POST TYPE

SATIRE

ဂါလီဗားနှင့် လာလာပွတ် တိုင်းပြည်
02-Jul-2017 tagged as နိုင်ငံရေး

မှိက်လျက်ရှိသည့် မျက်ခွံများကို ထိုးဖောက်လုမတတ် စူးရှလှသောအလင်းကို ပထမဦးစွာ သူ ခံစားလိုက်ရသည်။

နောက်ထပ် ခံစားရသည်က အာခံတွင်းတစ်ခုလုံး ငန်ကျိကျိ အရသာ။

“ဝေါ့...ဝေါ့”
“ဟော့... သတိရလာပြီကွ...သတိရလာပြီ”
“တို့နိုင်ငံရဲ့ သမ္မတအသစ် ရတော့မယ်ကွ... ဟေးဟေး”

အသံတွေ။ လူသံတွေ။ ဒါဆို...ဒါဆို သူ... ဒီ တစ်ခါလည်း... မသေပြန်ဘူးပေါ့။

မျက်လုံးတို့ကို ဖြည်းဖြည်းချင်း ဖွင့်ကြည့်မိသည်။ သူ့ကို အုပ်မိုးထားသည့် လူတစ်စုကို တွေ့ရ၏။

“ကျုပ်...ကျုပ်...ဘယ်ကို ရောက်နေတာလဲဗျာ”
“စကားတွေ အများကြီး မပြောနဲ့ဦး...သမ္မတလောင်းလေး... ရော့... ရေနည်းနည်းသောက်လိုက်ဦး”

အဝတ်အစား သန့်သန့်ပြန့်ပြန့်၊ အရပ်ပုပုနှင့် အဘိုးအိုက သူ့ကို ရေသန့်ဘူးတစ်ဘူး ကမ်းပေးသည်။ သူ့ကို ဝိုင်းအုံကြည့်နေသည့် လူတွေကလည်း ကမ်းခြေတစ်ခုလုံးနီးပါး။ သူတို့အားလုံးက သူရောက်လာသည်ကို ပျော်ရွှင်နေပုံရသော မျက်နှာများကို မြင်ရသဖြင့် အန္တရာယ် မရှိလောက်ဟု သူ့အတွေ့အကြုံအရ ခန့်မှန်းမိလိုက်သည်။

“သမ္မတလောင်းလေး...ဖြည်းဖြည်းထပါ”
“...................”

သူ ဖြည်းဖြည်းချင်း ထသည်။

လူအုပ်ကြီးက သူ့ကို ပီတိရွှမ်းသော မျက်လုံးများဖြင့် ကြည့်နေကြသည်။ သူတို့အကြည့်က ကြိုဆိုသောအကြည့်။

ထိုအကြည့်များက သူ့ထံတွင် ခဏသာ ရစ်ဝဲသွားပြီး အားလုံးကိုယ်စီ ခေါင်းပြန်ငုံ့သွားကြသည်။

သူ့ကို ဦးဆောင်ပြောနေသည့် အဘိုးအိုတစ်ယောက်သာ ဆက်ပြောပြန်၏။

“သမ္မတလောင်းလေး နာမည် ဘယ်လိုခေါ်ပါသလဲဗျာ”
“ကျုပ်နာမည် ဂါလီဗား...ပင်လယ်ပျော် လူစွန့်စား ဂါလီဗားတဲ့ဗျ...မသိဘူးလား”

မေးသာမေးရသည်။ ဒီတိုင်းပြည်က လူတွေသည် သူ့အကြောင်းရေးထားသော စာအုပ်များကိုမှ သိပါလေစ။ သူ့အကြောင်းရိုက်ထားသော ရုပ်ရှင်များကို ကြည့်ဖူးပါလေစ။

အားလုံးက သူ့ကို ထပ်မံမော့ကြည့်ပြန်သည်။ ထို့နောက် ခေါင်းပြန်ငုံ့သွားပြန်၏။

ဒီကျွန်းသားတွေရဲ့ အရိုအသေပေးနည်းတစ်မျိုး ဒါမှမဟုတ် နှုတ်ဆက်နည်းတစ်မျိုး ဖြစ်မည်ဟု သူ တွေးလိုက်သည်။

“အင်း...မောင်ရင့်နာမည်ကတော့ ကျုပ်တို့ ကြားဖူးကြပါတယ်... ဒါနဲ့ ကျုပ်တို့ လာလာပွတ်တိုင်းပြည်ရဲ့ သမ္မတလောင်းအဖြစ် မောင်ရင့်ကို ကြိုဆိုပါတယ်”

“ဘယ့်နှယ်...ကျုပ်...ဟိုတစ်ခေါက် သင်္ဘောပျက်တုန်းက ရောက်တာ လီလီပွတ်တိုင်းပြည်ပါ။ အခုဟာက လာလာပွတ်ဆိုတော့ နို့...ပြီးတော့...ကျုပ်က ခင်ဗျားတို့ လာလာပွတ်ရဲ့ သမ္မတလောင်း ဆိုတာကြီးက...”

“ဟုတ်ပါတယ်...သမ္မတလောင်းလေးရယ်...ဟိုးမှာကြည့် ကမ်းခြေတစ်လျှောက်ကလူတွေ ခေါင်းတွေငုံ့နေကြတာတွေ့လား...အဲ့ဒါ ဘာလုပ်နေတယ် ထင်တုံး”

“ကျုပ်တို့ကို အရိုအသေပေးနေကြတာ ထင်မိတာပဲ”

“ဘယ်ကလာ မောင်ရင်ရယ်...သူတို့လက်ထဲ သေချာကြည့်စမ်း... ဖုန်းအပြားလေးတွေ တွေ့လား... အဲ့ဒါလေးတွေကို ပွတ်နေကြတာ...ဘယ်သူလာလာ...အဲ့ဒီဖုန်းအပြားလေးတွေ ပွတ်နေလို့ လာလာပွတ် တိုင်းပြည်လို့ ခေါ်တာကွဲ့”

“နောက်ပြီးတော့... ကျုပ်က ဒီလာလာပွတ်ရဲ့ သမ္မတလောင်း ဆိုတာကြီးက”

“ကဲ...အဲဒါတော့ နောက်မှ ကျုပ်ရှင်းပြတယ်...လောလောဆယ် ဟိုးက LBS ဘတ်စ်ကားပေါ် အရင်တက်လိုက်ဦး...ပါလီမန်ကို သွားကြတာပေါ့”

ဒီတိုင်းပြည် ဘယ့်နှယ်ပါလိမ့်။ တိုင်းပြည်အကြီးအကဲလို့ ထင်ရတဲ့ ဒီအဘိုးကြီးက ပါလီမန်သွားတာ ဘတ်စ်ကားနဲ့ဟု ဂါလီဗာတွေးရင်း ဘတ်စ်ကားပေါ် တက်လိုက်သည်။

ပါလီမန်သည် အထပ်နှစ်ဆယ် ကန်ထရိုက်တိုက်၏ အပေါ်ဆုံးထပ်တွင် ဖြစ်သည်။ တော်တော်မွဲသည့် ပါလီမန်ပဲဟု ဂါလီဗား ရေရွတ်မိသေးသည်။

ခန်းမထဲသို့ အဝင်တွင် ဝတ်ကောင်းစားလှ ဝတ်ထားသူ အနည်းငယ်နှင့် စစ်သေနာပတိ ယူနီဖောင်း ဝတ်ထားသူအချို့က ဂါလီဗားကို ပျော်ရွှင်စွာ နှုတ်ဆက်ကြသည်။

ထို့နောက် ထုံးစံအတိုင်း သူတို့လက်ထဲက ဖုန်းအပြားလေးများကိုသာ ပြန်ပွတ်နေလေ၏။

“ထိုင်ပါ သမ္မတလောင်းလေး...ပထမဆုံး ကျုပ်ကိုယ်ကျုပ် မိတ်ဆက်ပေးရပါလိမ့်မယ်...ကျုပ်က လာလာပွတ်ရဲ့ ရွေးကောက်ပွဲကော်မရှင် အကြီးအကဲပါ။ မကြာမီမှာ ကျုပ်တို့ တိုင်းပြည်မှာ ရွေးကောက်ပွဲ ရှိပါတယ်... အဲ့ဒီမှာ မောင်ရင်က သမ္မတလောင်း ရွေးကောက်ပွဲ ဝင်ရလိမ့်မယ်”

အဘိုးအိုစကားကြောင့် ဂါလီဗာ တွန့်သွားသည်။

“ဟင်...ဘယ်လို...ကျုပ်က သာမန်ပြည်သူဘဝကနေ လာတဲ့သူဗျ...သမ္မတတွေ ဘာတွေ မလုပ်တတ်ဘူး”
“မလုပ်လို့မရဘူး... မောင်ရင်...ဒါကျုပ်တို့ တိုင်းပြည်က တာဝန်ရှိသူတွေ ရွေးချယ်လိုက်တာပဲ”
“မဟုတ်သေးပါဘူး...ဥက္ကဋ္ဌကြီးရာ...ကျုပ်က အခုမှ ရေထဲကမျောပြီး ခင်ဗျားတို့ လာလာပွတ်ကမ်းကို လာတင်တာ... အဲ့ဒါကို ချက်ချင်း သမ္မတရွေးကောက်ပွဲ ဝင်ခိုင်းတယ်ဆိုတော့ ဘယ့်နှယ်ဟာကြီးတုံး”
“ကဲ...ကဲ...မစ္စတာဂါလီဗား ကျုပ်ရှင်းပြပါ့မယ်...အဖြစ်အပျက်က ဒီလိုဗျ”

..............
လာလာပွတ်တိုင်းပြည်။
ဟိုးရာစုနှစ်ပေါင်းများစွာက ရွှေပြည်ကြီးလို့ တင်စားခဲ့ကြတဲ့ပြည်။

ရွှေပြည်ကြီးကို ပလက်တီနမ်ပြည်ကြီး ဖြစ်အောင် လုပ်ပေးမယ်ဆိုပြီး ခေတ်အဆက်ဆက် အစိုးရများက ရွှေပဲတူးသွားကြသည်။

တစ်ပါတီစနစ်ဖြင့် တူးလိုက်၊ စစ်သေနာပတိစနစ်ဖြင့် တူးလိုက်၊ ခရိုနီစနစ်ဖြင့် တူးလိုက်ဖြင့် ရွှေပြည်ကြီးမှ တဖြည်းဖြည်း ဒန်ပြည်ကြီး ဖြစ်လာသည်။ ဒန်ပြည်ကြီး ဖြစ်တဲ့အခါမှ ဒန်မိုကရေစီ အစိုးရတွေ တက်လာ၏။ တက်လာသည့် ဒန်မိုကရေစီအစိုးရတွေလည်း မချောင်။ စစ်သေနာပတိတို့က တစ်မျိုး၊ ဘာသာရေးဆရာတွေကတစ်သွယ် ပညာပြသည်။ ခရိုနီဟုခေါ်သော သူကြွယ်ကြီးများက ကျန်တာလေးကို နွားပိန်တွယ်တွယ်ပြန်၏။

ဒန်မိုကရေစီ ပြည်သူလူထု၏ နေ့စဉ်ရက်ဆက် ဆန္ဒပြပွဲတွေကလည်း မရိုးရ။ စစ်သေနာပတိတပ်များထံ အာဏာထိုးအပ်သည့် အခါတွင်လည်း ခဏသာခံသည်။ 

တစ်ရက်နှစ်ရက်အတွင်း အာဏာကို ကြုံသည့်လူထံ ထိုးအပ်ပြီး လေ့ကျင့်စရာ ရှိသည်ဟု ဆိုကာ စစ်တန်းလျားထဲ ပြန်ပြန်သွားကြကုန်၏။

လွှတ်တော်ထဲတွင် နည်းနည်းလောက်တော့ နေခဲ့ပေးပါဟု ဆိုသည်ကိုပင်... ဒါတွေ တို့အလုပ် မဟုတ်ဘူးဟု အပြတ်ပင် ပြောကြကုန်သည်။

ထိုသို့နှင့် အစိုးရပေါင်း အဆက်နှစ်ဆယ်မြောက်တွင်တော့ အခွံသက်သက်သာကျန်ပြီး ထောင်းလမောင်းကြေနေသော လာလာပွတ်၏ ရွေးကောက်ပွဲစနစ် ပြောင်းလဲသွားသည်။

အစိုးရ လုပ်ချင်သည့်သူ မရှိတော့။
ရွေးကောက်ပွဲနီးလာလျှင် မဲဆွယ်ပွဲများတော့ ရှိသေးသည်။

ယင်းက ဝန်ကြီးဖြစ်ဖို့၊ သမ္မတဖြစ်ဖို့ မဟုတ်။ ပြည်သူဖြစ်သင့်ကြောင်း သက်သေပြဖို့ မိန့်ခွန်းတွေ ပြောကြ၊ မဲဆွယ်ကြခြင်း။

မိမိတို့သည် ပြည်သူအဖြစ်သာ ရွေးကောက်ခံသင့်ကြောင်းကို တစ်သီးပုဂ္ဂလရော၊ ပါတီများ အလိုက်ပါ နေရာအနှံ့ မဲဆွယ်ကြသည်။

“ကျွန်တော်တို့ကို ပြည်သူဖြစ်ခွင့်သာ ပေးလိုက်ပါ...အစိုးရ ခိုင်းတာလုပ်ပါ့မယ်...အစိုးရနဲ့အတူ” ဟု တစ်ဖုံ။
“ကောင်းမွန်တဲ့ပြည်သူ ဆိုတာ အစိုးရစကားကို နားထောင်ရတယ်...အစိုးရက မကြိုက်တဲ့နေ့ ကျွန်တော်တို့ ချက်ချင်း ပြည်သူအဖြစ်ကနေ နုတ်ထွက်ပေးပါမယ်” ဟု တစ်သွယ်။

ပြည်သူဘဝမှ ပြုတ်ကျသွားသော အစိုးရတို့ကလည်း “ကျွန်တော်တို့ကို ပြည်သူဖြစ်ခွင့် တစ်ကြိမ်လောက် ပြန်ပေးစေချင်ပါတယ်...အခု လက်ရှိရွေးကောက်ခံ ပြည်သူတွေဟာဖြင့် အအုပ်ချုပ်ခံဘဝကို မနေဖူးတဲ့အတွက် ပရမ်းပတာတွေ ဖြစ်နေပါပြီ” ဟု လည်းကောင်း။

အစိုးရ မဖြစ်ရေး၊ ပြည်သူဖြစ်ရေး တိုက်ပွဲများ ပြင်းထန်ခဲ့လေသည်။

နောက်ဆုံးတွင် ငွေအားကိုး၊ လက်နက်အားကိုး၊ ပညာအားကိုး၊ နောက်ခံအသိုင်းအဝိုင်း အားကိုးရှိသူ  လူတန်းစားများမှာ ပြည်သူဖြစ်ခွင့် ရခဲ့ကြပြီး ငွေမရှိ၊ ပညာမရှိ၊ လက်နက်မရှိ မျက်နှာမွဲတို့မှာ အစိုးရ ဖြစ်ကြရရှာလေသည်။

ထိုမျက်နှာမွဲ လူတန်းစားတို့အနက် အအူဆုံး၊ အအဆုံးသူသည် သမ္မတအဖြစ် ထပ်ပြီး ချောက်တွန်းခံရပြန်၏။

နောက်ဆုံးတွင် ထိုလူတန်းစားတို့မှာလည်း အတင်းအကျပ် သမ္မတ လုပ်ခိုင်း၊ အစိုးရအဖွဲ့ဝင်ခိုင်းသည့် ဒဏ်များကို ကြောက်ရွံ့ကာ ကျွန်းခြားနိုင်ငံများသို့ ဒုက္ခသည်အဖြစ် ခိုလှုံကြကုန်လေသည်။

တခြားကျွန်းများတွင်နေပြီး လာလာပွတ် စင်ပြိုင်ပြည်သူဟုပင် တစ်စင်ထောင်ကြလေသတည်း။

.......

“ကဲ...အဖြစ်အပျက်ကတော့ ဒါပဲ...မောင်ရင်... အခုတော့...ဒီပြဿနာကို ပြေလည်ဖို့ လာလာပွတ်ကို မောင်ရင် ရောက်လာတယ်လို့ပဲ ကျုပ်တို့က မှတ်ပါတယ်”
“ဟာဗျာ...ခင်ဗျားတို့ တော်တော်မတရားတဲ့လူတွေ...ကျုပ်ကို ဒီလိုအတင်းအကျပ် သမ္မတ လုပ်ခိုင်းလို့ ရမလားဗျ”

ပြောသာပြောရသည်။ ဒီလောက်အူကြောင်ကြောင်နိုင်သည့် စကားကို ဘဝတွင် ပြောရမည်ဟု ဂါလီဗား အိပ်မက်ပင် မမက်ဖူးခဲ့။

ထူးဆန်းအံ့သြဖွယ် တိုင်းပြည်များစွာ ရောက်ခဲ့ဖူးသည့် ဂါလီဗားတစ်ယောက် ဒီလာလာပွတ်ရောက်မှ နောက်ကောက်ကျချေပြီ။

“ကဲဗျာ... ဒါများ... ကျုပ်တို့ဆီမှာဆို အစိုးရ ဖြစ်ချင်လွန်းလို့ ... အာဏာသိမ်းကြတာဗျ ... ကဲ...ဟိုဘက်က စစ်သေနာပတိကြီးတွေ... အာဏာသိမ်းလိုက်ကြပါလားဗျာ”

ဂါလီဗားက လွှတ်တော်၏ နောက်ဘက်တံခါးနားတွင် ရပ်နေသော သေနာပတိချုပ်ဝတ်စုံနှင့် လူကြီးကို လှမ်းပြောသည်။

လွှတ်တော်အတွင်းရှိသူ အားလုံးထံကလည်း ဂါလီဗား၏ အကြံကို လက်ခံသည့်အသံများ ထွက်လာကြသည်။

“ဟေ့...ဟေ့...မလုပ်နဲ့...အာဏာတော့ ကျုပ်တို့ကို လာမအပ်နဲ့ ... နောင်ကို ဒီလို လူစုလူဝေးနဲ့ အကျပ်ကိုင်မယ်ဆို ကျုပ်တို့ တပ်တစ်ခုလုံး ထွက်စာတင်ပြီး ပြည်သူလုပ်ပစ်လိုက်မှာ...ဘာမှတ်တုံး”

သေနာပတိကြီးသည် ရှူးရှူးရှားရှားဖြင့် အခန်းအပြင်ဘက် ထွက်သွားသည်။

“ကဲ...မောင်ရင်ဂါလီဗား...မောင်ရင် ဒီရွေးကောက်ပွဲကို ပြိုင်ကို ပြိုင်ရမယ်...ရော့...ဒီမှာ သမ္မတလောင်းတွေ အစဉ်အဆက်ကိုင်ခဲ့တဲ့ ဖုန်း...လာလာပွတ်နိုင်ငံသား မှန်ရင် ဒီစမတ်ဖုန်းတစ်ခုတော့ လက်ထဲအမြဲရှိရမယ်”

အဘိုးအိုက လက်ထဲထိုးထည့်လာပေးသော ဖုန်းကို ဂါလီဗားက ဘုမိဘမသိဖြင့် ကိုင်ထားလိုက်သည်။

“ကဲ...သမ္မတလောင်း ရွေးကောက်ပွဲ ပြိုင်ရမယ် ဆိုတော့ ကျုပ်က ဘယ်သူနဲ့ ပြိုင်ရမှာတုံး”
 
ဂါလီဗားက မေးသည်။

“ကျုပ်နဲ့”
 
အဘိုးအိုက ဖြေသည်။
“ဟုတ်တယ်...ဒီနိုင်ငံမှာ သမ္မတလုပ်ချင်တဲ့သူ ဘယ်သူမှ မရှိတော့ဘူး...နောက်ဆုံး ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌဖြစ်တဲ့ ကျုပ်ပဲ လုပ်ရတော့မှာ...အခုတော့...တော်သေးတယ်... ခင်ဗျားရောက်လာလို့...ကျုပ်တို့နှစ်ယောက်ထဲက တစ်ယောက် ရွေးစရာ ရှိသွားတာပေါ့”

“နေပါဦး...ကျုပ်တို့က ရွေးကောက်ပွဲကို ဘယ်လိုပြိုင်ရမှာလဲ”

“ကဲ...လာ...ဒီပြတင်းပေါက်ကကြည့်...ဟိုးအောက်က ပန်းခြံကိုတွေ့လာ”

“ဘယ်မတုံး ပန်းခြံ”

“ဟိုးမှာလေ”

“ဟာ...အဲ့ဒါ ပန်းခြံဟုတ်လို့လား...ပန်းခြံကလည်း ပန်းပင်လည်း မတွေ့ဘူး...ကြေးသွန်းပန်းပုတွေနဲ့ ပြည့်ကျပ်နေတာပဲ တွေ့တယ်...ပန်းပဲဖိုလား...ပန်းပု အလုပ်ရုံလားဗျ”

“ဘယ့်နှယ်...အဲ့ဒါ ကျုပ်တို့ လာလာပွတ်ရဲ့ ဂုဏ်ထူးဆောင် မဲဆွယ်ကြေးရုပ်များပန်းခြံလို့ ခေါ်တယ်။ ကျုပ်တို့နိုင်ငံမှာ အကွဲအပြဲတွေ၊ မညီညွတ်မှုတွေနဲ့ ပြိုင်ကြဆိုင်ကြတဲ့အခါ ကျုပ်တို့ နိုင်ငံခေါင်းဆောင်ကြီးရဲ့ ကြေးရုပ်တုကို နှစ်ဖွဲ့ပြိုင်ပြီး ယှဉ်ထုရတယ်။ အရင်ပြီးတဲ့လူက နိုင်သဗျ...ကြည့်စမ်း...ကျုပ်တို့နိုင်ငံဟာ မတူခြားနားခြင်းတွေ လက်ခံထားတဲ့ ဒန်မိုကရေစီသက်တမ်း ဘယ်လောက်ကြာပြီဆိုတာ အဲ့ဒီပန်းခြံထဲ ပြည့်ကျပ်နေတဲ့ ကြေးရုပ်တွေသာကြည့်တော့...မဆံ့လို့တောင် ဟိုးလမ်းလယ်ကျွန်းမှာ ဆယ်ရုပ်လောက် သွားထားရသေး”

အဘိုးအိုက ပန်းခြံရှိရာသို့ ပြုံးစစဖြင့် လှမ်းကြည့်ရင်း ရှင်းပြသည်။

“အဲ့ကြေးရုပ်တွေနဲ့ ကျုပ်တို့နှစ်ယောက် သမ္မတရွေးမှာနဲ့ ဘာများပတ်သက်သတုံး”

“ပတ်သက်ပြီလား မစ္စတာဂါလီဗားရယ်...ကျုပ်တို့နှစ်ယောက်လည်း အဲ့ဒီပန်းခြံထဲမှာ ကြေးရုပ်ပြိုင်ထုမယ်လေ... ရှုံးတဲ့သူက သမ္မတလုပ်ကြေး...ဟဲ...ဟဲ”

ဂါလီဗား ဒေါသထွက်လေပြီ။

ဂါလီဗားသည် မတရားမှုကို ဘယ်တော့မှ ခေါင်းငုံ့ခံသူမဟုတ်။

“ဟေ့လူကြီး အသက်ကြီးပြီး အချိန်မစီး မလုပ်နဲ့ ကျုပ်က အခုမှ ဒီကျွန်းပေါ်ရောက်တာ ဘယ်မှာတုံး ပိုက်ဆံ၊ ပိုက်ဆံမရှိဘဲ ဒီကြေးရုပ်တုကို ဘယ်လိုထုနိုင်မှာလဲဗျ... ကျုပ်  ခင်ဗျားကြီးကို ဆဲမိတော့မယ်... ဒါကိုတော့ ကျုပ်ကန့်ကွက်တယ်နော်...လွှတ်တော်ကလူတွေ”

ဒေါသတကြီး ပြောဆိုနေသော ဂါလီဗားကို အဘိုးအိုက မထီတထီ ပြုံးကြည့်သည်။

“ဒီမယ်မောင်ရင်...ဒါ လာလာပွတ်တိုင်းပြည်... ကန့်ကွက်မယ်ဆို နှုတ်နဲ့ပြောတာ တရားမဝင်ဘူး...ဟေ့...မောင်ရင့်လက်ထဲက ဖုန်းကိုဖွင့်လိုက်...ပြီးတော့ မောင်ရင့် ဖေ့ဘွတ်အကောင့်ကနေ ခုနပြောတဲ့ စကားလုံးတွေကို တင်ပြီး ကန့်ကွက်မှ တရားဝင်တာကွ...”

ဂါလီဗားပဲ။ ကမ္ဘာပတ်လာတဲ့ကောင်။ ဒါမျိုးတော့ ကြာသလားလို့။

ဂါလီဗားက သူပြောခဲ့သည့် စကားများကို ဖေ့ဘွတ်တွင် စတေးတပ်စ်အဖြစ် တင်ပြီး တစ်မိနစ်အကြာ။

“ဟေ့...ရဲမက်တွေ...သူ့ကို ဖမ်းကြစမ်း...သူ့ဖေ့ဘွတ်မှာ ငါ့ကို ဆဲမိတော့မယ်လို့ တင်ထားတယ်... ဒါ ၆၆ ပုဒ်မကို ကျူးလွန်တာပဲ... တရားရုံးမတင်ခင် ကြေးတိုက်ထဲ ချုပ်ထားစမ်း”

ရဲမက်များက ဂါလီးဗားကို ဝင်ချုပ်လိုက်ကြသည်။

“ဟေ့...ဟေ့...ဟာ...ဒါဘာလုပ်တာလဲဗျ...ကျုပ်က ခင်ဗျားကို ဆဲမိတော့မယ်လို့ပဲ ရေးတာ မဆဲရသေးဘူးလေ”

“ဒီမယ် မောင်ရင်...ကျုပ်တို့ လာလာပွတ် နိုင်ငံတော်မှာက ကြက်ဥသောက်တာတောင် မုဒိမ်းကျင့်ရန် ကြိုတင်ကြံစည်မှုဆိုပြီး တရားစွဲချင် စွဲလို့ရတယ်နော်... မတူရင်လာမတုနဲ့... ပြောစမ်း... ၆၆ ပုဒ်မနဲ့ ကြေးတိုက်ထဲ အချုပ်ခံမလား...သမ္မတ လုပ်မလား”

..............

နောက်တစ်နေ့နံနက်။

လာလာပွတ်နိုင်ငံ၏   ၂၀၁၈ ယောက်မြောက် အသစ်စက်စက်သမ္မတ မစ္စတာ ဂါလီဗာတစ်ယောက် လာလာပွတ်၏ လမ်းများပေါ်တွင် လျှောက်လျက်တွေ့သမျှ လူအား အောက်ပါစကားလုံးများ ပြောကာ လိုက်စိန်ခေါ်လေတော့သည်။

“ဂန်းမသား လာလာပွတ်ကကောင်တွေ... ဘယ်ကောင်မှ သောက်ဂရုမစိုက်ဘူး...မကျေနပ်ရင် ငါ့ကို ဖေ့ဘွတ်မှာ ဆဲကြ...တရားစွဲပြီး အကုန်သမ္မတ လုပ်ခိုင်းဖြစ်မယ်”

လာလာပွတ်သားတို့ကား သူ့ကို ဂရုမစိုက်နိုင်အား။
ခေါင်းလေးများငုံ့ကာ ဖုန်းလေးများ ပွတ်လျက်သာ။

ဗြိတိသျှကိုကိုမောင်