News

POST TYPE

SATIRE

ကြာသပတေးနံ အပြောင်းအလဲ
28-May-2017 tagged as YBS

“ကိုဗြိ...ကျွန်တော့်ကို နာမည်ပြောင်းပေးဗျာ”

ဦးမျိုးလင်း ရုတ်တရက် ပြောချလိုက်သော စကားကြောင့် ကျွန်တော်ပင် ကြောင်အမ်းအမ်း ဖြစ်သွားသည်။

ဦးမျိုးလင်းသည် ကျွန်တော်တို့လမ်းထိပ်မှ ဆိုက်ကားဆရာ။ အခု ကျွန်တော်သည် သူ့ဆိုက်ကားကိုစီးကာ ယောက်ျားတို့ ဝတ္တရားရှိသည့်အတိုင်း ဈေးမှ ဟင်းချက်စရာဝယ်ပြီး အပြန်ဖြစ်သည်။

“ဘယ့်နှယ် ဦးမျိုးလင်းရယ်...ကျုပ်က ခင်ဗျားကို နာမည်ပြောင်းပေးရအောင် ဗေဒင်ဆရာမှ မဟုတ်တာဗျ”
“ဟာ...ကိုဗြိရာ...ကိုဗြိက စာတွေ ဘာတွေရေးတဲ့ စာရေးဆရာဆို... စာရေးဆရာဆိုတော့ နာမည်လှလှလေးတွေ ဘာတွေပေးတတ်မှာပေါ့”

ခက်တော့ ခက်ချေပြီ။
ကျွန်တော်သည် မထော်မနန်း ပေါက်တတ်ကရတွေ ရေးသည့် စာရေးဆရာ ဆိုသည်ကို သူမသိ။

ကျွန်တော့်ဇာတ်လမ်းထဲမှ ဇာတ်ကောင်တွေ နာမည်ကလည်း ဟိုအချစ်စာရေးဆရာမလေးတွေလို လှလှပပမရှိ။
မြင်းမိုရ်သော်တာလဝန်းထွဋ်ဖျားတို့၊ တိမ်ဝဠာ အာကာမြင့်မားဧဝရက် စသည်ဖြင့် သိကြားမင်းဖင် သွားထိုးလောက်သည့် နာမည်မျိုးတွေလည်း ကြံကြံ ဖန်ဖန်တစ်ခါမှ မစဉ်းစားတတ်။
စူးစူးရှ၊ မိုက်မိုက်မင်း၊ ခေါင်ခိုက် စသော ဘာမှန်းမသိသည့် နာမည်အဆန်းတကြယ်ကြီးတွေဆို ဝေလာဝေး။

ကျွန်တော့် ဇာတ်ကောင်နာမည်တွေ ဖြစ်သည့် သန်းမြိုင်၊ ကုလားပိန်၊ ဘချိုတို့ကိုသာ သူသိသွားလျှင် ဒီလို နာမည်ပြောင်းခိုင်းမည်တောင် မဟုတ်။

“ဒါနဲ့ ဦးမျိုးလင်းက ဘာလို့ ဒီအရွယ်ကြီးကျမှ နာမည်ပြောင်းချင်ရတာတုံးဗျ”
“ဟိုကောင်လေးတွေပေါ့...ကိုဗြိရာ...ဂိတ်က ကောင်လေးတွေပေါ့...ကျွန်တော့်နာမည်ကို ပြောင်းပြန်လိုက်လိုက်ခေါ်ကြလို့”

ဟုတ်လည်း ဟုတ်သည်။ 
ကျွန်တော်ပင် သူ့နာမည်ကို ပြောင်းပြန်ပြန်ကြည့်ပြီး ခွိခနဲ ရယ်မိမတတ် ဖြစ်သွား၏။

တကယ်တော့ ဦးမျိုးလင်းသည် သူ့ဖောက်သည် ဖြစ်သော ကျွန်တော့်ကို ကိုဗြိဟု ကိုတပ်ကာ ခေါ်နေသော်လည်း သူ့အသက်မှာ ကျွန်တော့်အဖေထက်ပင် အတော်ကြီးနေသေးသည်။
ဦးမျိုးလင်း၏ အသက်မှာ ခြောက်ဆယ့်ငါးနှစ် ကျော်ပေပြီ။ ခြောက်ဆယ့်ငါးနှစ် ကျော်နေသော အဘိုးအို နင်းသည့် ဆိုက်ကားကို အခန့်သား လိုက်စီးသော ကျွန်တော့်ကို လူသားချင်း မစာနာသူကြီးဟု ခေါင်းစဉ်တပ်ကြမည် ဆိုလျှင်လည်း ခံရရုံသာပဲ ရှိတော့သည်။

သို့သော်လည်း ဦးမျိုးလင်းအကြောင်းကို ကျွန်တော် သေချာပြောပြလိုက်လျှင် ကျွန်တော့်အလွန် မဟုတ်သည်ကို စာဖတ်သူ သိပါလိမ့်မည်။

ကျွန်တော်နှင့် ဦးမျိုးလင်း စဆုံသည်မှာ လွန်ခဲ့သည့် နှစ်နှစ်ကျော်ကတည်းက ဖြစ်သည်။ ထိုစဉ်က ကျွန်တော် အိမ်ထောင်မကျသေး။ မြို့ထဲတွင် သူငယ်ချင်းတွေနှင့် သောက်စားပြီး ကျွန်တော်ပြန်လာချိန်မှာ အမြဲလိုလို မိုးချုပ်တတ်သည်။ ပြန်လာလျှင်လည်း အိမ်သို့ တန်းမပြန်သေးဘဲ ဆင်မင်းဈေးထဲမှ ထမင်းကြော်ဆိုင်တွင် ထမင်းကြော် ဝင်စားပြီးမှ အိမ်ပြန်သည်။

ကျွန်တော့်အကျင့်ကလည်း တစ်မျိုး။ လစ်မစ်လွန်သွားလျှင် ထမင်းကြော်ဆိုင်မှ ဆယ်မိနစ်ခန့် လျှောက်ရသောလမ်းကို ခြေလျင်လျှောက်ပြန်နိုင်သည်။ ဝေတေဝေတေနှင့် လမ်းမီးတိုင်များကို ရေတွက်ကာ သီချင်းလေးတအေးအေး လမ်းလျှောက်ရသည့် အရသာက ဘာနှင့်မျှ မလဲနိုင်။

အဲ...လစ်မစ်သိပ်မပြည့်လျှင်တော့ ထမင်းစားပြီးတာနှင့် လမ်းမလျှောက်ချင်တော့။

ထိုနေ့က လစ်မစ်မပြည့်လာသဖြင့် ကျွန်တော်နှင့် ဦးမျိုးလင်း ဆုံဖို့ အကြောင်းဖန်လာခြင်းပင်။

ထမင်းကြော်ဆိုင်မှ ကျွန်တော်ထွက်လာပြီးနောက် ဆိုက်ကားငှားစီးပြီး ပြန်ရန် ဆိုက်ကားရှာသည်။ အချိန်ကား ညတစ်နာရီပင် အတော်ကျော်နေပြီ ဖြစ်သည်။ လမ်းပေါ်တွင် ဆိုက်ကားတစ်စီးမှ မရှိ။ ထိုအချိန်တွင် ကျွန်တော့်ရှေ့ဆီမှ ဆိုက်ကားတစ်စီး နင်းလာသည်ကို တွေ့ရသည်။ ဆိုက်ကားဆရာသည် အရောင်ပြယ်ပြီး ဖြူဖြဲဖြဲပင်ဖြစ်နေသော တီရှပ်အနက်၊ တီရှပ်မှာလည်း နှင်းဆီပန်းပုံ စတေကာကြီး ပါသေးသည်။ အောက်ကလည်း အနားတွေ ဖွာလန်နေသော ဂျင်းဘောင်းဘီကွာတားနှင့်။ ဆံပင်ရှည်ကို စည်းထားသေးသည်။ မသိလျှင် ကွယ်လွန်သူ အဆိုတော် ကိုဃကြီး ခေါ် ဟယ်ရီလင်း စတိုင်လ်မျိုး။

“ဆိုက်ကား...အားလား”
“အားတယ်...အစ်ကိုလေး...ဘယ်သွားချင်လဲ”
“ဌာနလမ်းကိုဗျာ”

ဆိုက်ကားပေါ် ကျွန်တော်တက်ပြီးမှ ဆိုက်ကားဆရာကို သေချာကြည့်မိသည်။ ဝတ်ထားသည်ကသာ ရော့ခ်အဆိုတော်လိုလို ဘာလိုလိုနှင့် မျက်နှာကိုကြည့်တော့ အတော်ကို အသက်ကြီးနေပြီ ဖြစ်ကြောင်း သိသာနေသည်။

ဆိုက်ကားပေါ်ထိုင်ရင်း စပ်စုမိသည်။

“အဘ ဆိုက်ကား မသိမ်းသေးဘူးလားဗျ”
“အခု သိမ်းလာတာဗျ...အခုပဲ ပြန်တော့မလို့..အစ်ကိုလေးကို လမ်းကြုံလို့ တင်လာတာ”
“အဘက ဘယ်ကိုပြန်မှာတုံး”
“သခင်မြပန်းခြံကိုပြန်မှာ။ ဒါနဲ့ အဘ အဘနဲ့ မခေါ်စမ်းပါနဲ့ အစ်ကိုလေးရယ်... ကျွန်တော့်နာမည် မျိုးလင်းပါဗျ... ဘယ့်နှယ် အခုမှ မိန်းမရထားတာ ပူပူနွေးနွေး ရှိသေးတယ်”

ကျွန်တော် ဟင်ခနဲ ဖြစ်သွားသည်။

ဘယ့်နှယ်... ဒီအဘိုးကြီးက အခုမှ မိန်းမရတာ ပူပူနွေးနွေးတဲ့။

“သြော်...အဘ အဲ ဦးမျိုးလင်းက ဒီအရွယ်ရောက်မှ စွံတာကိုး...ဟားဟား”
“မရယ်နဲ့ ကိုယ့်ဆရာ...အခု ယူထားတာလေးက ...ခြောက်ယောက်မြောက်ဗျ... ၂၄ နှစ်ပဲ ရှိသေးတယ်”

ဒီတစ်ခါလည်း ကျွန်တော့်မှာ ဟိုက်ခနဲ ဖြစ်သွားပြန်သည်။

ကျွန်တော်နှင့် ဦးမျိုးလင်းတို့ စတင်တွေ့ဆုံမှုမှာ ထိုသို့ဖြစ်သည်။

နောက်ပိုင်း ဆိုက်ကားဂိတ်တွင် ဦးမျိုးလင်းအကြောင်း မေးကြည့်တော့မှ ပိုပြီး အပြည့်အစုံ သိရပြန်သည်။

ဦးမျိုးလင်းသည် ဆိုက်ကားဂျစ်ပစီကြီး ဖြစ်သည်။ ဦးမျိုးလင်းတွင် ချစ်စရာကောင်းသည်က ကျွန်တော်တို့ထက် အသက်များစွာ ကြီးသော်လည်း လူငယ်များကို နာမည်ရှေ့တွင် ကို၊ ဦး စသည်ဖြင့် တပ်ခေါ်ပြီး စကားပြောရာတွင်လည်း ခင်ဗျား၊ ကျွန်တော် စသဖြင့်သာ သုံးနှုန်းတတ်သည်။ ဦးမျိုးလင်းသည် ကြည့်မြင်တိုင်၊ အလုံတစ်ဝိုက် တွင်ကျင်လည်ပြီး ဆိုက်ကားပေါ်အိပ် ဆိုက်ကားပေါ် စားသည်။ အရက်ကလေးကလည်း မလွတ်၊ ဆိုက်ကားဂိတ်က အံစာဝိုင်းလည်း သူပါသည်။ 

လစဉ် ဆယ့်ငါးရက်နေ့နှင့် သုံးဆယ်ရက်နေ့တို့ နီးကပ်လာလျှင်တော့ ဦးမျိုးလင်းသည် လွယ်အိတ်ကလေး တလွယ်လွယ်နှင့် ဖြစ်လာပြီ။ လွယ်အိတ်ထဲတွင် ချဲဘောက်ချာစာအုပ်နှင့် ဘောပင်တစ်ချောင်းပါသည်။ သဘောကတော့ ဦးမျိုးလင်းသည် ချဲထီကိုလည်း ကော်မရှင် ယူရောင်းတတ်သေးသည် ဆိုသည်ပါပဲ။ ဒါတင်မက ဦးမျိုးလင်းသည် မိန်းမတွေကလည်း ခဏခဏယူသည်။ ခဏခဏကွဲသည်။

နောက်ဆုံးယူထားသည်မှာ သူ့မြေးလောက်ရှိသည့် ပျံကျဈေးသည် တစ်ခုလပ်မလေး။ ဒါလေးက သူ့ရဲ့ ခြောက်ယောက်မြောက်လေးတဲ့။

ဈေးရောင်း ဈေးဝယ် ဆိုက်ကားငှားရင်း ငြိသွားကြခြင်းတဲ့။ အခုတော့ ဦးမျိုးလင်းက ကောင်မလေး အိမ်မှာနေသည်တဲ့။

ကျွန်တော့်မှာ နောက်ပိုင်း ဦးမျိုးလင်းကို အထင်မသေးရဲတော့။

ကဲ...အခု ဦးမျိုးလင်းက နာမည်ပြောင်းပေးဖို့ ပြောလာပြန်ပြီ။ ကျွန်တော် ဘယ့်နှယ်လုပ်ရမတုံး မိတ်ဆွေ။

“ဦးမျိုးလင်းရယ်... တစ်သက်လုံး ဒီနာမည်နဲ့ နေလာတာ အသက်တွေလည်းကြီးပါပြီ... မပြောင်းပါနဲ့တော့... ဟိုကောင်တွေ မနောက်အောင်လည်း ကျွန်တော် ကြည့်ပြောပေးပါ့မယ်”
“မဟုတ်ဘူး... ကိုဗြိရဲ့... ပြောင်းမှဖြစ်မယ်...ကျွန်တော့် ဒီနာမည်ကြီးက မကောင်းဘူးလို့ ထင်နေတယ်...ကိုဗြိ စဉ်းစားကြည့်ဗျာ...ကျွန်တော့်ဘဝတစ်လျှောက်လုံး ဆိုက်ကားတစ်စင်းနဲ့ လမ်းဘေးမှာနေ လမ်းဘေးမှာအိပ်တယ်...အချစ်ရေးကျတော့လည်း ကိုဗြိမြင်တဲ့အတိုင်း ကံမကောင်းခဲ့ဘူး”

အဲ့ဒါသာကြည့်တော့။

မိန်းမခြောက်ယောက် ယူဖူးသည့်သူက အချစ်ရေး ကံမကောင်းဘူး ညည်းနေတော့ မိန်းမ မရသေးသည့် ကျွန်တော့်မှာ ဘယ်နားနေရမှန်းမသိ။

“မိန်းမတွေ ယူလိုက်၊ ကွဲလိုက်နဲ့ ဒီအရွယ်ကျတော့ တည်တည်ငြိမ်ငြိမ် ဖြစ်ချင်ပြီဗျာ...အခု အိမ်က ဟာမလေးနဲ့လည်း အတည်တကျလေး တစ်သက်လုံး ပေါင်းသွားချင်တယ်... ဆေးပေးမီးယူလိုပြီ ကိုဗြိ...ကျွန်တော် အခုလို မတည်မငြိမ် ဖြစ်နေတာ့ ဒီနာမည်ကြီး စီးနေလို့ဖြစ်မယ် ထင်တယ်ဗျ... ခင်ဗျား ကျွန်တော့်ကို နာမည်တစ်ခုတော့ ပြောင်းပေးဗျာ...နာမည်ပြောင်းလိုက်ရင် ကျွန်တော်လည်း အရင်လိုမဟုတ်ဘဲ ပြောင်းလဲသွားမှာ သေချာတယ်။ အဲ...ကျွန်တော်က ကြာသပတေးသား ဆိုတော့ ကြာသပတေးနံပါအောင်တော့ မှည့်ပေး”

ကျွန်တော် စဉ်းစားရပြီ။
မစဉ်းစားလို့ မဖြစ်။

စကားတပြောပြောနှင့် နင်းလာလိုက်သည်မှာ ကျွန်တော့်အိမ်ပင် အတော်ကျော်သွားချေပြီ။ သူ့ကို နာမည်ပြောင်းမပေးလို့ စိတ်ဆိုးပြီး ဆိုက်ကားပေါ်က ဆင်းဆိုလျှင် အိမ်ကို ခြေလျင်လျှောက် ပြန်ရသည်မှာ မသက်သာ။

“ဒီလိုလုပ်ဗျာ...ဦးမျိုးလင်းကြီးက ခေတ်ဆန် ဆန်နေတတ်တော့ ဘိုဆန်တဲ့ နာမည်ပေးလိုက်မယ်...ကြာသပတေးနံဆိုတော့ မိုက်ကယ်ဗျာ...မိုက်ကယ်လင်း ကဲ... ဒါဆို မမိုက်လား”
“မိုက်ကယ်လင်း...မိုက်ကယ်လင်း...ဟာ...မိုက်တယ်...မိုက်တယ်...ကိုဗြိ”
“ကဲ...ကဲ...ဦးမိုက်ကယ်လင်း နာမည်ရပြီဆိုလည်း ကျွန်တော့်ကို အိမ်ပြန်ပို့ပါဦး...အိမ်တောင် တော်တော်ကျော်လာပြီ”
“ဟာ...ဟုတ်သား...ကိုဗြိရေ...စိတ်ချ စိတ်ချ... မိုက်ကယ်လင်းက အိမ်အရောက်ပြန်ပို့ပေးမှာ”

ထိုနေ့က ဦးမျိုးလင်း တစ်ဖြစ်လဲ မိုက်ကယ်လင်းကြီးသည် အပျော်လွန်ပြီး ကျွန်တော့်ထံမှ ဆိုက်ကားခပင် မတောင်းသွားခဲ့။

နောက်သုံးလေးရက်အကြာတွင်တော့ ကျွန်တော် ဈေးသို့အသွား ဆိုက်ကားဂိတ်တွင် သတင်းတစ်ခု ကြားရတော့သည်။

“ကိုဗြိရေ...ခင်ဗျား နာမည်ပြောင်းပေးလိုက်တဲ့ မိုက်ကယ်လင်းကြီး ဟိုတစ်နေ့က လမ်းပြောင်းပြန် မောင်းလာတဲ့ YBS ကားနဲ့ တိုက်မိပြီး ဆေးရုံတင်ထားရတယ်ဗျာ”

“ဟင်...ဒါဆို သတင်းလေး ဘာလေး သွားမေးဦးမှပဲဗျာ”
“သွားမေးလိုက်ပါဗျာ...ခင်ဗျားက သူ့အမည် ပေးဆရာပဲ...သူ့ခမျာ လူနာရှင်တောင် မရှိရှာဘူး”
“ဟမ်... သူ့ခြောက်ယောက်မြောက်လေးက ဘယ်ရောက်သွားလို့တုံး”
“သူဆေးရုံတက်နေတုန်းပဲ ဈေးထဲက အမဲသား တုတ်ထိုးသည် ကိုလှဆိုင်နဲ့ လိုက်ပြေးသွားပြီလေဗျာ”
“ဟာ...”

ကျွန်တော့်မှာ ဟာသာ ပြောနိုင်တော့၏။
ဘယ့်နှယ် ကြာသပတေးနံ မျိုးလင်းမှ ဗြိတိသျှလို နာမည်ပြောင်းထားသည့် မိုက်ကယ်လင်းကို ကြာသပေတေးနံ မထသမှ ဗြိတိသျှနာမည် ပြောင်းထားသည့် YBS ကားက လမ်းပြောင်းပြန်မောင်းပြီး ဝင်တိုက်မိသတဲ့။

အိမ်း... ဒင်းတို့ ကြာသပတေးနံတွေရဲ့ ကံကြမ္မာကလည်း နာမည်သာ ပြောင်းသွားတာ လူတွေကတော့ အရင်လို ဒုံရင်းက ဒုံရင်းပါပဲလား။

ကျွန်တော့်မှာ ကြာသပတေးနံ ဦးမျိုးလင်းကြီးနှင့် မထသ တစ်ဖြစ်လဲ YBS အကြောင်း တွေးလို့မှ မဆုံးသေး။ သတင်းတစ်ခုက ဝင်လာပြန်သည်။

မဘသအဖွဲ့ကြီးကို ဆိုင်းဘုတ်တွေ ဖြုတ်ခိုင်းလိုက်ပြီတဲ့။

အလိုလေး...ဒါလည်း ကြာသပတေးနံပဲ။

ဒါဆိုရင် သူလည်း ဦးမျိုးလင်းတို့၊ မထသတို့လို နာမည်သာပြောင်းချင် ပြောင်းသွားမှာ ထင်ပါရဲ့။ သူ့ကျ ပါဠိလိုတွေ ဘာတွေဖြစ်ချင်ဖြစ်နေမှာ။

အလိုလေး... ကြာသပတေးနံတွေအကြောင်း တွေးနေမှ ကိုယ့်အကြောင်းလည်း ကိုယ်တွေးမိတယ်။

ကျွန်တော့် ကလောင်နာမည်ကလည်း ဗြိတိသျှ ကိုကိုမောင်တဲ့။ ကြာသပတေးနံပဲ။

 အခုတောင် သရော်စာရေးမိတဲ့ အမှုပွေပြီး ၆၆ (ဃ) နဲ့ တရားစွဲခံထားရတာကလား။

ဟာ...မဖြစ်ဘူး...ဒီကြာသပတေးနံကြီး အမြန်ပြောင်းမှ ဖြစ်ပါ။

ကိုင်း ဒီတော့....

ဒီနေ့ကစပြီး ကျွန်တော့် ကလောင်နာမည်ကိုလည်း ဗြိတိသျှကိုကိုမောင်ကနေ ချိုင်းနီးစ်ကိုကိုမောင်လို့ ပြောင်းလိုက်ပြီဗျိုး။

ဘာလို့လဲဆိုတော့။
တချို့က ချိုင်းနီးစ်ဆို ကြောက်ကြတယ်ဆိုလို့လေ ...ဟေဟေး။

ခြောက်ဆယ့်ခြောက်ဘေး ကင်းဝေးကြစေ တမုံး။ 

ဗြိတိသျှကိုကိုမောင်