News

POST TYPE

SATIRE

စာရေးဆရာ အစိုးရ
21-May-2017 tagged as ဆရာများ

ထိုနေ့တွင် ထိုနိုင်ငံကို စာရေးဆရာများက အာဏာသိမ်းလိုက်သည်။

မည်သည့်နေ့ ဆိုသည်ကို မဖော်ပြနိုင်။ အဘယ့်ကြောင့်ဆိုသော် စာရေးဆရာများကိုယ်တိုင် အာဏာသိမ်းနေရသဖြင့် ထိုနေ့ကို မှတ်တမ်းတင်မည့်သူ မရှိ။

မည်သည့်နိုင်ငံ ဆိုသည်ကိုလည်း မဖော်ပြနိုင်ခဲ့။ အထက်ပါ နည်းလည်းကောင်း စာရေးဆရာများ ကိုယ်တိုင် အာဏာသိမ်းနေရသဖြင့် သူတို့သိမ်းပိုက်သည့် နိုင်ငံအမည်ကို သူတို့ မှတ်တမ်းမတင်ခဲ့နိုင်။

တကယ်က လူလည်ကျတာလည်း ဖြစ်မည်။ 

အာဏာသိမ်းသည် ဆိုသည်မှာ လက်နက်အားကိုးဖြင့် မတရားအနိုင်ကျင့်ခြင်းဖြစ်ရာ စာရေးဆရာတို့မှာ သူတို့၏ မတရားမှုကို သမိုင်းမတွင်စေလိုသဖြင့် ဖြစ်တန်ရာ၏။

သို့ဖြင့် သမိုင်းတွင် မရှိသော ထိုရာဇဝင် ဖြစ်လာသည်ဟု မှတ်ကြကုန်။ (ဒါမှလည်း ဟိုပုဒ်မလွတ်မှာဟ)

အာဏာသိမ်းသည့်နေ့တွင် စာရေးဆရာများ စီးနင်းလာသည့် ကားကြီးများသည် ကဗျာတို၊ ကဗျာ ရှည်၊ ဆောင်းပါးတို၊ ဆောင်းပါးရှည်ကြီးများ၊ သရော်စာကြီးများကို ကားပတ်လည်တွင် အပြည့်အစုံ တပ်ဆင်ကာ မြို့တွင်းလမ်းများသို့ ရုတ်တရက် မောင်းဝင်လာကြသည်။

ကားပေါ်တွင်လည်း ပတ်ကားဖောင်တိန်၊ ရီနောဘောပင်၊ ခွေးတံဆိပ်ခဲတံ အစရှိသည်တို့ကို အသီးသီး ကိုင်ဆောင်လာသော လက်မရွံ့ စာရေးဆရာများ ပါလာကြသည်။

ထိုအချိန်တွင် အာဏာရှင် စာရေးဆရာများကို ဆန့်ကျင်ရန် ပြည်သူများသည် လမ်းပေါ်သို့ အသီးသီး ထွက်လာကြသည်။

စာရေးဆရာများသည် အပြစ်မဲ့ ပြည်သူများအား စကားလုံးများ၊ ကာရန်များ၊ သီအိုရီများဖြင့် ပစ်ခတ်ကာ ဖြိုခွင်းကြလေသည်။

ပြည်သူများမှာ စာရေးဆရာများ၏ ရက်စက်သော ဖြိုခွင်းမှုများကြောင့် အသီးသီး နောက်ဆုတ်သွားကြ၏။

ထိုညနေတွင် ရုပ်မြင်သံကြားမှာ မိန့်ခွန်းတစ်ခု လာလေသည်။

“ဟေ့...စာရေးဆရာဆိုတာ စာရေးရင် လက်နဲ့ရေးတယ်၊ ခြေထောက်နဲ့ မရေးဘူး... နောင်ကို ဒီလို လူစုလူဝေးနဲ့ ဆူမယ် ပူမယ် ဆွဲမယ် ဖြဲမယ် ဆိုရင်တော့ စာမူခ စုပေးဖို့သာ ပြင်ထားကြတော့”
ထိုအခါ ပြည်သူအများမှာ နာလိုခံခက် ဖြစ်ကုန်ကြလေသည်။

“စာရေးဆရာတွေ လူပါးဝတယ်ကွာ... စာမူခ ပေးဖို့ပြင်ထား ဆိုတာက တို့ကိုပြောရမှာ မဟုတ်ဘူး...သူတို့က စာရေးဆရာ...စာရေးဆရာတွေကို ပုန်ကန်ပြီး စာမူခနည်းနည်းပဲ ပေးတဲ့ ထုတ်ဝေသူတွေနဲ့ အယ်ဒီတာတွေကို ပြောရမှာ အခုတော့ကွာ...တောက်”

ပြည်သူအများက ထိုတောက်ကို ကျယ်ကျယ်မခေါက်ရဲ။ အဘယ့်ကြောင့်ဆိုသော် ရပ်ကွက်တိုင်းတွင် စာရွက်နှင့် ဘောပင်ကိုင်ထားသော စာရေးဆရာများကို အစောင့်ချထားသောကြောင့်ပင်။

သင်းတို့ကား... မထင်လျှင် မထင်သလို ဝင်ရေးသွားနိုင်သော စာရေးဆရာများ မဟုတ်ပါလား။

လူအများ ဖိမ့်ဖိမ့်တုန်အောင် ကြောက်ရွံ့ရသော စာရေးဆရာ အစိုးရသည် နိုင်ငံတော်၏အာဏာကို ထိထိမိမိ ချုပ်ကိုင်မိပေပြီ။

ထိုသို့ ချုပ်ကိုင်မိသည်နှင့် တစ်ပြိုင်နက် ညနေခင်းများတွင် ရုပ်မြင်သံကြားများကို ဖွင့်လိုက်ပါက အောက်ပါ စာရေးဆရာ ချီတေးများကို ကြားရလေတော့သတည်း။

“အေ့...အေ့...ဂေ့...ဂေ့...ရေးရေးသလောက် တို့စာတွေသည် ပိုက်ဆံမရပြီ။ နိုင်ငံတော်အဆင့်အထိ မွဲနေသည်... တို့စာရေးဆရာ...အာပလာပါ...မွဲပြီးရင်း...မွဲနေသည်...”

သို့ကလိုနှင့် စာရေးဆရာတို့ အာဏာသိမ်းခဲ့လေပြီ။ စာရေးဆရာတို့ အာဏာရှင် ဖြစ်လေပြီ။
နိုင်ငံတော် စာရေးစာဖတ်ရေးကောင်စီကို စတင်ဖွဲ့စည်းလိုက်လေ၏။

နိုင်ငံတော် စာရေးစာဖတ်ရေးကောင်စီ ဖွဲ့စည်းပြီး မကြာမီပင် နိုင်ငံအနှံ့တွင် အောက်ပါအတိုင်း ရေးသားထားသော ဆိုင်းဘုတ်ကြီးများ စိုက်ထူလေတော့သည်။
“စာရေးဆရာ ပိုက်ဆံရှိမှ စာရေးဆရာကတော် ဈေးဖိုးရှိမည်”
“စာရေးဆရာသည် ထုတ်ဝေသူကို ဘယ်တော့မှ မျက်နှာမလုပ်”

ဒါတင်မကသေး ...

နိုင်ငံတော်အတွင်းရှိ မြေလွတ်မြေ ရိုင်းမှန်သမျှအား စာရေးဆရာပိုင်နယ်အဖြစ် သိမ်းပိုက်ကာ စာကြည့်တိုက်များ တည်ဆောက်လေပြီ။

စာကြည့်တိုက်များ တည်ဆောက်ပြီးသည်နှင့် ပြည်သူများမှာ တစ်အိမ်တစ်ယောက်ကျ စာကြည့်တိုက်သို့ အလှည့်ကျသွားကာ စာဖတ်ရန် အမိန့်များ ထုတ်ပြန်လေသည်။

၎င်းအမိန့်ကို ဖတ်အားပေးလုပ်သည်ဟု ခေါ်ကြလေသည်။

မဖတ်နိုင်လျှင် ဒဏ်ကြေးအဖြစ် ဂန္ထဝင်ကဗျာ သို့မဟုတ် မော်ဒန်ကဗျာတစ်ပုဒ် ပေးဆောင်ရမည်ဖြစ်သည်။
“ဟဲ့... နင်တို့အိမ်က ဒီနေ့ ဘယ်သူမှ စာကြည့်တိုက်ကို ဖတ်အားပေးမသွားကြဘူးလား”
“အလုပ်မအားလို့ပါ ဥက္ကဋ္ဌကြီးရယ်...ကျွန်မတို့ ကဗျာပေးပါ့မယ်”
“အေးအေး...ဒါဆိုလည်း ညနေအမီ လာပေးဟေ့... မဟုတ်ရင် သိတယ်မဟုတ်လား... ဆောင်းပါး ထောင်အချခံရမယ်”

ဆောင်းပါးထောင် အချခံရမည်ကိုတော့ ပြည်သူများက အသေကြောက်ကြသည်။

ဆောင်းပါးထောင် ဆိုသည်မှာ ထိုနိုင်ငံအတွင်း ပြစ်မှုကျူးလွန်သူများကို အပြစ်ပေးသည့်နေရာ ဖြစ်သည်။ အလွယ်ပြောရလျှင် လူတစ်ဦးအား အခန်းတစ်ခုအတွင်းသို့ ထည့်ကာ သူမဖတ်ချင်သည့် ဆောင်းပါးများကို အတင်းအကျပ် ဖတ်ခိုင်းခြင်း ဖြစ်သည်။

ဥပမာ - အရက်မူး ရမ်းကားသူတစ်ယောက်ကို ရမန်ကြီးတစ်ပတ် ဆောင်းပါးချအရေးယူလျှင် သူသည် အရက်မကောင်းကြောင်းကို ရေးထားသည့် ဆောင်းပါးများထားသော အခန်းအတွင်း ထည့်ကာ ရမန်ကြီး တစ်ပတ်လုံးလုံး ထိုဆောင်းပါးများအား ပြီးဆုံးအောင် ဖတ်ရမည် ဖြစ်သည်။ ဖတ်ပြီးမပြီးကို ဆောင်းပါးထောင်အတွင်းမှ ဝန်ထမ်းများက စိစစ်မည်။ ဖတ်မပြီးလျှင် ထို့ထက် ပိုမိုပြင်းထန်သော ပျို့တိုက်အတွင်းသို့ ထည့်လိုက်မည် ဖြစ်သည်။

ပျို့တိုက်ဆိုသည်မှာ ရှေးခေတ်ယဉ်ကျေးမှုဆိုင်ရာ ပျို့ကဗျာများ ထားသည့်တိုက်ဖြစ်ပြီး အကျဉ်းသားများ အထူးကြောက်ရွံ့ကြသည်။ ဆောင်းပါးထောင်တွင် ဆောင်းပါးများ ပြီးအောင်မဖတ်ဘဲ ငြင်းပယ်လျှင် ပျို့တိုက်သို့ထည့်ကာ ပျို့များဖတ်ခိုင်းပြီး ညှဉ်းဆဲသည့် နေရာ။

ထို့ကြောင့် ဆောင်းပါးအပြင် ပျို့မရှိဟူသော စကားပင် ခေတ်စားလာသည်။

ပြည်သူအများကို ထို့နှယ်နည်းအစုံစုံဖြင့် ဖိနှိပ်ထားသော စာရေးဆရာ အစိုးရအပေါ် ဆန့်ကျင်သူများလည်း ရှိသေး၏။ သူတို့ကား အာဏာရှင်စာရေး ဆရာတို့အပေါ် ခါးခါးသီးသီး ရွံမုန်းကြသည်။ ထိုဆန့်ကျင်သူများကား အာဏာရှင် စာရေးဆရာ အစိုးရ ပြုတ်ကျရေးအတွက် စာအုပ်များကို တကယ်မဖတ်ဘဲ ဖတ်ချင်ယောင်ဆောင်သည့် မြေပေါ်နည်းဖြင့် တစ်နည်း၊ မည်သည့်စာမှ မပါသည့် စာအုပ်များကို ဖတ်ပြပြီး စာဖတ်ချင်ယောင်ဆောင်သည့် မြေအောက်နည်းဖြင့် တစ်သွယ် ဆန့်ကျင်ကာ ကြံစည်ကြ၏။

ထိုအခါ ပါးနပ်လှစွာသော အာဏာရှင်စာရေး ဆရာအစိုးရသည် ဆန့်ကျင်ပုန်ကန်သူတို့အား ဖမ်းဆီးရန်အတွက် အမျိုးသားစာမဖတ်ဖမ်းရေးအဖွဲ့ကို ဖွဲ့စည်းထားလေသည်။

ထိုအဖွဲ့ကြီးကား စာရေးဆရာအစိုးရကို ဆန့်ကျင်သော မြေပေါ်မြေအောက် စာမဖတ်သူများကို လိုက်လံထောက်လှမ်း ဖမ်းဆီးလေသည်။

ဖမ်းဆီးရမိသူ အချို့အား စာပေဗိမာန်စာကြောရေးစခန်းသို့ ပို့ကာ ရက်ရက်စက်စက် စာဖတ်ခိုင်းခြင်းဖြင့် လူ့အခွင့်အရေး ချိုးဖောက်ကြလေသည်။

တစ်ခါတစ်ရံ တက်ကျမ်းစာအုပ်များ ဖတ်ခိုင်းသည်အထိ ရက်ရက်စက်စက် နှိပ်ကွပ်ကြလေ၏။

အာဏာရှင် စာရေးဆရာ အစိုးရသည် ထိုသို့ မြေပေါ်မြေအောက် အဖုံးအတွင်းသား စာမဖတ်သူများကို အသည်းအသန် လိုက်လံနှိမ်နင်းလေ၏။

ညအချိန်များတွင် မြို့အနှံ့တွင် စာအုပ်၊ စာပေများ အပြည့်တပ်ဆင်ထားသည့် ကားကြီးများ စောင့်ကြပ်နေကြသည်။

အချိန်မတော် လမ်းထွက်သူများမြင်လျှင် ဖမ်းခေါ်ကာ စာရေးဆရာများ၏ ရှေ့တန်းဆိုသည့် သတင်းစာတိုက်များသို့ ခေါ်သွားပြီး သရော်စာများကို အတင်းအကျပ် ဖတ်ခိုင်းလေ့ ရှိသည်။

ယင်းကို စတိုင်ရာဆွဲသည်ဟု ပြည်သူများက ခေါ်ဝေါ်ကြ၏။

စတိုင်ရာ ဆိုသည်မှာ သရော်စာအား အင်္ဂလိပ်လို ခေါ်တွင်ခြင်းပင်။

စာရေးဆရာအစိုးရက ညစဉ်ညတိုင်း စတိုင်ရာ ဆွဲနေသဖြင့် ပြည်သူများမှာ ညရေးညတာ အပြင်သိပ်မထွက်ရဲကြတော့။

သည်းခံလွန်းခဲ့သော အဖိနှိပ်ခံပြည်သူများသည် စတိုင်ယာဆွဲသည်အထိ ရက်စက်လာသော စာရေးဆရာ အစိုးရကို သည်းမခံနိုင်တော့။

ထို့ကြောင့် စာရေးဆရာ အစိုးရကို သပိတ်မှောက်သည့် အနေနှင့် စာမဖတ်ရေး လှုပ်ရှားမှုများကို စတင်လေတော့သည်။

ပြည်သူများသည် မျက်လုံးများတွင် အဝတ်များစည်းကာ လမ်းပေါ်ထွက်ကြကုန်၏။

စာရေးဆရာ အစိုးရကလည်း ကဗျာတို၊ ကဗျာ ရှည်၊ ဝတ္ထုတို၊ ၀တ္ထုရှည်၊ ဆောင်းပါးတို၊ ဆောင်းပါးရှည်၊ သရော်စာတို၊ သရော်စာရှည်များအပြင် နောက်ဆုံးပေါ် နိုင်ငံခြားဖြစ် ဘာသာပြန် အတွေးအခေါ် ကျမ်းကြီး များကို အော်လံဖြင့် ဖတ်ပြခြင်းဖြင့် ရက်ရက်စက်စက် လူစုခွဲကြလေသည်။

စာရေးဆရာ အစိုးရက အထူးအားထားရသည့် လက်ဖြောင့်ကဗျာဆရာများကလည်း အထပ်မြင့်တိုက်များပေါ်တွင် နိုင်ငံခြားဖြစ် ဆောင်းဘောက်စ်ကြီးများဖြင့် အသင့်နေရာယူကာ မော်ဒန်၊ ပို့စ်မော်ဒန်၊ နီယိုမော်ဒန်စ်၊ အယ်လ်ပီ အစရှိသော ကဗျာများဖြင့် ခေါင်းဆောင်များ ရှိရာသို့ ဖတ်ပြကြလေသည်။ 
ပြည်သူအများကလည်း နယ်ချဲ့လက် အသစ်စက်စက် အရှေ့နိုင်ငံများမှ အကူအညီပေးသည့် ဆိုရှယ်နက်ဝပ် လက်နက်များဖြင့် ဖေ့ဘွတ်တပ်ပေါင်းစုဖွဲ့ကာ ပြန်လည်ကာကွယ်ကြလေသည်။

နောက်ဆုံးတွင် နိုင်ငံအတွင်း စာရွက်များ ပလူပျံနေသော်လည်း ဖတ်မည့်သူမရှိ ဖြစ်ကုန်သည်။ ပြည်သူအများစုကလည်း ဆိုရှယ်နက်ဝပ်မှ စတေးတပ်စ်နည်းများဖြင့် တုံ့ပြန်မှု အားကောင်းလာသဖြင့် စာရေးဆရာအစိုးရမှာ တဖြည်းဖြည်း ဆုတ်ခွာရလေသည်။ အချို့စာရေးဆရာများလည်း ဖေ့ဘွတ်တပ်ဖွဲ့ဖြင့် ပူးပေါင်းသွားကြလေသည်။

နောက်ဆုံးတွင် ပြည်သူ့ဖေ့ဘွတ်တပ်ဖွဲ့ကြီးကား အောင်ပွဲနှင့် လက်တစ်ကမ်းအလိုသို့ ရောက်ရှိနေချေပြီ။

သို့သော်ငြား... ကော်နက်ရှင်ခေါ် တယ်လီဖုန်း အင်တာနက်လိုင်းများ မမိသဖြင့် ပန်းတိုင်သို့ ရောက်လုဆဲဆဲတွင်ပင်...စာရေးဆရာအဖွဲ့မှပင် ပေါက်ဖွားလာသည့် အခြားအင်အားကြီးအဖွဲ့မှ နိုင်ငံတော်၏ အာဏာကို ကျင်းထဲကျရန် လက်တစ်လုံးအလိုတွင် သိမ်းပိုက်ကာ ကယ်တင်လိုက်ပြန်ပါ၏။

အဆိုပါအဖွဲ့ကား...နိုင်ငံတော် စာပေဟောပြောရေးနှင့် လျှောက်သွားရေးကောင်စီ ဟူသတဲ့။

ဗြိတိသျှကိုကိုမောင်