News

POST TYPE

SPECIAL SECTIONS

ပညာရေးကဏ္ဍနှင့် စာမေးပွဲစနစ်
30-Apr-2018 tagged as



စာမေးပွဲစစ်တာ ကောင်းတယ်

“စာမေးပွဲ” ဆိုသည်မှာ ကျောင်းသားများအတွက် ခြောက်အိပ်မက်တစ်ခုဖြစ်နေရသည်မှာ ရာစုနှစ်ပေါင်း များစွာကြာခဲ့ပြီ။ စာမေးပွဲဆိုသည်က စိတ်ဖိစီးမှု၊ စိုးရိမ်မှုနှင့် စိတ်ကို အနှောင့်အယှက်ပေးမှုများကို ဖြစ်စေသည်။ ကျောင်းသားတိုင်းကို စာမေးပွဲကြိုက်သလားဟုမေးလျှင် “မကြိုက်” ဟုသာ ဖြေကြဖို့များသည်။ စာမေးပွဲဆိုသည့် စကားလုံးက ကျောင်းသားများကြားတွင် စိတ်ကို ကသိကအောက်ဖြစ်စေသည်ကတော့ အမှန်ပင်ဖြစ်သည်။

“စာမေးပွဲ” ဆိုသည်မှာ ကျောင်းသားတစ်ယောက်၏ အရည်အချင်းနှင့် အဆင့်ကို စစ်ဆေးခြင်းဖြစ်သည်ဟု ဆိုကြသည်။ ထိုယူဆချက်နှင့်ပင် နှစ်ပေါင်းများစွာ စာမေးပွဲကို စစ်ခဲ့ကြသည်။ တော်သူရော ညံ့သူပါ စာမေးပွဲကို ကြောက်ကြသည်။ စာမေးပွဲစနစ်ကလွဲပြီး အခြားနည်းဖြင့် မဖြေရှင်းတတ်သည် ပညာရေးစနစ်များက စာမေးပွဲနည်းဖြင့် ဖြေရှင်းနေကြသလို၊ စာမေးပွဲဆိုသည်မှာ ကလေးတစ်ယောက်ဘဝကို အဆုံးအဖြတ်မပေးနိုင်ဟု ယူဆနေကြသည့် နိုင်ငံနှင့် စနစ်များက စာမေးပွဲစနစ်ကို ရှောင်လွှဲနိုင်ရန်သာမက ပယ်ဖျက်နိုင်ရန်အတွက်ပါ ကြိုးစားနေကြသည်။

စာမေးပွဲစစ်ခြင်းကြောင့် အကျိုးရှိသည်ဆိုသည့်ဘက်က တင်ပြချက်များကို လေ့လာကြည့်စေချင်ပါသည်။

၁။ စာမေးပွဲက လူတစ်ဦးချင်းစီ၏ အသိပညာမည်မျှရှိကြောင်း ဆန်းစစ်နိုင်သည်

စာမေးပွဲသည် လူတစ်ဦးချင်းစီ၏ အသိပညာဗဟုသုတမည်မျှရှိကြောင်းကို စစ်ဆေးခြင်းဖြစ်သည်ဟုဆိုသည်။ ထိုသို့စစ်ဆေးရာတွင် သင်ကြားထားသည့် အတိုင်းအတာနယ်ပယ်လောက်အတွင်းကို စစ်ဆေးပြီး သတ်မှတ်နေကြသည်။ ကျောင်းသားက သင်ကြားထားသမျှကို ကောင်းစွာ ကျက်မှတ်လေ့ကျင့်ထားလျှင် ဖြေဆိုနိုင်သည်။ မှတ်နိုင်လေ၊ ကျက်နိုင်လေ အကျိုးရှိလေဆိုသည့် သဘောသက်ရောက်သည်။

ကျောင်းတွင် စာမေးပွဲမရှိတော့လျှင်ဟု စိတ်ကူးကြည့်လိုက်လျှင် မည်သို့ဖြစ်သွားနိုင်သနည်း။ စာမေးပွဲမရှိဟု ဆိုလိုက်လျှင် စာမကျက်တော့ခြင်းကို ရင်ဆိုင်ရမည်ဟုဆိုသည်။ စာမကျက်တော့ ဘာဖြစ်မည်နည်း။ စာမကျက်လျှင် မတတ်ဟု ယူဆကြဦးမည်။ 

ကျောင်းသားတွေ စာကျက်စရာမရှိလျှင် ဂိမ်းဆော့မည်၊ တီဗီကြည့်မည်။ ခေါင်းထဲတွင် ဂိမ်းကိစ္စ၊ တီဗီဇာတ်လမ်းများသာရှိနေသဖြင့် သူတို့အနာဂတ်စာမတတ်။ စာမတတ်လျှင် အနာဂတ်မကောင်းနိုင်ဟု ယူဆကြသည်။ ထို့ကြောင့် စာမေးပွဲဆိုသည်မှာ ကျောင်းသားများကို တုပ်နှောင်ထားနိုင်သည့် တစ်ခုတည်းသော နည်းလမ်းအဖြစ် ဆရာနှင့် မိဘများက ယူဆကြသည်။

၂။ ပြိုင်ဆိုင်မှုကိုဖြစ်စေသည်

စာမေးပွဲက ကျောင်းသားအချင်းချင်းပြိုင်ဆိုင်မှုကိုဖြစ်စေသည်။ ပြိုင်ဆိုင်ချင်သောကြောင့် ပိုကြိုးစားလေ ပိုပြီးအသိဉာဏ်ရှိလေဖြစ်သည်။ ပြိုင်ဆိုင်ချင်စိတ်က ကျောင်းသားကို ပိုတော်စေသည်။ ယနေ့ခေတ်သည် အပြိုင်အဆိုင် အနိုင်ခေတ်ဖြစ်သည်။ အလုပ်၊ ရာထူးအားလုံးအတွက် ပြိုင်ဆိုင်နေကြရသည်။ ရွှေတံဆိပ်လိုချင်လျှင် ပြိုင်ရမည်သာဖြစ်သည်။ ပြိုင်ဆိုင်မှုမရှိလျှင် လောကတွင် အသက်ရှင်ရန်ပင် ခက်ခဲနိုင်သည်။ ထို့ကြောင့် ကျောင်းများတွင် စာမေးပွဲစနစ်ကို ထည့်ထားပေးခြင်းကကောင်းသည်။

၃။ ပညာသင်ဆုမှန်းနိုင်ပြီး အနာဂတ်ကို တောက်ပစေသည်

ကျောင်းသားများ ကြိုးစားနေကြခြင်းသည် အဆင့်ကောင်းကောင်း၊ အမှတ်ကောင်းကောင်းရရန်ဖြစ်သည်။ အမှတ်၊ အဆင့်ကောင်းမှ ပညာသင်ဆုကိုလည်း ရရှိမည်။ ပညာသင်ဆုဆိုသည့် အရာများကိုလည်း အဆင့်၊ အမှတ်များဖြင့်သာ ပိုင်းဖြတ်နေကြသည်။ နာမည်ကြီး ပညာသင်ဆုတိုင်းအမှတ်နှင့် အဆင့်ကိုသာ တိုင်းတာကြသည်။

အထက်တန်းကျောင်းသားတွေက အထက်တန်းကို အမှတ်ကောင်းကောင်းနှင့် အောင်ချင်ကြသည်။ အဘယ်ကြောင့်ဆိုသော် တက္ကသိုလ်ကောင်းကောင်းတွေကလည်း အမှတ်ကောင်းနှင့် ပိုင်းဖြတ်နေကြသော ကြောင့်ဖြစ်သည်။ အမှတ်ကောင်းမှ တော်သည်ဟုသတ်မှတ်နေသရွေ့ အမှတ်ကိုပိုင်းဖြတ်သည့် စာမေးပွဲစနစ်က ကောင်းစားနေမည်သာဖြစ်သည်။ တက္ကသိုလ်ကောင်းကောင်း တက်ချင်သည်။ ပညာသင်ဆုရချင်သည်။ စာမေးပွဲကို အမှတ်၊ အဆင့်ကောင်းကောင်းနှင့် အောင်မြင်အောင် ကြိုးစားရန်မှတစ်ပါး အခြားနည်းမရှိ။

၎။ ကိုယ်ရည်ကိုယ်သွေးမြင့်မား ယုံကြည်မှုတိုးပွားစေသည်

စာကျက်ပြီး စာကောင်းကောင်းရထားခြင်းက အမှတ်၊ အဆင့်ကောင်းကောင်း ရစေသည်။ အမှတ်၊ အဆင့်ကောင်းလျှင် လူအထင်ကြီး လေးစားခြင်းခံရသည်။ ဂုဏ်ထူးများမှ ဂုဏ်ရှိသည်ဟု ခံယူသည့် အသိုင်းအဝိုင်းတွင် ဂုဏ်ထူးအများကြီးရအောင် လုပ်ကြမည်သာဖြစ်သည်။ အမှတ်ကောင်းခြင်းက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်ရှိစေသည်ဟုလည်း ခံယူလာကြသည်။ အမှတ်ကောင်းရ ဂုဏ်ထူးများမှ ထူးချွန်သူ (လူတော်) ဟု သတ်မှတ်နေကြသည်။ 

စာမေးပွဲက ကလေးတစ်ယောက်ကို ယုံကြည်မှုအပြည့်အဝဖြစ်စေသည်။ စာမေးပွဲဖြေနိုင်လေ ယုံကြည်မှု တိုးလေဖြစ်ပြီး၊ မဖြေနိုင်လေ ယုံကြည်မှုနည်းလာလေဆိုသည့် ဆန့်ကျင်ဘက်ကို ခံစားလာရမည်။ ထို့ကြောင့် စာမေးပွဲကို ထားပေးထားခြင်းက ကြိုးစားချင်စိတ်နှင့် နိုးကြားမှုကိုဖြစ်စေသည်။

E-01

(Ref: Advantages of Exams)

  • TAGS