News

POST TYPE

SPECIAL SECTIONS

ပညာရေးကဏ္ဍနှင့် စာမေးပွဲစနစ်
30-Apr-2018


စာမေးပွဲစစ်တာ မကောင်းဘူး

၁။ စိတ်ဖိစီးမှုနှင့် စိုးရိမ်သောကကိုဖြစ်စေသည်

စာမေးပွဲရာသီရောက်လာပြီဆိုလျှင် ကျောင်းသားများတွင် စိုးရိမ်သောကနှင့် စိတ်ဖိစီးမှုများဖြစ်လာကြတော့သည်။ စိတ်ဖိစီးဒဏ်နှင့် စိုးရိမ်သောက ကြောက်စိတ်များသည့် ကျောင်းသားတွေမှာ ဘာကျက်ကျက် မရနိုင်လောက်အောင် ဖြစ်လာသည်။ စိတ်သောကကြောင့် ဘာမှလည်း စိတ်မဝင်စား။ မအိပ်နိုင်၊ မစားနိုင်ဖြစ်ကာ ကျန်းမာရေးကိုပါ ထိခိုက်လာတော့သည်။ စိတ်ဖိစီးမှုနှင့် ကြောက်ရွံ့မှုကို သည်းမခံနိုင်သည့် ကလေးတွေက ရူးကြောင်ကြောင်တွေ ဖြစ်ချင်လာသည်။ နေမကောင်းဖြစ်လာသည်။

အာရှနိုင်ငံ ပညာရေးစနစ်က ကျောင်းသားများတွေးနိုင်သည့် အနေအထားထက် ကျော်လွန်ပြီး မတွေးနိုင်အောင်နှင့် မခက်ခက်အောင် မေးခွန်းများထုတ်တတ်သည်။ စာမေးပွဲမေးခွန်းက ခက်မလားဆိုသည့် သောကသည်လည်း ကျောင်းသားတိုင်းကို စိုးမိုးထားသည်။ မူလတန်းကလေးတွေကို စာမေးပွဲသွားစစ်လိုက်သည့်အခါ တော်စေချင်၊ အမှတ်ကောင်းစေချင်၊ ဆုလိုချင်သည့်မိဘတွေက မနားရလောက်အောင် ဖိအားတွေပေးသဖြင့် ကလေးဘဝပျောက်ဆုံးကုန်ကြသည်။ ထို့ကြောင့် ကလေးအရွယ် မူလတန်းလေးများကို စာမေးပွဲမစစ်သင့်ဟု ဆိုကြသည်။

၂။ အသိဉာဏ်စစ်သည်ဆိုကာ စာမေးပွဲထားခြင်းမှာ မတရားပါ

စာမေးပွဲကို ၃ နာရီစစ်သည်ဖြစ်စေ၊ တစ်နာရီခွဲစစ်သည်ဖြစ်စေ ထိုအချိန်ကာလလေးနှင့် ကျောင်းသားတစ်ဦး၏ဘဝကို တိုင်းတာပိုင်းဖြတ်သည်ဆိုခြင်းမှာ မဖြစ်သင့်ပါ။ စာမေးပွဲဖြင့် ကျောင်းသားတစ်ယောက်ကို တိုင်းတာသည်ဆိုခြင်းကပင် မှားနေသည်။ 

ကျောင်းသားသည် စိုးရိမ်စိတ်များနေလျှင်၊ နေမကောင်းလျှင် သူကျက်လာသည့်စာများကို မေ့ကောင်းမေ့နိုင်သည်။ စာတွေကို ကျောင်းသားက အကုန်ကျက်လာပြီး မေ့သွားသည်လည်း ဖြစ်နိုင်သည်။ အကုန်မကျက်နိုင်သည့်ကျောင်းသားက ရွေးကျက်မည်။ ရွေးကျက်သည့်စာက စာမေးပွဲတွင်တိုးပြီး ကံကောင်းသဖြင့် အမှတ်ကောင်းသွားနိုင်သည်။ ရွေးကျက်လာသည့်စာတွေက မတိုးလျှင် ကိုယ်ကျိုးနည်းမည်။ အကုန်ဖြေနိုင်အောင် အကုန်လွှမ်းခြုံပြီး ကျက်လာရန်ဆိုခြင်းမှာလည်း ကျောင်းသားတစ်ဦးနှင့်တစ်ဦး မှတ်နိုင်စွမ်းနှင့် ခံယူနိုင်စွမ်းမတူညီပါ။ ထို့ကြောင့် ကံကောင်းလျှင် သို့မဟုတ် စာကျက်နိုင်လျှင် ဆိုသည့်သူများနှင့် မသမာသောနည်းကို အသုံးပြုပြီး စာမေးပွဲဖြေခွင့်ရလိုက်သူများက အကောင်းဆုံးဖြစ်ပြီး အတော်ဆုံးဟု သတ်မှတ်ရန်မှာ မဖြစ်သင့်ပါ။ ထို့ကြောင့် စာမေးပွဲသည် ကျောင်းသားတစ်ယောက်အရည်အချင်းကို ပိုင်းဖြတ်နိုင်သည်ဆိုခြင်းမှာ မမှန်နိုင်ပေ။

၃။ ကျောင်းသားအချင်းချင်း စိတ်ဝမ်းကွဲစေသည်

ကျောင်းသားတစ်ဦးချင်း တစ်ယောက်ချင်းတိုင်းတွင် သူ့အရည်အချင်းနှင့်သူရှိနေသည်ကို အသိအမှတ်ပြုရန်လိုသည်။ ဘက်စုံတော်သူဟူ၍ မရှိနိုင်ပါ။ လူတိုင်းတွင် အားနည်းချက်၊ အားသာချက်များ ရှိနိုင်ပါသည်။ ထိုသဘောတရားကို မိဘများရော ဆရာများပါ သဘောပေါက်ထားသင့်ပါသည်။ မိဘများက ကိုယ်သားသမီးကို အခြားသူတစ်ဦးဦးနှင့် နှိုင်းယှဉ်ပြီး တော်သည် ညံ့သည်ဟုပြောလေ့ရှိသည်။ တော်ခြင်း၊ ညံ့ခြင်းကို စာမေးပွဲရလဒ် အမှတ်ဖြင့် ပိုင်းဖြတ်ပြောနေခြင်းဖြစ်သည်။ ကိုယ့်သားသမီးကို အမှတ်နှင့်တိုင်းတာ ပိုင်းဖြတ်နေခြင်းကလည်း ကောင်းသောနည်းလမ်းမဟုတ်ပါ။ သားသမီးများ စိတ်ဓာတ်ကျပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနည်းသွားစေနိုင်ပါသည်။ 

နှိုင်းယှဉ်ခြင်းနှင့် ယှဉ်ပြိုင်ခြင်း မတူညီပါ။ ယှဉ်ပြိုင်ခြင်းက ကောင်းသော်လည်း နှိုင်းယှဉ်ခြင်းခံလိုက်ရလျှင် စိတ်ဓာတ်ကျဆင်းသွားစေနိုင်သည်။ နှိုင်းယှဉ်လိုက်လျှင် စိတ်ဝမ်းကွဲသွားစေပြီး မလိုမုန်းတီးမှုများကိုဖြစ်စေနိုင်သည်။ စာမေးပွဲဖြင့် ပြိုင်ဆိုင်ခိုင်းလိုက်လျှင် တစ်ဦးနှင့်တစ်ဦးကို ပြိုင်ချင်လည်းပြိုင်မည်၊ မပြိုင်ချင်လည်းနေမည်။ သို့သော် ပြိုင်ဘက်ဆိုသည့် သဘောတရားက စိတ်ထဲတွင်စွဲပြီး စိတ်ဝမ်းကွဲစရာဖြစ်သွားနိုင်သည်။

၄။ အစာသွတ်ဦးနှောက် ကျပ်မပြည့်လောက်

အဆင့်ကောင်းကောင်း၊ အမှတ်ကောင်းကောင်းရလာခြင်းမှာ ကျောင်းစာလောက်ကို ဦးနှောက်ထဲ သွင်းလာနိုင်သောကြောင့်ဖြစ်သည်။ ကျောင်းသားတိုင်း အတိုင်းအတာအကန့်အသတ်ဖြင့်သာ ဦးနှောက်ထဲကို ထည့်သွင်းနိုင်စွမ်းရှိသည်။ 

စာမေးပွဲစနစ်ဆိုသည်မှာ ကျက်ရန်သတ်မှတ်ထားသည့်စာများကို နားလည်သည်ဖြစ်စေ နားမလည်သည်ဖြစ်စေ ကျက်နိုင်လေ အကျိုးရှိလေဖြစ်အောင် ဖန်တီးထားသည့်စနစ်တစ်ခုဖြစ်သည်။ ဦးနှောက်ထဲကို ပြည့်နေအောင် စာတွေကို သွတ်ထားသူများဖြစ်အောင် လုပ်လိုက်လျှင် စာပြည့်ပြီး ဘဝမပြည့်သူတွေ ဖြစ်သွားနိုင်သည်။ စာသိပြီး ဘာမှမသိသော ကျပ်မပြည့်သူ ပေါတောတောတွေလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။ ထို့ကြောင့် ကုမ္ပဏီများသည် နောက်ပိုင်း လူတွေ့စစ်ဆေးသည့်အခါများတွင် စာပေါများကို သိပ်ပြီး အလုပ်မပေးတော့ကြောင်း တွေ့လာရသည်။ 

စာမေးပွဲစနစ်သည် မကောင်းသည်ကတော့ အမှန်ပင်ဖြစ်သည်။ သို့သော်မည်သူမှ မစွန့်လွှတ်နိုင်သေး။ ပညာတတ်ရန်ထက် ပညာသိရန်အားထုတ်ပြီး အလွတ်ကျက်မှတ် စာမေးပွဲဖြေတတ်အောင် လေ့ကျင့်နေကြရခြင်းကပင် ပညာမတတ်ကြောင်း ကောင်းစွာသိလာကြပြီဖြစ်သည်။ 

စာမေးပွဲသည် ဘဝမဟုတ်ပါ။ စာမေးပွဲရှုံးခြင်းကြောင့် ဘဝမရှုံးပါ။ စာမေးပွဲနှင့် အဆုံးအဖြတ်ပေးနေသည့် စနစ်က ဘဝပျက်အောင်လုပ်နေခြင်းဖြစ်သည်။ ကလေးများကို ပညာရပ်တစ်ခုခုအား ကျွမ်းကျင်အောင် လုပ်ပေးရမည့်အစား ဖိအားဖြင့် ခေါင်းထဲကို ဖိသွတ်နေသည့် စာမေးပွဲစနစ်ကို ပယ်ဖျောက်နိုင်မှသာ ခေတ်စနစ်နှင့် ကိုက်ညီမည့် ပညာစနစ်ကို အကောင်အထည်ဖော်နိုင်မည်ဖြစ်သည်။

E-01

(Ref: Disadvantages of Exams)