သည်။ အလယ်တန်းတွင် ကျောင်းသား ၅၀ မှ ၁၀၀ အထိသာ လက်ခံမှုမျိုး၊ အထက်တန်းအဆင့်တွင် ကျောင်းသား ၁၀၀ မှ ၁၅၀ အထိ လက်ခံသင်ကြားပေးခြင်းမျိုး စသည်ဖြင့် ကျောင်း၏အရွယ်အစားနှင့် လက်ခံလုပ်ဆောင်ပေးနိုင်သည့် အရေအတွက်ကိုလည်း ထိန်းသိမ်းထားတတ်ကြသည်။

ကျောင်းရှိ ဝန်ထမ်းဆရာအရေအတွက်နှင့် မမျှသည့် ကျောင်းသားအရေအတွက်ကို လက်ခံလေ့မရှိသလို စာသင်ခန်းအတွင်း၌လည်း ၁၀ ဦးမှ ၁၈ ဦးအထိသာ ထည့်သွင်းသင်ကြားလေ့ရှိကြသည်။ အထူးကျောင်းများတွင် သတ်မှတ်အရေအတွက်ထက်နည်းကာ သင်ကြားပေးနေမှုများလည်းရှိသည်။ စာသင်ခန်း စီမံခန့်ခွဲမှုနှင့် သင်ကြားသင်ယူမှု ထိရောက်စေရေးအတွက် စာသင်ခန်းကျောင်းသားဦးရေကို ကန့်သတ်ထားခြင်းဖြစ်သည်။

ဆရာများ၏ သင်ကြားမှု

ဆရာများ၏ သင်ကြားမှုအပိုင်းတွင် ပုဂ္ဂလိကကျောင်းများက ဆရာတွေ၏ သင်ကြားမှုနှင့် အစိုးရကျောင်းများက ဆရာများ၏သင်ကြားမှုမှာ အကွာကြီးကွာခြားနိုင်သည်။ ပုဂ္ဂလိကကျောင်းများတွင် ဆရာများသည် ကျောင်းသားအရေအတွက် နည်းနည်းလေးသာ သင်ကြားနေရသဖြင့် ကလေးများအပေါ် ဂရုစိုက်ပြီး စောင့်ရှောက်နိုင်သည်။ ကလေးများအကြောင်း ကောင်းကောင်းသိကြသည်။ သူတို့သည် ဝတ္တရားကျေ၊ တာဝန်ကျေလုပ်ဆောင်နေရသည်မဟုတ်ဘဲ ညှိနှိုင်းပူးပေါင်းလုပ်ဆောင်ခြင်းအပြင် ကျောင်း၏သတ်မှတ်ချက်၊ လိုအပ်ချက်များအတိုင်း သင်ကြားပေးနေရသောကြောင့် ပိုပြီးဂရုစိုက်ကြသည်။ ကျောင်းသားများစွာကို စာသင်ခန်းထဲတွင်ထည့်ပြီး သင်ကြားနေရသည့်ဆရာများနှင့် ပုဂ္ဂလိကကျောင်းများက ဆရာများ၏သင်ကြားမှုများမှာ ကွာခြားနိုင်သည်။

ကျောင်းသားများကို ပိုပြီးလေ့ကျင့်ပေးနိုင်သည်

ပုဂ္ဂလိကကျောင်းများသည် သင်ရိုးထက်ပိုလွန်သည့် သင်ကြားနည်းများကို သင်ကြားနိုင်စွမ်းရှိသလို သူတို့ထံတွင် သင်ထောက်ကူများ၊ ဓာတ်ခွဲခန်းများကလည်း ပြည့်စုံလုံလောက်စွာ ရှိကြသည်။ ကျောင်းတွင်း လှုပ်ရှားမှုများ၊ သင်ကြားမှုများတွင် တစ်ပတ်ဓာတ်ခွဲခန်းဝင်ချိန်၊ ဆွေးနွေးချိန်၊ စစ်ဆေးချိန်၊ စာဖတ်ချိန်၊ စာကြည့်တိုက် အသုံးပြုချိန်၊ ကွန်ပျူတာ အင်တာနက်အသုံးပြုချိန် စသည်ဖြင့် အစိုးရကျောင်းများတွင် မရှိသော အခွင့်အရေးများကို ရကြသည်။ ထို့ကြောင့် အစိုးရကျောင်းများထက် ပိုပြီးတတ်သိမှု ပိုသည်ဟုဆိုနိုင်သည်။

အစိုးရကျောင်းများတွင် မသင်သည့် ဂီတ၊ အနုပညာ၊ စက်မှုလက်မှုပညာများကိုလည်း သူတို့သင်ကြားနိုင်သည်။ ကျောင်းသားများကို အားကစားလှုပ်ရှားမှုများ၊ တီထွင်မှုများအတွက် သီးခြားအချိန်ပေးကာ ပျိုးထောင်ပေးနေသည့်ကျောင်းများလည်း ရှိနေသည်။ ပုဂ္ဂလိကကျောင်းတွေက ကောင်းကောင်းယူပြီး ကောင်းကောင်း ဝန်ဆောင်မှုပေးနိုင်သဖြင့် ပညာရေးအဆင့်အတန်းနှင့် သင်ယူမှုများသည် အစိုးရကျောင်းများနှင့် ကွာချင်တိုင်းကွာခြားသွားတော့သည်။ 

ထို့ကြောင့် တစ်ပြားမှမကုန်သော်လည်း အချိန်ပေးရသည်ချင်းအတူတူ ကွာခြားချက်များနေသည့် ပညာရေးအပေါ် မိဘများက ဆန်းစစ်လာကြသည်။ ပုဂ္ဂလိကကျောင်းများတွင် ငွေကြေးက အဓိကအချက်ဖြစ်နေသည်မှာ မှန်ပါသည်။ သို့သော် မိဘများဘက်က မိမိတို့သားသမီးများအတွက် ရွေးချယ်နိုင်ခွင့်ရှိမည်ဆိုလျှင် ဘာကို ရွေးမည်ဆိုခြင်းမှာ ပြောစရာပင် မလိုလောက်အောင်ဖြစ်သည်။

E-01

(Ref: The Benefits of a Private School Education)