News

POST TYPE

SATIRE

စိုပြေ လိမ္မာပြီ
တကယ်တော့ လိမ္မာတယ်ဆိုတာ အပြောလွယ်တယ်။ လူကြိုက်များတယ်။ လိမ္မာရတာတော့ ခက်သဗျ။ ဒါပေမဲ့ မလိမ္မာလို့လည်း မဖြစ်တော့ဘူးလေ။ ကိုဂျေမီ ဆိုထားတဲ့ သီချင်းတစ်ပုဒ်ကလည်း ရှိတာကိုး။ 
“မင်းကိုယ်မင်း မိုက်တယ်ထင်...။ မင်းထက် မိုက်တဲ့ကောင်တွေ အချုပ်ထဲမှာ ရှိတယ်” တဲ့။

အခုခေတ်က အချုပ်ခေတ်တောင် မဟုတ်တော့ဘူးလေ။ ထောင်ခေတ်မဟုတ်လား။ ပုဒ်မ ၆၆ (ဃ) လို့သာ အမည်တပ်လိုက်။ ဟုတ်တာမဟုတ်တာ နောက်ထား ထောင်ထဲသွားရမှာ အရင်။

အခုဆိုရင် စိုပြေတို့လည်း ကြားနေတာပဲ။ ဟိုလူ့ကို ဖမ်းသွားပြီ။ ဒီလူ့ကို ဖမ်းသွားပြီ။ ဘယ်သူတွေလဲ။ သူခိုးတွေလား၊ ဓားပြတွေလား။ မဟုတ်ပေါင်။ ဒါဆို မူးယစ်ရမ်းကား ဆဲဆိုနေလို့လား။ 

မဟုတ်ပါဘူး။

သရော်စာတွေ ရေးလို့...။ ဝေဖန်တဲ့စာတွေ ရေးလို့။ ပုတ်ခတ်တဲ့စာတွေ ရေးလို့။ ထောက်ပြတဲ့စာတွေ ရေးလို့။ ပုံတွေ ပေါက်ကရ လုပ်လို့တဲ့။ တစ်ခါတလေတော့လည်း အမှန်တွေကို သရော်စာ လုပ်ရေးလို့ဆိုပဲ...။ 

တချို့တလေများကျတော့လည်း ကိုယ်လည်း ဘာမှမရေး။ ဘာမှမလုပ်ဘဲ အဖမ်းခံရတာတွေလည်း ရှိသတဲ့။ အွန်လိုင်း လုပ်ကြံမှုတွေပေါ့လေ။

ဥပမာ- အွန်လိုင်းမှာ စိုပြေ့နာမည်နဲ့ ဖေ့ဘွတ်အကောင့်တုလုပ်။ စိုပြေ တင်ထားတဲ့ပုံတွေ ယူတင်။ ပြီးရင် နိုင်ငံတော် အကြီးအကဲတွေကို ဆဲဆို။ မိုက်ရိုင်း။ ဖိုတိုရှော့တွေနဲ့ ပေါက်ကရပုံတွေလုပ်။ အဲ့ဒါကို စခရင်ရှော့ရိုက်။ မှတ်တမ်းယူ။ ရဲစခန်းကို သွားတိုင်ရင် ဟုတ်တာမဟုတ်တာ အပထား။ ဆက်သွယ်ရေး ဥပဒေနဲ့ အရင်ဆုံး အဖမ်းခံရမှာ။ ပုဒ်မက ၆၆ (ဃ) တဲ့။

စိုပြေ နည်းပေးလမ်းပြ လုပ်သလိုတော့ ကြည့်မရတဲ့လူတွေကို လျှောက်မလုပ်နဲ့နော်။ အဲ့လိုသာ လျှောက်လုပ်ရင် မြန်မာပြည်မယ် ထောင်တွေချဲ့ရမယ် ထင်တယ်။ 

တစ်ယောက်နဲ့တစ်ယောက်။ အပြန်အလှန် ကလဲ့စားတွေချေ။ ဖေ့ဘွတ်အကောင့်တု ကိုယ်စီလုပ်ပြီး အစိုးရကို အပုပ်ချတဲ့ စာတွေရေး။ 

ဒါဆို တစ်နိုင်ငံလုံး အဖမ်းခံရမယ်။

စဉ်းစားကြည့်တော့ တော်တော်ဆိုးဆိုးပဲ။ 

စိုပြေနဲ့ လူတစ်ယောက် စကားများရန်ဖြစ်ပြီး အထိုးခံရတယ် ဆိုကြပါစို့။ စိုပြေ့အနေနဲ့ ရဲစခန်းကို တိုင်မနေတော့ဘူး။ စိုပြေ့ကို ထိုးတဲ့လူရဲ့ ဓာတ်ပုံတွေယူပြီး အကောင့်တုလေးဖွင့်။ ဓာတ်ပုံလေးတင်။ အစိုးရကို ဆဲပေးရုံပဲ။ အဲ့ဒါဆို စိုပြေ့ကို ထိုးတဲ့လူလည်း ထောင်ကျ။

ဒီတော့ စိုပြေနဲ့ ရန်ဖြစ်သူက စဉ်းစားမယ်။ ငါ့ကို ဒီလိုမျိုး အကောက်ကြံပြီး အကောင့်တုနဲ့ ချောက်တွန်းတာ ဘယ်သူလဲ။ 

စိုပြေ လုပ်မှန်းသိမယ်။ အဲ့တော့ စိုပြေ့ကို အကောင့်တုနဲ့ ပြန်လုပ်ကြံမယ်။ 

ဒီလိုနည်းနဲ့ အပြန်အလှန်သာ လုပ်ကြရင် တစ်နိုင်ငံလုံး ထောင်ထဲရောက်သွားနိုင်တယ်လို့ ဆိုလိုတာပါ ခင်ဗျ။

ခင်ဗျားတို့ တစ်ခုတော့ ပူလိမ့်မယ်။ 

အဲ့လို အကောင့်တုလုပ်ပြီး အစိုးရကို ဆဲနေရုံနဲ့ အစိုးရက အမှုဖွင့် ဖမ်းပါ့မလားပေါ့။ 

မပူပါနဲ့။ အခုဆို အစိုးရကိုယ်တိုင်၊ လွှတ်တော်ကိုယ်စားလှယ်တွေ ကိုယ်တိုင်၊ စစ်တပ်ကိုယ်တိုင်ကလည်း အမှုဖွင့်နေပါပြီ။ 

ဒါတင်မကသေး။

အဲ့လိုအစိုးရကို ဆဲဆိုသူတွေကို အမှုဖွင့် အရေးယူဖို့အတွက် ဖွဲ့ထားတဲ့အဖွဲ့လည်း ရှိသဗျ။ အဲ့အဖွဲ့ကလည်း အစိုးရကို အွန်လိုင်းပေါ်မှာ ဆဲဆိုသူတွေ ရှာဖွေ၊ ဖမ်းဆီး အမှုဖွင့်သဗျ။ 
အဲ့တော့ အစိုးရကို ဆဲရင် အဖမ်းမခံရမှာ မပူနဲ့။ ဝေဖန်သူတွေကိုတောင် ဖမ်းမယ်ဆီးမယ် လုပ်သေးတာ။ ဆဲဆိုနေလို့ကတော့ မဖမ်းမှာ မပူပါနဲ့။

ပြီးတော့ စစ်တပ်ကိုလည်း မသရော်လေနဲ့...။ သရော်ရင် ဖမ်းခံရမယ်။ 

နောက်ဆို မြန်မာပြည်မယ် တရားသူကြီးတောင် ရှိတော့မယ် မထင်။ 

ဘာလို့လဲဆိုတော့ အမိန့်ချတဲ့ တရားသူကြီးကို မကျေမနပ်ဖြစ်။ ပြီးတော့ တရားသူကြီးပုံတွေနဲ့ အကောင့်တုလုပ်။ 

အစိုးရကို ဆဲ။ 

ဒါဆို တရားသူကြီးလည်း အဖမ်းခံရမှာပဲ။

အဲ့လိုသာ ဖြစ်လာရင်တော့ အစိုးရအဖွဲ့ဝင် လူကြီးတွေလည်း အရှက်တွေရပြီး ခေါင်းတောင်ဖော်ဝံ့မှာ မဟုတ်တော့ဘူး။ 

ဘာဖြစ်လို့လဲဆိုတော့ လူတိုင်းက အစိုးရကို ဆဲနေတော့မှာပဲလေ။ 

အစိုးရကို ဆဲချင်လို့ ဆဲတာတော့ မဟုတ်ပါဘူး။ အကောင့်တုနဲ့ သူများကို ထောင်ကျစေချင်လို့ ဆဲကြမှာလေ။

တကယ်တော့ သေသေချာချာ စစ်ဆေးနိုင်လို့ အကောင့်တုနဲ့ လုပ်ကြံခံရတာလို့ စစ်ဆေးတွေ့ရှိရင်တောင် အနည်းဆုံး ၆ လ၊ ၁ နှစ်ကတော့ ထောင်ထဲမှာ သွားနေရနိုင်တယ် ခင်ဗျ။ 

ဘာဖြစ်လို့လဲဆိုတော့ ဆက်သွယ်ရေး ဥပဒေရဲ့ ပုဒ်မ ၆၆ (ဃ) က အာမခံ မပေးဘူးလေ။

အဲ့လို ၆၆ (ဃ) ခေတ်စားနေချိန်မှာ မောင်စိုပြေ မမိုက်ဝံ့တော့ပါဘူး ခင်ဗျာ။ 

လူတွေနဲ့လည်း ရန်မဖြစ်ဝံ့တော့ပါဘူး။ သရော်စာတွေလည်း မရေးဝံ့တော့ပါဘူး။ 

အားလုံးနဲ့လည်း တည့်အောင်ပေါင်းပါတယ်။ 

မတည့်လို့ စိုပြေ့ကို ကြည့်မရဖြစ်ပြီး အကောင့်တုနဲ့ လုပ်ကြံလိုက်ရင် နားကားသွားမှာကိုး။

အကောင့်တုနဲ့ မလုပ်ကြံတောင် သရော်စာရေးလို့ဆိုပြီး ဖမ်းလို့ဆီးလို့ ရသဗျ။ 

အခုဆို စိုပြေ့ သူငယ်ချင်း မောင်ဗြိတောင် သရော်စာ အရေးကောင်းတာ ၆၆ (ဃ) နဲ့ ပါသွားပါရောလား...။ 

ပြီးတော့ အားလုံးနဲ့ တည့်အောင်ပေါင်းတာထက် အရေးကြီးတာတစ်ခုလည်း ရှိပါသေးတယ်။ 

အဲ့ဒါကတော့

“ကျွန်တော် လက်ရှိအစိုးရကို သဘောကျတယ်။ လွှတ်တော်အမတ်တွေ အကုန်လုံးကိုလည်း စိတ်တိုင်းကျတယ်။ အင်မတန် ထူးချွန်ထက်မြက်တဲ့ လူတော်လူကောင်းတွေချည်းပဲ။ ဒီလို လူသူတော်မြတ်ကြီးတွေ ဒီနိုင်ငံကို အုပ်ချုပ်နေပြီဆိုမှတော့ ဒီနိုင်ငံတော်ကြီး သိပ်မကြာခင်မှာ ဆူပါပါဝါနိုင်ငံတစ်ခု ဖြစ်လာမှာ အသေအချာပဲဆိုတာ ကျွန်တော်တော့ ယုံကြည်တယ်။ သားစဉ်မြေးဆက် အနာဂတ် မျိုးဆက်သစ်တွေအတွက် တွေးရင်း ဝမ်းသာပီတိ ဖြစ်မိရတယ်” တဲ့။

စိုပြေ ပြောတာ မဟုတ်ပါဘူး။ 

စိုပြေ့သူငယ်ချင်း ကိုမျိုးကျော်က ပြောတာပါ။ ပုဒ်မ ၆၆ (ဃ) နဲ့ လူတွေ ဖမ်းနေတယ်လို့ ကြားပြီး နောက်ပိုင်း ကိုမျိုးကျော် ပထမဆုံးပြောတဲ့ စကားပဲ။ 

စိုပြေလည်း ကိုမျိုးကျော်နဲ့ သဘောတူပါတယ်။ 

ဘာကြောင့် သဘောတူလဲဆိုတော့ 
စိုပြေ လိမ္မာသွားပြီလေ....။ ဟဲ...ဟဲ...။

စိုပြေ