POST TYPE

SATIRE

အတိတ်မမေ့နည်း သင်တန်း
25-Jun-2017 tagged as လွှတ်တော်

စိုပြေ သင်တန်းတစ်ခု ဖွင့်မလို့ပါ။ 

ဘာသင်တန်းလဲဆိုတော့ မှတ်ဉာဏ်ကောင်းနည်း သင်တန်း။ အဓိကကတော့ အတိတ်မမေ့စေဖို့ပေါ့။ အပြင်လူတွေကို သိပ်လက်မခံဘူး။ လွှတ်တော်အမတ်တွေနဲ့ ဝန်ကြီး ဝန်ကလေးတွေကို အဓိက သင်တန်းပေးမလို့....။ 

လောလောဆယ်တော့ သင်တန်းဖွင့်ဖို့အတွက် အစိုးရကို စာတင်ထားတယ်။ အစိုးရကသာ ခွင့်ပြုလိုက်ရင် ဖွင့်ပြီ။ 

မင်းဟာက သင်တန်းပဲကွာ...။  
ဒီအတိုင်း ဖွင့်လိုက်ရင် ရတာပဲ မဟုတ်လားလို့ မေးကြမယ်။ 

တကယ်တော့ မရဘူးဗျ။ 

သင်တန်းက အမတ်တွေ၊ ဝန်ကြီး၊ ဝန်ကလေးတွေကို ရည်ရွယ်တာလေ။ ဒီအတိုင်း ဖွင့်လို့ကတော့ ဘယ်သူမှ လာတက်မှာ မဟုတ်ဘူး။ အစိုးရက တက်ခိုင်းမှ တက်ကြမှာ မဟုတ်လား။ 

စိုပြေကတော့ သင်တန်းဆရာ မလုပ်ပါဘူး။ သင်မှ မသင်တတ်တာ။ 

ဆရာဝန်တွေနဲ့ စိတ်ပညာရှင်တွေကိုတော့ ပြောထားပြီးပြီ။  

သင်တန်းမှာ လာရောက်ပို့ချဖို့အတွက်...။ 

အတိတ်မမေ့အောင် ဘယ်လို လုပ်ရမယ်။ ဘယ်လိုလေ့ကျင့်ရမယ်။ ဘယ်လိုအစားအစာတွေ စားရမယ် ဆိုတာတွေက အစပေါ့။ 

ဘာဖြစ်လို့ အမတ်တွေ၊ ဝန်ကြီး ဝန်ကလေးတွေအတွက် ဒီသင်တန်း ဖွင့်ရတာလဲ ဆိုတော့......။ 

သူတို့တွေဟာ အတိတ်တွေများ မေ့ကုန်ကြသလားလို့ပါ။ 

တကယ်မေ့တယ်လို့တော့ မဆိုလိုပါဘူး။  မေ့ချင်ယောင်ဆောင်တာလည်း ဖြစ်ချင်ဖြစ်မှာပေါ့လေ။ 

အရင်တုန်းက ပြောစကားတွေ ရှိခဲ့ဖူးတယ်။ ရာထူးတွေ၊ အာဏာတွေ မရခင်တုန်းကပေါ့။ အစိုးရက ထုတ်နေနဲ့ နိုင်ငံပိုင်သတင်းစာဆိုတာ မရှိသင့်ဘူး။ ဒါဟာ ဝါဒဖြန့်နေတာ။ 

အဲ့လိုပြောခဲ့ပေမယ့်လည်း အခု အစိုးရ ဖြစ်လာချိန်မှာတော့....။ 

သတင်းစာက ဆက်ထုတ်နေတုန်းပဲဗျ။ သုံးစောင်တောင်မှပဲ။ 

ပြီးတော့ အရင်တုန်းက ပြောခဲ့တာ ရှိသေးတယ်။ အစိုးရအဖွဲ့ဝင်တွေ၊ အမတ်တွေဟာ ပိုင်ဆိုင်မှုကို ရဲရဲဝံ့ဝံ့ ချပြရမယ်။ ပွင့်လင်းမြင်သာမှု ရှိရမယ်။ 

အခု အစိုးရဖြစ်လာတာ တစ်နှစ်ကျော်ပြီ။ ပိုင်ဆိုင်မှု ချပြတာကို မတွေ့သေးဘူး။ ပိုင်ဆိုင်မှု ချပြလိုက်ရင် လူဆိုးတွေ မျက်စိကျသွားမှာပေါ့တဲ့။ 

အရင်တုန်းကဆို ကျောက်မီးသွေးဟာ သဘာဝပတ်ဝန်းကျင်ကို အရမ်းထိခိုက်တာ။ မသုံးသင့်ဘူး။ ပတ်ဝန်းကျင် ပျက်စီးမယ်ဆိုပြီး ပြောခဲ့ကြတယ်။ 

အခုလည်းကျရော ကျောက်မီးသွေးဟာ ဈေးအသက်သာဆုံးပဲ....။  ကျောက်မီးသွေးနဲ့ လျှပ်စစ်စက်ရုံ ဆောက်ရမယ် ဖြစ်ကုန်ရော....။ 

အရင်က အစိုးရဆိုတာ ဆန္ဒပြတာတွေကို ခွင့်ပြုရမယ်။ ပြည်သူတွေ ဆန္ဒပြတာကို အလေးထားရမယ် ဆိုပြီး ပြောခဲ့ကြတယ်။ 

အခုလည်း ကျရော....။ ဆန္ဒပြသူတွေဟာ နိုင်ငံကို မတည်ငြိမ်အောင် လုပ်ချင်နေသူတွေ။ အစိုးရကို နှောင့်ယှက်နေတာ ဖြစ်ကုန်ရော....။ 

အရင်ကဆို လွတ်လပ်စွာ ပြောခွင့်ရှိရမယ်။ ကိုယ်မကျေနပ်တာကို ပွင့်ပွင့်လင်းလင်း ပြောနိုင်တယ်ဆိုပြီး ပြောခဲ့ကြတယ်။ 

အခုလည်းကျရော ကိုယ်မကျေနပ်တာကို ပွင့်ပွင့်လင်းလင်းပြောရင် ၆၆(ဃ) နဲ့ တရားစွဲတယ်။ ကိုယ့်ထင်မြင်ချက်ကိုတောင် ပြောခွင့်မရှိတော့ဘူး။ 

အစတုန်းကတော့ ဒီ ၆၆(ဃ) ဆိုတဲ့ ပုဒ်မက မရှိသင့်ဘူး။ ပြင်ရမှာ။ ဘာညာနဲ့။  အခုလည်း ကျရော....။ အဲ့ ၆၆(ဃ) ပုဒ်မနဲ့ စံချိန်တင်အောင်ကို တရားတွေ စွဲတော့တာပဲ။ 

အဲ့လိုမျိုး ပြောခဲ့တာတွေ အများကြီးပါ။ အများကြီးမှ အများကြီးပဲ။ 

ဒါပေမဲ့ အစိုးရလည်း ဖြစ်ရော....။ အရင်က ပြောခဲ့တာတွေကို မေ့ကုန်ရော။ 

အဲ့ဒါကြောင့် စိုပြေက သင်တန်းဖွင့်မှာ...။ 

ပြောစကား မမေ့နည်း၊ အတိတ်မမေ့စေနည်းတွေပေါ့။ စိတ်ပညာကုထုံးတွေ ရှိပါတယ်။ ဆေးတွေ ဘာတွေလည်း သောက်ရမှာပေါ့လေ။ အဲ့လိုမှ မရရင်တော့ ရှော့ခ်ရိုက်သင့်လည်း ရိုက်ရမှာပေါ့။ 

ဒါပေမဲ့လည်း ဒီလိုသင်တန်းမျိုးက ဖွင့်ခွင့်ကို အစိုးရက ပေးပါ့မလားတောင် မသိဘူး။ 

အဲ့အခါဆိုရင်တော့....။ 

မဲဆန္ဒနယ်က ပြည်သူတွေကို အားကိုးရမှာပေါ့လေ။ သူတို့နယ်က အမတ်ကို ဒီသင်တန်း မဖြစ်မနေ တက်ခိုင်း။ 

ဒါပေမဲ့လည်း ဖြစ်မှာမဟုတ်ပါဘူး။ 

အခုဆို အမတ်တချို့က သူတို့ ဘယ်နယ်က အရွေးခံခဲ့လဲ ဆိုတာတောင် မေ့နေကြပြီ ဆိုလားပဲ။ အဲ့တော့ သူ့ကို မဲပေးခဲ့တဲ့နယ်ကို မရောက်ဖြစ်တာလည်း မဆန်းတော့ဘူး။ 

ဘာပဲဖြစ်ဖြစ် ဒါဟာ အန္တရာယ်ရှိပါတယ်။ 

အမတ်တွေ၊ ဝန်ကြီး ဝန်ကလေးတွေဟာ ရေရှည်မှာ အတိတ်မေ့ရောဂါတွေဖြစ်ပြီး ကိုယ့်မိန်းမ၊ ကိုယ်သားသမီးပါ မေ့သွားရင် ဒုက္ခပဲလေ။ 

ဒါပေမဲ့လည်း နောက်ကျသွားပြီ မဟုတ်လား...။ 

ဒီတော့ နောက်တစ်ခါ ရွေးကောက်ပွဲမတိုင်ခင် ကျရင်တော့.....။ 

ဝင်အရွေးခံမယ့် အမတ်လောင်းတွေကို စိုပြေ ဖွင့်လှစ်တဲ့.... အတိတ်မမေ့နည်း သင်တန်းကို အရင်တက် ခိုင်းဖို့ လုပ်ရမယ်။ 

အဲ….။ တစ်ခုတော့ ရှိတယ်။ 
မြန်မာပြည်တင်မက နိုင်ငံတကာမှာလည်း ဒီလိုပဲ....။ 

အမတ်တွေ ဝန်ကြီး ဝန်ကလေးတွေ အားလုံးလိုလို ဟာ ရွေးကောက်ပွဲမရှိတဲ့ ကြားကာလမှာ အတိတ်တွေ မေ့နေတတ်ကြတာ ထုံးစံပဲတဲ့…။ 

ဒါပေမဲ့....။ 

နောက်ရွေးကောက်ပွဲ နီးတဲ့အခါမှာ အတိတ်မေ့ရောဂါ အလိုလို ပျောက်သွားတတ်ကြသတဲ့....။ 
ထူးဆန်းပေစွ.....။ 

စိုပြေ