News

POST TYPE

SATIRE

ပွတ်သူရဲကောင်းတို့၏ ဒဏ္ဍာရီ
10-Jul-2016
တစ်ရက်သားပေါ့ဗျာ။
မောင်ဗြိတစ်ယောက် ပန်းဆိုးတန်းမှာ ဝက်သားတုတ်ထိုး စားတယ်။
ဘေးမှာက ဂျင်းပန်အတိုလေးဝတ်ထားတဲ့ လုံးတုံးကျစ်ဖွံ့ ခေတ်ကလေးမကြီး တစ်ယောက်လည်း ထိုင်စားနေရဲ့ဗျာ။

ဝက်သားတုတ်ထိုးလေး တစ်ချောင်းကို အချဉ်နဲ့နှစ်လိုက်၊ ကြက်သွန်ဖြူလေး ကိုက်လိုက်၊ ရေနွေးကြမ်းလေးငှဲ့ပြီး တဖူးဖူးမှုတ်သောက်လိုက်နဲ့ မောင်ဗြိတစ်ယောက် ဇိမ်ကျနေတုန်းပေါ့။
ဗြုန်းဆို ဘေးကကလေးမကြီးရဲ့ ဝက်သားတုတ်ထိုး ကိုင်ထားတဲ့ လက်တစ်ဖက်ဟာ မောင်ဗြိ ငှဲ့ပြီး အအေးခံထားတဲ့ ရေနွေးကြမ်းပန်းကန်လုံးထဲ ဝင်လာတာဗျို့။

နယ်ကျော်ဝင်လာတဲ့ ဒီတုတ်ထိုးချောင်းကြီးကြောင့် မောင်ဗြိတစ်ယောက် မျက်လုံးရော၊ ဘာရော အကုန်ပြူးကုန်တယ်။
အလို... တစ်ခုခုတော့မှားနေပြီဗျို့။

ဘယ်လိုဖြစ်တာတုံး ဆိုပြီး ကလေးမကြီးကို သေချာကြည့်တော့ သူက သူ့ရှေ့က လက်တစ်ဝါးစာ ဖုန်းပြားလေးမျက်နှာပြင်မှာ မျက်စိရောက်နေတာကိုဗျ။
ဖုန်းပြားကို ဝက်သားတုတ်ထိုး ခုံပေါ်တင်...တစ်ဖက်က ပွတ်လိုက်၊ တစ်ဖက်က ဝက်သားတုတ်ထိုးစားလိုက် လုပ်နေတာကိုး။
ဒီတစ်ချီမှာတော့ ဝက်သားတုတ်ထိုး ကိုင်ထားတဲ့လက်ဟာ ပစ်မှတ်ဖြစ်တဲ့ အချဉ်ခွက်ကို လွဲချော်ပြီး မောင်ဗြိရဲ့ ရေနွေးခွက်ထဲ အလည်ရောက်လာတာပေါ့။
သူက သူ့အာရုံနဲ့သူဗျ... ပစ်မှတ်လွဲနေတာ မသိရှာဘူး။ ရေနွေးကြမ်းခွက်ထဲကို ဝက်သားတုတ်ထိုး အချောင်းကြီးနှစ်ပြီး မွှေတောင် မွှေနေလိုက်သေး။
မောင်ဗြိလည်း ဘာပြောလို့ ပြောရမှန်းမသိတော့ ပါးစပ်လေး အဟောင်းသားပေါ့။

ကလုံ... ဆိုပြီး ဖုန်းက အသံလေးလည်း မြည်လာရော... ကလေးမကြီးက ခွိခနဲ တစ်ချက်ရယ်တယ်။
ပြီးတော့ ရေနွေးခွက်ထဲက ဝက်သားတုတ်ထိုး ချောင်းကို ထုတ်တယ်... သူ့ပါးစပ်ထဲကို ထိုးထည့် တယ်။
သွားပြီ။
ပထမတစ်ကြိမ်ဝါးတယ်။ နောက် ဒုတိယတစ်ကြိမ် ထပ်ဝါးကြည့်တယ်။ တတိယမြောက်ကျ ပါးစပ်ကို ပိတ်ပြီး အရသာခံကြည့်တယ်။ ပြီးတော့ ကျွန်တော့်ဘက်ကို အီလည်လည်နဲ့ လှည့်ကြည့်တယ်။ ကျွန်တော့်ရှေ့က အချဉ်ခွက်ဘေးမှာ ငှဲ့ထားတဲ့ ရေနွေးပန်းကန်လုံးကို ကြည့်တယ်။ ပြီးတော့ ကျွန်တော့်ကို ဘုကြည့်ကြည့်တယ်။

အသားမှာ ဝက်၊ အသီးမှာ သရက်၊ အရွက်မှာ လက်ဖက် ဆိုတဲ့ စကားပုံရှိသဗျ။
အခုကလေးမလည်း လက်ဖက်ရည်ကြမ်းထဲ ထည့်နှပ်ထားတဲ့ ဝက်သားအရသာကို သိသွားပြီ ထင်ပါ့ဗျာ။
တုတ်ထိုးသည်လေးကို ရန်ထောင်ပြီး ပိုက်ဆံရှင်း ထထွက်သွားလေရဲ့။
ထမထွက်သွားခင် ကိုယ့်ကို သူက ပြောသွားသေးတာ။
“သောက်မှန်ကြောင်... သိရဲ့သားနဲ့ မပြောဘူးတဲ့”

မတတ်နိုင်ဘူးလေဗျာ။ သူရဲ့ တစ်ဖက်က ပွတ်၊ တစ်ဖက်က စား တုတ်ထိုးအော်ပရေးရှင်းဟာ မြန်လွန်းလှတော့ မောင်ဗြိ ဘာမှမပြောနိုင်ခင် သူ့ပါးစပ်ထဲ လက်ဖက်နှပ် ဝက်တုတ်ထိုးကြီး ရောက်သွားသကိုးဗျ။

အဲ့ဂလိုရယ်ပေါ့ဗျာ။
မောင်ဗြိတို့နိုင်ငံမှာ တဖြည်းဖြည်းနဲ့ ပွတ်ဆရာ ပွတ်ဆရာမတွေ တယ်များလာသကိုး။
များဆို မတ်ဇူကာဘတ်ဆိုတဲ့လူ တီထွင်ခဲ့တဲ့ ဖေ့ဘွတ်ဆိုတာရယ်၊ ဆင်းကတ်တစ်ကတ်မှ ထောင့်ငါးရာပေးရတဲ့ တယ်လီဖုန်းတွေရယ် ပေါ်လာကတည်းကပဲ မဟုတ်လား။
ဆိုတော့ကာ...နေရာတကာ တွေ့နေရတာလည်း ပွတ်လူတွေနဲ့ချည်းပဲ။
ဘတ်စ်ကားပေါ်လည်းပွတ်၊ လမ်းသွားရင်းလည်း ပွတ်၊ မီးပွိုင့်မိရင်းလည်း ပွတ်၊ ရဲစခန်းလည်း ပွတ်၊ ဆေးရုံလည်း ပွတ်၊ နောက်ဆုံး တရားပွဲတောင် တပွတ်တည်း ပွတ်နေကြတာကလား။

အခု အစိုးရသစ်လက်ထက် ရက်တစ်ရာစီမံကိန်း ဆိုတာကြီး အတွင်းမှာတောင် ထင်ထင်ရှားရှား ပေါ်လာကြတာက ဖေ့ဘွတ်ပေါ်က ပွတ်သူရဲကောင်းတွေ မဟုတ်လားဗျ။
တစ်ခေတ်တစ်ခါကတော့ မောင်ဗြိတို့နိုင်ငံမှာ နိုင်ငံရေးတို့၊ ဘာသာရေးတို့၊ လူမျိုးရေးတို့ တစ်ခုခု လုပ်မယ်ဆို တကယ့်မြေပြင်မှာ ပြည်သူလူထုကြားဝင်ပြီး လုပ်ကြရတာကိုး။
တက်ကြွလှုပ်ရှားသူတွေဟာ လူထုကြားထဲ တရားတွေဟော၊ လူထုကြားထဲ ဆန္ဒတွေပြ၊ လူထုကြားထဲ ထုတ်ဖော်ခဲ့ကြရတာ။
အဲ့ဒီအခါကျ ဖမ်းခံရသူတွေလည်း ဖမ်းခံရ။ ထောင်ကျသူလည်း ကျပေါ့ဗျာ။
ဒါပေမဲ့ အဲ့ဒီခေတ်က နိုင်ငံရေးသမားတွေဟာ သူတို့ယုံကြည်ချက်အတွက် ထောင်ကို အိမ်လိုမှတ်ပြီး ဝင်လိုက်ထွက်လိုက် လုပ်နေတာဗျ။

အဲ့... အခုခေတ် ဖေ့ဘွတ်ပေါ်မှာ နိုင်ငံရေးလုပ်နေတဲ့  ပွတ်သူရဲကောင်းကြီး တွေကလား။
ဘယ်ခေလိမ့်မတုံးဗျာ။
ရဲစွမ်းသတ္တိမှာတော့ မဟာဗန္ဓုလနဲ့ နပိုလီယံ စပ်ကျထားသလိုကိုး စွမ်းတာ။
လူသူကင်းမဲ့တဲ့ ညကြီးမိုးချုပ်ဆိုလည်း အဲယားကွန်းခန်းထဲမှာ စောင်ကြီးခြုံပြီး ဖေ့ဘွတ်ပေါ်မှာ စစ်ထွက်တိုက်ကြလား။ တိုက်ရဲ့။
မိုးတဝုန်းဝုန်း လေတဝုန်းဝုန်းကြားထဲ ဘီယာဆိုင်မှာ စီးကရက်ဖွာပြီး ဖေ့ဘွတ်ပေါ်မှာ အမျိုးဘာသာ အတွက် မီးတွေရှို့ကြလား ရှို့ရဲ့။
သူတို့တင်တဲ့ စတေးတပ်စ်တွေမှာ လိုက်ခ်ဆိုပြီး ထောင်နေတဲ့ လက်မလေး အခုနှစ်ရာကျော်လာပြီလား။

ဒါဆို သူရဲကောင်းကြီးတွေဟာ နိုင်ငံတော်ရဲ့ ကယ်တင်ရှင်ကြီးတွေ၊ တော်လှန်ရေးခေါင်းဆောင်ကြီး၊ နိုင်ငံရေး ကျွမ်းကျင်သူကြီးတွေ၊ အမျိုးသားရေး သူရဲကောင်းကြီးတွေအဖြစ် ဘဝ ပြောင်းကုန်ကြရောဗျ။ အဲ့ဒီအခါကျ ငါနှင့် ငါသာ တုနှိုင်းစရာ သူရဲကောင်းဟေ့ ဆိုပြီး လက်သီးလက်မောင်းတန်း... ဖေ့ဘွတ်ပေါ်ကနေ ဆဲရေးခြင်းဖြင့် ခေတ်မီနိုင်ငံတော်ကြီး တည်ဆောက်ကြပါလေရော။

အလို...ဒီလိုဖြင့် ဆိုက်ဘာလောဆိုတာကြီးနဲ့ ဖမ်းမယ်ဆီးမယ် ဆိုရင်တဲ့လား။

ဟယ် ဒီအာဂသတ္တိခဲ တွေဟာဖြင့် ဘာမထီစိတ်ထားတဲ့ အသည်းမာလိုက်ပုံများ ပြောမနေနဲ့။
စိန်ခေါ်ရင် တိမ်ပေါ်အထိတက်မယ့် သူရဲကောင်းတွေပီပီ အိမ်က အမေ့ကို ခေါ်၊ ကန်တော့ပွဲကို ရွက်၊ မျက်နှာကို ဆီးရွက်လောက်မာန်ချီပြီး သွားကုန်း ကန်တော့လိုက်သပေါ့ဗျာ။

တချို့လည်း ဖေ့ဘွတ်ပေါ်မှာတုန်းက တုတ်ဆွဲဓားဆွဲနဲ့ လူမိုက်ကြီးစတိုင်ဖမ်းပြီး တရားစွဲ အဖမ်းခံရမှ မျက်နှာသေလေးတွေ မှိတ်တုတ်မှိတ်တုတ်နဲ့ လူမမာစတိုင် ဖြစ်သွားကြသပေါ့။
တချို့ကလည်း စိတ်တိုင်းကျဆဲပြီး ဂါတ်တဲရောက်မှ မြင်သမျှလူ ကန်တော့ပွဲနဲ့ လိုက်တောင်းပန် နေတာလည်း ရှိသပါ့ဗျာ။ ကိုင်း အဲ့ဒီလိုမျိုး ပွတ်ရင်း ဆဲရင်းဖြင့် မှတ်တမ်းဝင်သွားသော ပွတ်သူရဲကောင်းကြီးတွေရဲ့ ဒဏ္ဍာရီက ဘယ်လောက်အထိ ရှည်လျားနေမယ်မသိဘူး။

အောင်မယ် သူများကိုသာ ပြောနေတာ။
မောင်ဗြိလည်း အခု ဘတ်စ်ကားပေါ်မှာ ထိုင်၊ ဖုန်းလေးပွတ်ပြီး အခု သရော်စာလိုလို ကလော်စာလိုလိုဟာကို ရေးနေတာဗျ။

“မှတ်တိုင်ပါလားဗျို့... မှတ်တိုင်”
“ပါတယ် ပါတယ်”

ကိုင်း... မှတ်တိုင်ရောက်ပြီဗျို့။ ရေးလက်စလေး ခဏဖြတ်... ဆင်းလိုက်ဦးမဗျာ။
“အား... မသာကောင်... ဘယ်ကို လာဆွဲတာလဲ... ဒီမှာ ကျွန်မနားဆွဲကို လာဖြတ်လုနေပါတယ်ဗျို့”

သေပြီဗျို့။

ဖုန်းအပွတ်ကောင်းကောင်းနဲ့ ထိုင်နေရာက လှမ်းထပြီး ဘတ်စ်ကားအပေါ်တန်းက လက်ကိုင်ကွင်း အမှတ်နဲ့ ဆွဲထလိုက်တာ။ လား... လား... ဘေးနားမှာ မတ်တတ်ရပ်နေတဲ့ ဖုအစ်ထုထစ်နေတဲ့ မဒီမကြီးရဲ့နားမှာ တွဲလောင်းကျ နေတဲ့ နားကွင်းအကြီးကြီး ဖြစ်နေပါရောလားဗျာ...။

ကိုင်း... ကျုပ်လည်း ဂလောက်ဆို ပွတ်သူရဲကောင်း စာရင်းဝင်သွားပြီမို့... ပြေးပြီဗျို့။

ဗြိတိသျှကိုကိုမောင်


ABOUT AUTHOR

(ဗြိတိသျှကိုကိုမောင်)