News

POST TYPE

SATIRE

Return of ဗြိ
18-Jun-2017 tagged as အင်းစိန်

ဗြိ ပြန်လာပြီ။

ပြန်လာပြီဆိုတော့ ထုံးစံအတိုင်းပေါ့။

ရှင်လိင်ပျံတဲ့နေ့၊ မိန်းမယူတဲ့နေ့၊ ထောင်ကထွက်တဲ့နေ့... အဲ့ဒီသုံးနေ့ဟာ ယောက်ျားတစ်ယောက်အတွက် အပျော်ဆုံးတဲ့။

မောင်ဗြိကတော့ ဒုလ္လဘ ဝတ်နေတုန်း လေဒီဗြိနဲ့ ဆုံတယ်။ 

အဲ... လူထွက်ပြီး မကြာဘူး။ မိန်းမရသဗျာ။

ဟော့... မိန်းမရပြီးမှ မကြာဘူး...အင်းစိန် နရသိန်လို့ခေါ်တဲ့ ထမင်းကျွေးသော ကျောင်းတော်ကြီး မန်မန်းစကူးကို အလည်ရောက်ပါလေရော။

ကိုင်း... ဒီလိုအပျော်ဆုံး နေ့တွေချည်း ဆက်တိုက်ကြုံရဖို့ဆိုတာ နည်းတဲ့ကုသိုလ်ကံကြီးလား။

ဒီတော့ကာ...မောင်ဗြိရဲ့ ဆယ့်လေးရက်တာ ထောင်အတွေ့အကြုံလေး ဖောက်သည်ချရဦးမယ်။

ကျွန်တော်နဲ့ အယ်ဒီတာချုပ် အစ်ကို ကျော်မင်းဆွေတို့ကို ရဲစခန်းအချုပ်ကနေ အင်းစိန်ထောင်ကြီးကို ပို့တော့မယ်ပေါ့။ အချုပ်ကားအပြာကြီးပေါ်တင်ပြီး ကားထွက်ပြီ ဆိုတာနဲ့ ပထမဆုံး ဆုံရတာတော့ ဗိုလ်အောင်ဒင်ပဲ။

ဗိုလ်အောင်ဒင်ဆိုလို့ အချုပ်ကားပေါ်က ရာဇဝင် လူဆိုးကြီးလို့ မထင်နဲ့ဦး။

ဒီမှာ နှစ်ယောက်လုံးရဲ့ ဇနီးတွေက မျက်ရည်လေး စမ်းစမ်းစမ်းစမ်းနဲ့မို့ ဖီးလ်လို့ကောင်းတုန်း အချုပ်ကား ဆောင်းဘောက်စ်ကနေ ငါက ဗိုလ်အောင်ဒင်...နင်က ဒါကိုမမြင် ငါ့အသည်းကို ခလုတ်တိုက်သွားတယ်...မိန်းကလေးရယ်...မင်းမိုက်တယ်... ဒန့်တန့်တန့်ဆိုတဲ့ ကိုမနောရဲ့ အသံကြီးက စီခနဲထွက်လာတာ စဉ်းစားသာကြည့်ပေတော့။

ဒီတော့မှ ဗိုလ်အောင်ဒင်ရဲ့ အင်ပါယာဟာ တို့ရပ်ကွက်ထိပ်က အလှူခံလော်ကနေ အချုပ်ကားပေါ်အထိ အဆုံးမရှိ ကျယ်ပြန့်လှပါတကားလို့ သိလိုက်ရတော့တယ်။

အဲ့သလိုနဲ့ ကိုမနောရဲ့ ဗိုလ်အောင်ဒင်တို့၊ ကြာဖြူရေ ကြာဖြူရေတို့ကို နားသောတဆင်ရင်း အချုပ်ကားကြီး ပျော်ပျော်စီးပြီး မောင်ဗြိတို့ အင်းစိန်ထောင်ဘူးဝ ရောက်ခဲ့ပေသပေါ့။

ထောင်ရောက်ပြီ ဆိုတော့ ရဲစခန်းအချုပ်မှာတုန်းက ကိုယ့်ထက်အရင် ထောင်ထဲဝင်ဖူးတဲ့ ဗကသ မချိုတို့၊ တကသ ကျောင်းသားပိုင်ရဲသူတို့ လာပြီး သင်တန်းပို့ချသွားတဲ့ ထောင်အဝင်လက်စွဲကို လက်တွေ့ကျင့်သုံးမယ်ပေါ့။

သူတို့ပြောသွားတာက ဒီလို။

“ကိုဗြိ... ကိုယ်က ရာဇဝတ်အကျဉ်းသား မဟုတ်ဘူး... ထောင်ဘူးဝ ရောက်ကတည်းက သူတို့ ပုံစံထိုင်ခိုင်းရင် ပုံစံမထိုင်ပါနဲ့” တဲ့။

အေးလကွယ်။

ငါတို့သည် ရဲရဲတောက် မာရတော့မည်ပ။

ဒီနှယ့်စိတ်တင်းပြီး အချုပ်ကားပေါ်က ဆင်းဖို့ လုပ်တယ်။

အဲ့ဒီအချိန် ဗြုန်းဆို ဘယ့်နှယ်ဖြစ်တယ် မသိဘူး။

မောင်ဗြိ ဘယ်ဘက်လက်ကို ရဲသားကြီးတစ်ယောက်က လက်ထိတ်ကောက်ခတ်လိုက်တာပဲ။

ကိုယ့်ဆရာက ခတ်ရင်လည်း နှစ်ဖက်ခတ်တာ မဟုတ်ဘူး။ တစ်ဖက်တည်း။ လက်ထိတ်ဆိုတာကြီးက တစ်ယောက်တည်းဆို နှစ်ဖက်ခတ်၊ အဲ တစ်ဖက်တည်း ခတ်မယ်ဆိုလည်း နှစ်ယောက်ပူးတွဲခတ်မှ ကြည့်ကောင်းတာကလား။

အခုဟာက တစ်ဖက်တည်းခတ်ပြီး ကျန်တဲ့တစ်ဖက်က ထိုးထိုးထောင်ထောင်ကြီးဆိုတော့ စတိုင်လ်ပဲ့ပဲ့ကြီးနဲ့ ကြည့်မကောင်းဘူးလို့ မောင်ဗြိတော့ ထင်သဗျ။

အချုပ်ကားအောက်ရောက်ပြီး လက်ထိတ်တစ်ဖက် ပဲ့ကြီးနဲ့ ပေကြောင်ကြောင်ရပ်နေတုန်း ခုနကားပေါ်မှာ လက်ထိတ်ခတ်သွားတဲ့ ဦးရဲကြီးက ပြေးလာတယ်။

ပြီးတော့ “ခင်ဗျားက The Voice အမှုတွဲလား... ဆောရီးဗျာ... ကျွန်တော်က ဘိန်းစားတန်းက ဖုန်းသူခိုး လက်ခံအမှုက အီစမိုင်တို့အုပ်စုနဲ့ ရောသွားလို့... အချုပ်ကားကလည်း သုံးမြို့နယ် ရောတင်ပေးလိုက်တော့... ခက်သဗျာ” ဆိုပြီး လက်ထိတ်လာ ဖြုတ်ပေးလေရဲ့။

ဒါပဲဗျ။

ဥပဓိရုပ်က ထောင်ဘူးဝရောက်မှ စကားပြောတယ်ဆိုတာ။ ခဏနေတော့ ကိုကျော်မင်းဆွေလည်း ကျွန်တော့်ဘေး ရောက်လာပါပြီ။

ရှေ့က အချုပ်သားတွေက ပုံစံထိုင်ကြလို့။

ကိုကျော်မင်းဆွေနဲ့ ကျွန်တော် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်တယ်။

ဘယ်ရမလဲ... မထိုင်ဘူးကွာ...တိုက်ပွဲစမယ်ပေါ့။

ရင်ကိုကော့ပြီး မတ်တတ်ရပ်နေလိုက်တယ်။

အလိုလေး... ပုံစံထိုင်နေတဲ့ လူအုပ်ကြီးနောက်မှာ မားမားကြီးရပ်နေတဲ့ ကျွန်တော်တို့ နှစ်ယောက်ကို ထောင်ဝန်ထမ်းတွေက ဖုတ်လေသည့်ငါးပိ ရှိတယ်လို့တောင် မထင်ဘူး။

ဟယ်... ဒါ လူမြင်ကွင်း ဘူးဝရှေ့မို့နေမှာ...အထဲရောက်ရင်တော့ ငါတို့ကို ပုံစံထိုင်ခိုင်းမှာပဲဆိုပြီး ကျွန်တော်လည်း ကိုကျော်မင်းဆွေဘေး ပိုကပ်ထားလိုက်တယ်။

နို့မို့ အထဲရောက်လို့ မထိုင်ရင် ဘိန်းစားတန်းက အီစမိုင်နဲ့ ထပ်မှားပြီး အဆော်ခံနေရ မချောင်ဘူးလေ။

ကိုကျော်မင်းဆွေကတော့ မြင်တာနဲ့ ဒါ စာနယ်ဇင်း အယ်ဒီတာပဲလို့ အလွယ်သိနိုင်တဲ့ ဥပဓိရုပ်ပိုင်ရှင်ကိုး။ (ဟယ်...ဖားတယ်ပဲထင်ထင် ကိုယ့်လူတော့ ကိုယ် ဒီနှယ့်မြှောက်ပြောရတာပဲ... တတ်နိုင်ဘူး...ပြန်ထွက်လာမှ စာမူခ တိုးပေးချင်လည်း တိုးပေးပါစေတော့...ငိ)

ကိုယ့်မှာက ဥပဓိချို့ငဲ့လေတော့ ကိုကျော်မင်းဆွေ ရုပ်ခံထဲ ဝင်ခိုလှုံ ရတော့တာပေါ့။

ဘူးဝရောက်တော့လည်း ရှေ့ကတည်းက ပုံစံမထိုင်ဘူးဟဲ့လို့ အားတင်းထားတဲ့ ရဲရဲတောက်ကြီး နှစ်ယောက်ဟာ မတ်မတ်ကြီးပါပဲ။

ကဲ...ထောင်ပရိဝုဏ်ထဲတော့ ရောက်ပြီ...ပုံစံမထိုင်တဲ့ ငါတို့ကို ဘာပြောမလဲပေါ့။

မကြာပါဘူး... အချုပ်သား အဝင်စစ်နေတဲ့ တပ်ကြပ်ကြီးဆီက အသံထွက်လာတယ်။
“မတ်တတ်ရပ်မယ့် ဆရာတွေက... ဘေးနား နည်းနည်းကပ်ကြဗျာ” တဲ့။

ပုံစံမထိုင်ဘူးလား ဘာလားဆို ကျွန်တော်တို့ဟာ ရာဇဝတ်အကျဉ်းသားမဟုတ် ဘာညာပြောမယ် ပြင်ထားတာလေးတွေတောင် ဘယ်နားရောက်သွားမှန်း မသိဘူး။

လူစစ်တာ တော်တော်ကြာပါတယ်။

မတ်တတ်ရပ်မယ့် ရဲရဲတောက် နှစ်ယောက်လည်း ခြေသလုံးတွေတောင့်လို့ တော်တော်ညောင်းနေပါပြီ။

အချုပ်ရုံးရှေ့ကို ရောက်တော့...ပို့မယ့်အဆောင် ခွဲပါတယ်။ အဲ့ဒီရောက်တော့ ဝန်ထမ်းအရာရှိ တစ်ယောက်က ပုံစံထိုင်ကြဆိုတော့ ကျွန်တော်တို့ နှစ်ယောက်မှာ မတိုင်ပင်ထားပဲ ဝမ်းသာအားရ ထိုင်ချလိုက်ပါတယ်။

အား... အရသာရှိလိုက်တာဗျာ။

“ဟာ..အစ်ကိုတို့ သတင်းစာကလူတွေ မဟုတ်လား... မထိုင်ပါနဲ့... မထိုင်ပါနဲ့... ရပါတယ်... ရပ်နေပါ... သက်သက်သာသာပေါ့”

ရုံးခန်းထဲက ထွက်လာတဲ့ အရာရှိတစ်ယောက်က အားနာပါးနာ လာပြောတော့ ကျွန်တော်တို့မှာ မတ်တတ်ပြန်ရပ်ရပြန်ရော။

ကိုယ့်ဘာသာလည်း စိတ်ထဲက ပြောမိတယ်။
“ဟဲ့... ရဲရဲတောက်ငဗြိ... မထိုင်ချင်ဦးဟဲ့...မထိုင်ချင်တဲ့အကောင်...အခု...မတ်တတ်သာရပ်ပေတော့” လို့်။

ကိုယ့်အတတ်ကိုယ်စူး ဆိုတာ အဲ့သဟာ ပြောတာဗျ။

ဒါပေမဲ့ မကြာပါဘူး ဝန်ထမ်းအစ်ကို တစ်ယောက်က အချုပ်ရုံးထဲခေါ်ပြီး ထိုင်ခုံနှစ်ခုံ ချပေးပါတယ်။

အလိုလေး... ထိုင်လို့ကောင်းလိုက်တဲ့ဖြစ်ခြင်း။ ထိုင်ခုံဆိုတာမျိုးများ တယ်ထူးဆန်းတာပဲ။

ဒီလို ပူမှုဆယ်ကုဋေ ပွေလီနေတဲ့ ထောင်ထဲရောက်ခါနီးတောင် ထိုင်ခုံမှာ ထိုင်လိုက်ရတဲ့အခါဘဝ မေ့သွားမလောက် အရသာရှိသဗျ။

ထိုင်ခုံပေါ် ရောက်တာနဲ့ အောက်ကလူတွေထက် ကိုယ်ဟာ ပိုအနစ်နာခံခဲ့သူ သူရဲကောင်းကြီးလိုလို၊ ဂုဏ်ပြုထိုက်သူကြီးလိုလို၊ အောက်ကလူတွေရဲ့ ကယ်တင်ရှင်ကြီးလိုလို ဖီလင်ရသွားတော့တာပဲ။

ထိုင်ခုံဖီလင်ကလည်း ကြာကြာမခံပါဘူးလေ။

ခဏနေတော့လည်း ကိုယ်က အကျဉ်းသားက အကျဉ်းသားပါပဲ။

တစ်တိုက်လို့ခေါ်တဲ့ ဆယ်ပေပတ်လည် အခန်းထဲ အောင်းပေါ့။

အင်းစိန်ထဲက ရက်တွေမှာတော့ ကျွန်တော်တို့ နှစ်ယောက်ဟာ မနက်ဆို သတင်းစာဖတ်ကြ၊ အမှုကိစ္စ ဆွေးနွေးကြ၊ သတင်းတွေအကြောင်း ပြောကြ၊ စားကြ၊ အိပ်ကြ၊ စာဖတ်ကြ ဒါပါပဲ။

တကယ်ဆို ဒီတစ်တိုက်ဟာ အန်ကယ် ဦးဝင်းတင်တို့၊ ကိုမင်းကိုနိုင်တို့လို့ ရဲရဲတောက် နိုင်ငံရေးသမားကြီးတွေ ဆယ်စုနှစ်များစွာ ကွန်းခိုခဲ့ရာ။

အဲ့ဒီမှာမှ ပုံစံမထိုင်ခဲ့ရလို့ ခြေသလုံး တောင့်လာတဲ့ ရဲရဲတောက် မောင်ဗြိဟာ ခုနစ်ရက်လောက်လေး နားခိုရတာကို မာန်က တက်ချင်နေပြီ။

ကိုယ့်ကိုယ်ကိုယ် ဝါရင့်နိုင်ငံရေးသမားဂိုက်ကြီးက ဖမ်းချင်နေပြီ။

မင်းတို့အတွက် ငါက ထောင်ထဲဝင်ပေးရတာကွ ဆိုပြီး လေသံမာမာနဲ့ သြဝါဒက ခြွေချင်နေပြီ။

ခက်တာက... ကိုယ်က သရော်စာရေးပြီး ဝင်လာရတာ။

ထောင်ထဲသာ ဝင်လာရတာ ကိုယ်ကစာပေလောကမှာ ဘာသြဇာမှမရှိ ဖုန်မထတဲ့ ခွေးလှေးကြမ်းပိုးအဆင့် စာရေးဆရာ ပုလုကွေးငတိ။

“ဆရာသခင်တွေ ထောမနာမပေးခင် ကိုယ့်ဘာသာကိုယ် ကြိုနှိမ်ထားလိုက်တာ...ဒီထက်နာတဲ့ ဇာတ်ရှိဦးမလားဟဲ့”

ကိုယ့်ပြဿနာထဲ ကြားချောင် အယ်ဒီတာချုပ်ပါ အစစ်လိုက်လာရသေး။

ကိုယ်မိန့်ခွန်းခြွေဖို့ ကြည့်တော့ ဟိုဘက်မှာကလည်း သေဒဏ်ကျထားတဲ့ ဖထီးတို့ လူကြီးတွေ ဆိုတော့ ဒါလည်းမဖြစ်သေး။

ဟယ်... မထူးပါဘူးဆိုပြီး မနက်ခင်း တိုက်ရှေ့က သရက်ပင်ပေါ်လာ လာနားတဲ့ ကျီးကန်းတစ်သိုက်ကိုပဲ သြဝါဒ ခြွေမယ်လို့ ဆုံးဖြတ်လိုက်တယ်။

မနက်ထမင်းစားပြီးတာနဲ့ ကျန်တဲ့ထမင်းဟင်းကို တိုက်ရှေ့မှာ ပုံလိုက်တယ်။

အဲ့ဒီမှာ အစာနံ့ရတဲ့ ကျီးတွေ အုံလာတာနဲ့..

“ဟယ်... ကျီးသူလူထုအပေါင်းတို့... မင်းတို့ အခုလို လွတ်လပ်စွာနဲ့ ထမင်းကျန်ဟင်းကျန် စားရတာဟာ ငါ အနစ်နာခံပြီး ထောင်ထဲကို ဝင်လာလို့ဖြစ်တယ်... ငါ့ရဲ့ အနစ်နာခံမှုတွေအတွက် မောင်ကျီးတို့ ...မယ်ကျီးတို့ ကျေးဇူးသိတတ်ကြလော့”

ဘယ့်နှယ်ဗျာ။

ကယ်တင်ရှင် မောင်ဗြိရဲ့ ထောင်ထွက်မိန့်ခွန်းမှ မဆုံးသေး ကျီးတွေဟာ ဘယ့်နှယ်ထင်တယ် မသိဘူး။

ဒီအသားမည်းမည်း ဗိုက်ပူပူငတိဟာ ထမင်းကျန် ဟင်းကျန်လောက်ကျွေးပြီး ငါတို့ကို နားလာငြီးတယ်လို့မှတ်ပြီး တအအနဲ့ ဝေဖန်ရေးလုပ် ဝိုင်းအာလိုက်ကြတာဗျာ။

ကျွန်တော့်မှာ တစ်နေကုန် နားကိုငြီးရော။

အောင်မယ်... ညပိုင်းကျမှ ကျီးကန်းသံတွေ တိတ်ပြီး... ဖားအော်သံ အုံးဂွမ် အုံးဂွမ်လေးတွေ ကြားမှ နားဝင်ချိုတော့တယ်။

ဒါပါပဲ မောင်ဗြိဆိုတဲ့ ကျွန်တော်ဟာ အသက် ၃၀ ထဲ ဝင်ပြီဆိုတော့ လူကြီးတစ်ပိုင်း ဖြစ်လာပြီပေါ့ဗျာ။

လူကြီးဖြစ်ပြီဟေ့ ဆိုကတည်းက...ကျီးကန်းသံလို ဝေဖန်တာတွေ စိတ်နဲ့ သိပ်မတွေ့တော့ဘူး။

ဖားသံလေးတွေပဲ နားဝင်ချိုတော့တာကလား။

အိမ်း...

ထောင်ထဲက ခုနစ်ရက်မှာ ကျွန်တော်ဟာ ဒီလိုပေါကြောင်ကြောင် တွေးနေရင်း... အခုတော့..ပြန်ထွက်လာရပြီပေါ့။

အခုက တရားစွဲဆိုရန်မသင့် ဆိုတော့ ကိုယ်ဟာ ဘာမှမဟုတ်ပဲ ထောင်ထဲမှာ ထမင်းနဲ့ပဲဟင်း လာညာစားသလိုကြီး ဖြစ်နေတယ် မဟုတ်လား။

ငဗြိနှယ်...ထောင်ကျတာ ပျော်နေလားဆို...ထောင်ပဲဗျာ....အချုပ်အနှောင်ခံရပြီဆိုမှ ဘယ်သူက ပျော်မတုံး။

ဒါပေမဲ့လည်း ပျော်စရာလေးတော့ ကြံဖန်တွေးရ ရေးရတာပဲ။

အထဲမှာလည်း ကျွန်တော့်ရဲ့ အစ်ကိုလို၊ ဆရာလို ခင်မင်လေးစားရတဲ့ ကိုကျော်မင်းဆွေ ကျန်ရစ်သေးတယ်။

ဒီစာလေးကို ဖတ်မိတဲ့အခါ ကျွန်တော့်အစ်ကို ကိုကျော်မင်းဆွေဟာ တစ်ချက်လေးဖြစ်ဖြစ် ပြုံးသွားဖြစ်တယ်ဆို...ကျွန်တော်မောင်ဗြိ...စာပေလောကကြီးထဲ သြဇာကြီးမား စွင့်ကားလှတဲ့ ဧရာမ စာရေးဆရာကြီး မဖြစ်ရင် နေပါစေ။

အင်းစိန်တစ်တိုက်ထဲ ကျန်ရစ်တဲ့ ကိုယ့်ရဲဘော်ရဲဘက် အစ်ကို့အတွက် အပြုံးလေး တစ်ချက် ဖန်တီးပေးနိုင်တယ်ဆို....ကျေနပ်လှပါပြီ။

အစ်ကို...ပြုံးနိုင်ပါစေ။
ဘာပဲဖြစ်ဖြစ်...ဗြိပြန်လာပါပြီ။

ဗြိတိသျှကိုကိုမောင်