News

POST TYPE

SATIRE

ဗြိမှာတမ်း
04-Jun-2017 tagged as

ဗြိ ဂိပြီ။
အဲ့လိုတော့ မထင်နဲ့ဆရာ။ 
ကြားပြီးပြီလား။
၆၆ နဲ့ ငြိသွားတာ။

ကိုယ်တိုင်ကလည်း စာရေးဆရာ ပေါက်စန ဘဝကို ရွေးချယ်မိတော့ မတတ်နိုင်ဘူးရယ်။

စာရေးဆရာတောင်မှ ထောင်နှုတ်ခမ်းပေါ် စကိတ်စီးရတဲ့ သရော်စာတွေ ရေးမိတဲ့ ငတိလေ။ 

အဲ... စာရေးဆရာဘဝ မရခင်တုန်းကတော့ ဂျာနယ်တွေ မဂ္ဂဇင်းတွေမှာဆို ကိုယ့်စာလေး သိပ်ပါချင်တာ။

ဟိုပို့ ဒီပို့နဲ့ သုံးဆယ့်ငါးလမ်းအစုံအဆန် ခွက်ခွက်လန်ပါပဲ။

ဟော့... စာရေးဆရာ ပေါက်စနလေးဘဝကို ရပြီး လုံးချင်းလေး လေးငါးအုပ် ထုတ်နိုင်တဲ့ အခြေအနေ ရောက်ပြန်တော့ ရေးစရာ တစ်နေရာက တိုးနေပြီးသား။

သိတယ်မဟုတ်လား။ ဖေ့ဘွတ်လေ..ဖေ့ဘွတ်။

အဲ့ဒီမှာကျ အယ်ဒီတာစားပွဲ မရှိဘူးရယ်။ ဒါပေမဲ့ စာဖတ်ပရိသတ်နဲ့တော့ တိုက်ရိုက်ထိခွင့်တွေ့ခွင့် ရှိသဗျ။

Like တွေ၊ Share တွေနဲ့ ပရိသတ်ရဲ့ ဝေဖန်မှု ကွန်မန့်တွေပါ မြင်ရဖတ်ရတာမျိုးကိုး။

ဒါနဲ့ပဲ……..ဖေ့ဘွတ်ပေါ်မှာလည်း ဂျာနယ်တွေ၊ သတင်းစာတွေမှာ ဖော်ပြခံရပြီးသား ကိုယ့်စာမူလေးတွေ တင်သပေါ့။

မောင်ဗြိတို့ စာစရေးခါစကလေ အယ်ဒီတာတွေဆို သိပ်ကြောက်ရတာ။

ကိုယ့်စာမူလေး သွားပို့ရင် သူတို့ရှေ့မှာ ယို့ယို့လေးရပ်ရင်း သူတို့ ထိုင်ဆိုမှ ထိုင်ရဲတာ။

တာဝန်ခံစာတည်းတွေ ဆိုတာနည်းတဲ့ ပါဝါမဟုတ်လား။

ဖေ့ဘွတ်ကတော့ ဒီလိုအယ်ဒီတာ မရှိဘူးပေါ့။ မထင်နဲ့ဆရာ။ 

တခြားနိုင်ငံတော့ မသိဘူး။ ဒီနိုင်ငံမှာတော့ ဖေ့ဘွတ်မှာ အယ်ဒီတာ ရှိတယ်။ အဲ့ဒါတော့ ၆၆ (ဃ) ဆိုတဲ့ ပုဒ်မပဲဗျ။

အောင်မယ်လေး..ဒီကောင်ကြီးက အကောင်အထည်သာ မရှိတာ..ကြောက်စရာကြီးရယ်။

အယ်ဒီတာကမှ ကိုယ့်စာမူမကြိုက်ရင် သူ့မဂ္ဂဇင်း၊ ဂျာနယ်ထဲ မထည့်ရုံဘဲ။

သူကတော့ ကိုယ့်စာမူမကြိုက်ရင် အချုပ်ထဲ ချည်းဆွဲထည့်တာရယ်..။

သိပ်တော့လည်း မထူးပါဘူး။

ဂျာနယ်တွေ သတင်းစာတွေမှာ ရေးရင်လည်း အမည်ဖော်မပြောရတဲ့ဟာကို သွားထိမိတဲ့ မှော်လော်ကသားတွေလို..သောက်ကျိုး အကြီးကြီးနည်းကုန်ပြီး တောင်းပန်ရတော့တာ ထုံးစံပဲဗျိုး။

စာရေးဆရာတွေအတွက် ကိုယ်ရေးတဲ့စာအတွက် တောင်းပန်တယ်ဆိုတာက ရည်းစားလူလု၊ အူနုကျွဲခတ်၊ ထိပ်ဖျားကြမ်းညှပ်တာထက် ခံရခက်လှသဗျ။

အဲ့ အမည်ဖော်မပြောရတဲ့ဟာ ဆိုတာ ဒီလို။

ဗြိတိသျှစာရေး ဆရာမ ဂျေကေရိုလင်းရေးတဲ့ ဟယ်ရီပေါ်တာ စာအုပ်တွေ ဖတ်ဖူးတယ် မဟုတ်လား။

အဲ့ဒီစာအုပ်တွေထဲက မှော်လောကကြီးထဲမှာ အမည်ထုတ်မပြောရတဲ့ အမှောင်သခင် နတ်ဆိုးကြီး ဗိုဒါမော့ဆိုတာ ရှိသဗျ။

မှော်လောကသားတွေဟာ အမှောင်သခင်ကြီးကို နာမည်ထည့်ပြောမိရင် အဲ့ဒီအမှောင်သခင်ကြီးက ဝုန်းခနဲ ရောက်လာပြီး ပြစ်ဒဏ်ခတ်တတ်ပါသတဲ့။

အိမ်း..ဒီတော့..ဗိုဒါမော့ကြီးကိုပဲ ပြောတယ် မှတ်ကြပါ..တော့လို့။

ဒီ့နှယ်ဆိုတော့ မောင်ရင်ဗြိရယ်..ဘယ့်နှယ့်ကြောင့် ဒီအန္တရာယ်များတဲ့ စာရေးဆရာ အလုပ်လုပ်နေသတုံးဆို။

ဆိုပါသည်ကောဗျာ။

သည်ခေတ်က ဘာအလုပ်တွေ လုပ်စရာရှိတုံး။

အဆင့်မြင့်လှပါချည်ရဲ့ဆိုတဲ့ ဝန်ကြီးအလုပ်ကိုပဲကြည့်လေ။

ဝန်ကြီးတောင် ဘုရားတရားနဲ့ ဆိုင်တဲ့ဝန်ကြီးနော်။

ခမျာ…အစိမ်းဘက်လူတွေ ပြောတော့ သစ္စာဖောက်၊ အနီဘက်ကလူတွေ ပြောတော့ ပူးသတ်၊ မျိုးချစ်တို့က ပြောတော့ မာမူဘက်တော်သား၊ မာမူတို့ဘက်က ပြောတော့ မျိုးချစ်ဘက်တော်သား၊ ဒီကြားထဲ အမည်ဖော်မပြောရတဲ့ လူတွေကလည်း ပုဆိန်ရိုးဆိုပြီး ဘက်စုံ အဆဲပဒေသာပွဲကြီး ဆင်နွှဲခံနေရရှာတယ်။

အခုဆို နုတ်ထွက်ပေးဖို့တောင် ဆန္ဒပြပွဲတွေ ဘာတွေလုပ်နေပါပကော။

ဒါကြောင့်…ဝန်ကြီးဖြစ်ရတာလည်း ဒါကြောင့် တယ်မချောင်လှပေဘူး။

ကိုင်းဒါဆို..မောင်ရင် ဘာလုပ်မှာလဲ…လူချစ်လူခင်ပေါတဲ့ ပရဟိတသမား လုပ်မလား။

အောင်မလေး..ဒါလည်း အဆဲခံရတာ မလွတ် ပါဘူး။

ဒီတော့ ကွာစီးပွားရေး လုပ်ပါလား။ ကလောင်လေးတစ်ချောင်းပဲရှိတဲ့ ငမွဲက ဘယ်ကအရင်းအနှီး ရမတုံး။

ကဲ..ဒီတော့ ကိုယ်ဝါသနာပါတဲ့ စာရေးဆရာပဲ ဆက်လုပ်ဖို့ ကောင်းပါသည်ကောလား။

စာရေးဆရာ လုပ်တော့ရော..အဟဲ..မရေးရ မနေနိုင်တဲ့ အကျင့်လေးကြောင့် ခုနပြောတဲ့ မှော်လောကသားတွေ အမည်တပ်မပြောရတဲ့လူကို အမည်တပ်ပြောမိသလိုမျိုး.ဖြစ်တော့ ကိုင်း..နာမည်ကျော် ခြောက်ဆယ့်ခြောက်နဲ့ တရားစွဲခံရတဲ့အမှုမှာ ခြောက်ဆယ့်ခြောက်မှုမြောက်စာရင်း ချိတ်ပြီပေါ့ဗျာ။

တတ်နိုင်ပါဘူးလေ။

စဖြစ်ပြီ ဆိုကတည်းက သတင်းဌာနတွေက လာလိုက်တဲ့ အင်တာဗျူး။

ဂျာနယ်လစ်ဘဝနဲ့ သူများကို အသားကုန် အင်တာလာဗျူးသမျှ ကိုယ့်မှာ အခုမှ ပါးစပ်က အမြှုပ်ပါထွက်တယ်။

တချို့ကလည်း ပြောတယ် ဒီကောင် ငဗြိ နာမည်ကြီးချင်လို့ အုတ်နံရံကို ခေါင်းနဲ့တိုက်တာတဲ့။

အလိုလေး…မဟုတ်ရပါဘူး။ တကယ်က…ကိုယ့်လမ်းကိုယ်သွားရင်း အုတ်နံရံနဲ့ တိုက်မိတာပါဗျာ။

အုတ်နံရံဆိုလို့ ….ဒီရက်ပိုင်း ပြဿနာတွေ ကတောက်လျှောက်ဝင်တာကလား။

မောင်ဗြိတို့ နောက်ဖေးကခိုင်ပေ့မာပေ့ဆိုတဲ့ အုတ်နံရံကြီးမနေ့က ပြိုကျသွားသဗျာ။

မိုးရွာလို့..ရေတိုက်စားလို့ ပြိုတာ ဟုတ်ဘူးရယ်။

အိမ်မျက်စောင်းထိုးမှာ လာဖွင့်ထားတဲ့ ဘီအီးဆိုင်က အရက်သမားတွေ ညဘက် ရှူးလာလာပန်းရင်း ကဆားငန်မြေဖြစ်ပြီး ပြိုကျသွားတာပဲ။

တောက်..အရက်သမားများညီရင် ရှူးရှူးနဲ့တောင် နံရံဖြိုချလို့ရတယ်ဆိုတဲ့ သဘောပဲ။

အို…ဒါကတခြားကိစ္စပါ။

မောင်ဗြိကတော့.ဘယ်လိုဖြစ်ဖြစ် အမှောင်သခင်ကို သွားထိမိတော့ ကျိန်စာကတော့ သင့်တာပဲကိုး။

ကိုယ့်မှာယူထားခါစ မိန်းမလေးကို နီးစပ်ရာ ယောက္ခမတွေဆီအပ်ပြီးနှံပြီး ပြင်စရာရှိတာ ပြင်ရတာပ။

ဒါကိုတချို့ဘော်ဒါတွေက အလိုက်မသိဘူးဗျ။

“မောင်ဗြိ ငါတို့ ငါးပိကြော်လာပို့ပေးမယ်” တဲ့။

နေပါဦး…ထောင်ထဲဝင်ရင် ငါးပိကြော်ပဲ ပို့ရမယ်လို့ အခြေခံဥပဒေက ပြဋ္ဌာန်းထားသလားဗျာ။

တကယ်ဆို ကြက်ကြော်၊ ဝက်ကြော်စား ကောင်းတာလေးကို အထားခံအောင်လုပ်ပြီး ပို့လည်းရတာကိုး။

ဟင်း..ခက်သဗျာ။

ဘာပဲဖြစ်ဖြစ် အခုတစ်လောက တချို့တွေ အမှုရင်ဆိုင်ပြီဆို မှာတမ်းတွေ ဘာတွေခြွေတတ်တော့ မောင်ဗြိလည်း ခေတ်မီအောင် မှာတမ်းလေးချွေရပါဦးမယ်။

ဗြိမှာတမ်းလေးကတော့…

အကြောင်းကြောင်းကြောင့် ဗြိသည် ခဏတာ လည်လည်သွားတဲ့အခါ….စာဖတ်သူပ ရိသတ်ကြီးများအိပ်တဲ့အခါ ခေါင်းအုံးနဲ့အိပ်ပါ။

ထမင်းစားပြီးေ ရသောက်ပါ။
ရေချိုးလျှင် ဆပ်ပြာတိုက်ပါ။
ရန်သူငါးပါးကို သတိပြုပါ။
အမည်ဖော်ပြောမရတဲ့ ဗိုဒါမော့ခ်ကြီးကိုတော့ သွားမထိပါနဲ့။
ရှိသမျှ ပုဒ်မ မရရတာနဲ့ ဂျောင်းရပါလိမ့်မယ်။
ဟဲ..ဟဲ..အခုလည်းမောင်ဗြိဂိပြီ။
အဲ့ဒီလိုမထင်နဲ့ဗျ။
ပြန်လာခဲ့မှာပါ…။
မောင်ဗြိ..ဒီလောက်နဲ့ မဂိပါဘူး..ဆိုတာ..။

ဗြိတိသျှကိုကိုမောင်

  • TAGS