News

POST TYPE

SATIRE

အရေးပေါ် လ.ဝ.က
14-May-2017 tagged as

ပူချက်ဗျာ။

ရာသီဥတုတင်မကဘူး။ ရပ်ကွက်ထဲမှာလည်း သူခိုးတွေကပူ။ ခွေးတွေကအူနဲ့။ ညညကောင်းကောင်း အိပ်ရတယ်ဖြင့် မရှိဘူး။ ညဘက်အိပ်ကောင်းခြင်း အိပ်မရလို့ နေ့လယ်နေ့ခင်း တစ်မှေးလောက် စက်မလား မှတ်တယ်။ အနှောင့်အယှက်က ပေါ်လာသကိုး။

ဘယ်သူကမှာတုံး။ ရပ်ကွက်ထဲက သန်းမြိုင်ဆိုတဲ့ ချာတိတ်လေ။

သန်းမြိုင်လား။ ဒီကောင်က ကျပ်မပြည့်တာလား၊ ကျပ်အပြည့်လွန်တာလား ဆိုတာ ပြောရခက်တဲ့ကောင်။ တစ်ခါတစ်ခါ သူစိတ်ကူးပေါ်ရာတွေ အမြီးအမောက်မတည့် လျှောက်လျှောက်ပြောတဲ့ငတိ။

ဟိုတစ်လောက လက်ဖက်ရည်ဆိုင်မှာ တွေ့တော့ပဲ ကြည့်လေ။ ဂျာနယ်ထဲက ဝါးတားတက္ကစီတွေ ပြေးဆွဲတော့မယ့် အကြောင်းဖတ်ပြီး ဘာမေးတယ်မှတ်တုံး။

“ဝါးတားတက္ကစီတွေ ဆွဲလာပြီဆိုရင် ရန်ကုန်တိုင်းအစိုးရအနေနဲ့ အဓိကလိုအပ်တာ ဘာလဲသိကြလားဗျ”

ဒီကောင်က ခပ်တည်တည်နဲ့ မေးလိုက်တော့ တစ်ဆိုင်လုံး ငြိမ်ကျသွားတယ်။
အဲ့ဒီတော့မှ သူက ဖြေတာ။ ဘာတဲ့။

“မှတ်ထားဗျ... ရေကြောင်းမှာ တက္ကစီဆွဲမယ်ဆိုရင် ရေလမ်းကိုရှင်းဖို့ ရေတော်ပီကယ်တွေ လိုတယ်” တဲ့။

တော်သေးတယ်။ တကယ်လို့ ရန်ကုန်တိုင်း ဝန်ကြီးချုပ်သာ လေကြောင်းတက္ကစီဆိုပြီး ဆွဲရင် ဒီကောင် သန်းမြိုင်ကလည်း လေတော်ပီကယ်တွေ ခန့်ချင် ခန့်နေမှာ။

အခုလည်း ကိုယ်က နေ့လယ်နေ့ခင်း ဇိမ်ယူမလို့ပါဆို... အိမ်ပေါ်တက်ပြီး ဘေးနား ငုတ်တုတ်လာထိုင်တယ်။

“ကိုကြီးဗြိ...ကိုကြီးဗြိ...ဘာလုပ်နေတာတုံး”
“တစ်ရေးလောက်...အိပ်မလို့ဟ”

“မအိပ်ပါနဲ့ဦးဗျာ...ကျွန်တော့်ကို တစ်ခုလောက် ကူညီပါဦး”
“ဘာတုံး...ဟ...မင်းဟာက”

“ဒီလို ကိုကြီးဗြိရ...အခု ကုလားပိန်က စည်ပင်အမှိုက်သိမ်းကားမှာ အလုပ်ရသွားပြီ... ဒီကောင် အစိုးရဝန်ထမ်း ဖြစ်သွားပြီဗျ”
“အေး...အဲ့ဒါ ဘာဖြစ်တုံး”
“ဟိုတစ်နေ့က လှလှချော အမေကြီးတော်ပုက ဈေးထဲမှာ ပြောနေတယ်... အစိုးရဝန်ထမ်းဆိုတာ ပင်စင်တွေ ဘာတွေရချင်ရမှာမို့ နောင်ရေးစိတ်အေးရတယ်တဲ့... သူ့ကြည့်ရတာ ကုလားပိန်ဝန်ထမ်း ဖြစ်သွားတာကို ပြောတာထင်တယ်”

“အေး... အဲ့ဒီတော့ ဘာဖြစ်တုံး”
“ဟာ... ကိုကြီးဗြိကလည်း ကျွန်တော်နဲ့ ကုလားပိန်ဆိုတာ အစဉ်အလာကြီးတဲ့ ရပ်ကွက်ခံ မဟာပြိုင်ဘက်တွေ ဆိုတာ သိရဲ့သားနဲ့”

အလိုလေး... လာလာချည်သေး။
ဟုတ်တော့လည်း ဟုတ်သဗျ။ 

သန်းမြိုင်နဲ့ ကုလားပိန်ဆိုတာ ကိုယ်တွေရပ်ကွက် ထဲမှာတော့ ငယ်ငယ်ကတည်းက မတည့်အတူနေ ပြိုင်လာခဲ့တဲ့ အကောင်တွေ။ အခုလည်း ဈေးထိပ်မှာ ဘူးခွံကောက်တဲ့ လှလှချောဆိုတဲ့ ကောင်မလေးကို အပြိုင်ပိုးနေကြတာ။ နှစ်ကောင်လုံး အလုပ်မရှိ ဝေလေလေကနေ ကုလားပိန်က စည်ပင်အမှိုက်ကားမှာ အလုပ်ရသွားပြီ ဆိုတော့ ဒီကောင် သန်းမြိုင် နောက်ကောက်ကျပြီပေါ့။

“ကိုကြီးဗြိက မြို့ထဲတွေ ဘာတွေ ခဏခဏသွားတယ် မဟုတ်လား... ဒီတော့ အသိတွေဘာတွေ ရှိမှာပေါ့... ကျွန်တော် ဝန်ထမ်းလုပ်ချင်လို့ စုံစမ်းပေးစမ်းပါ”
“ဟေ... မင်းက ဝန်ထမ်းလုပ်မယ်”
“ဟုတ်တယ်... လုပ်ပါဗျာ... ဘာဖြစ်ဖြစ် အစိုးရဝန်ထမ်း ဖြစ်ရင်ပြီးရော”
“မင်းက ပညာအရည်အချင်း ဘယ်နှတန်းတုံး”
“တစ်တန်းစာမေးပွဲကို နှစ်ရက်ဝင်ဖြေဖူးတယ်လေဗျာ... သင်္ချာနေ့ကျတော့ ကျောင်းသွားမယ့် ဘတ်စ်ကားခကို ရေခဲချောင်း ဝယ်စားလိုက်တာနဲ့... မဖြေဖြစ်လိုက်လို့... ကျောင်းခဏနားထားတာ”

လုပ်ပြီ။ သန်းမြိုင်ဆိုတာ အဲ့ဒီလိုကောင်။
သူ့အသက်ကဖြင့် ဆယ့်ကိုး၊ နှစ်ဆယ်ထဲ ရောက်ပြီ။ တစ်တန်းစာမေးပွဲကို မဖြေဘဲ ကျောင်းခဏနားတာတဲ့။
သူ့ခဏက ဘယ်လောက်မှန်းမသိ။

“ဟေ့ကောင်ရာ...မင်းပညာအရည်အချင်းနဲ့ ဘယ်လိုလုပ် ဝန်ထမ်းလုပ်လို့ ရမှာလဲ”
“ဒါဆို...ကုလားပိန်ကျ စည်ပင်အမှိုက်ကားမှာ ဘာလို့ရလဲဗျာ”
“ဟ... သူတို့က အလုပ်ကြမ်းလုပ်တာကွ...အမှိုက်သိမ်းကားမှာ အမှိုက်သယ်တာ... ပညာအရည်အချင်းမလိုဘူး...မင်းလည်း အမှိုက်ကားမှာ လုပ်ချင်ရတာပဲ”
“ဟာ...အမှိုက်ကားမှာတော့ မလုပ်ချင်ဘူးဗျာ ...ဒီကောင့်ထက်သာမှဖြစ်မယ်...ဒီကောင့်ထက်သာတဲ့ ဝန်ထမ်းပဲ လုပ်ချင်တာ...လုပ်ပါ...ကိုကြီးဗြိ...ကူညီဗျာ”

ဒီအတိုင်းဆို ဒီအကောင်ဟာ အိမ်ပေါ်ကနေ ဆင်းတော့မှာ မဟုတ်။
“အေးပါကွာ...ငါမြို့ထဲက ရုံးတွေမှာ စုံစမ်းပေးပါမယ်...ပြီးရင်ပြောမယ်ကွာနော်”

ဒီတော့မှပဲ သန်းမြိုင်တစ်ယောက် အိမ်ပေါ်က ဆင်းသွားတော့တာ။
အဲ့ဒီလိုနဲ့ ကျွန်တော်လည်း ဒီကောင့်ကို မေ့မေ့ပျောက်ပျောက်ပါပဲ။

ကိုယ်ကလည်း ညညဆို သူခိုးပူလို့ အိမ်ပတ်လည်ထိ ကြည့်ရသေးဆိုတော့ အိပ်ရေးကပျက်။ နေ့ဘက်ဆို ထိုးအိပ်ဆိုတော့ ဒီကောင်နဲ့ အဆက်အသွယ်ပြတ်သွားတယ်။

သူခိုးကလည်း သတိမထားလို့ မရဘူးဗျိုး။

အခုခေတ် သူခိုးတွေက မလွယ်ဘူး။ ခိုးပြီးလို့ ခိုးထုပ်ခိုးထည်နဲ့ မိတာတောင်မှ အရစ်ကျစနစ်နဲ့ ပြန်ပေးတတ်ကြတာမျိုးလေ။

ဟိုတစ်ရက်ကတော့ ဘောလုံးပွဲရှိလို့ ညနေဘက် လက်ဖက်ရည်ဆိုင် ထွက်ထိုင်မိပါတယ်။

ကိုယ့်ဆရာ သန်းမြိုင်နဲ့ တန်းတိုးတာပဲဗျိုး။
“ကိုကြီးဗြိ...မကူညီလည်း ရပါတယ်...ကျွန်တော် အခုဝန်ထမ်းအလုပ် ရသွားပြီ”
“ဟေ... မင်းက...”
“မယုံလို့လား... ဒီမှာ... ယူနီဖောင်းတောင် ရလာပြီ”

သန်းမြိုင် ထုတ်ပြတဲ့ ယူနီဖောင်းကို ကြည့်ဦး။
တိုက်ပုံအနက်ပါတယ်၊ ကော်လာကတုံးအင်္ကျီ ပါတယ်၊ ယောပုဆိုးအနက်လည်း ပါတယ်။

“ဒါ... ဘာယူနီဖောင်းကြီးတုံး...သန်းမြိုင်ရယ်... ငါတော့ မင်းပြတဲ့ အရောင်မျိုး ဝန်ထမ်းထဲမှာ မတွေ့မိပါဘူး”
“ဟာ... ကိုကြီးဗြိကလည်း တုံးလိုက်တာ... ကျုပ်ဘာသာ ယူနီဖောင်းဝတ်ပြီး ဒီရပ်ကွက်ရဲ့ လဝက ရာထူးခန့်လိုက်တာ... လဝကဗျ...လဝက...လဝက တောင် ရိုးရိုးမဟုတ်ဘူး... အရေးပေါ်လဝက...ခဏနေတောင် ဧည့်စာရင်း သွားစစ်တော့မှာ”
“ဟိတ်ကောင်ရယ်... မရူးမကောင်းနဲ့ ကြည့်လည်းလုပ်ပါဦး”

“ဟာ...ကိုကြီးဗြိ...ကလည်း...ခင်ဗျားတယ် ညံ့သကိုးဗျ...ဖေ့ဘွတ်လေး ဘာလေးက သတင်းတွေ နားစွင့်လေဗျာ...ဟိုနေ့ညက ရန်ကုန်မြို့ထဲက ရပ်ကွက်မှာ ညဘက်ကြီး ဧည့်စာရင်းဝင်စစ်တဲ့ လဝကတွေက ဒီလို တိုက်ပုံအမည်းတွေ၊ ကော်လာကတုံးတွေ၊ ယောပုဆိုးတွေနဲ့ဗျ... အဲ့ဒီလို ဝတ်ထားရင် ရပ်ကွက်တွေထဲ ဧည့်စာရင်းဝင်စစ်လို့ ရတယ်ဗျ... ဒါတောင်မသိဘူးလား”

“ဟာ... ဒီကောင်နဲ့တော့ ခက်နေပြီ...နို့...မင်း က ဒါတွေဝတ်ပြီးရင်ရော ဘယ်ကို ဧည့်စာရင်း သွားစစ်မှာတုံး”

“ဟဲ...ဟဲ...ဟိုကောင်လေ...ဟိုကောင် ကုလားပိန်တို့အိမ်မှာ ဧည့်စာရင်းမတိုင်ထားတဲ့ ဧည့်သည်တွေ ရောက်နေတယ်ဆိုလို့ သွားစစ်မလို့...ဘာရမလဲ...သန်းမြိုင်ကွ...သန်းမြိုင်”

အလိုလေး... ဆရာမင်းလူရဲ့ ကဗျာထဲကလို ဘာတွေဖြစ်ကုန်ပြီလဲ... ဘာတွေဖြစ်ကုန်ပြီလဲလို့ ထအော်ချင်စိတ်တောင်ပေါက်သွားမိတယ်။

နေကလည်းပူ... လူကလည်း ရောဂါအခံလေး ရှိတော့ သန်းမြိုင်တစ်ယောက် လဝက ရောဂါထတဲ့ ကိစ္စက ပြောရအခက်သားလား။
အင်း... မရူးမကောင်းလေးဆိုတော့ ပြောရ လည်း အခက်သားလားဗျာ။

ဗြိတိသျှကိုကိုမောင် 

  • TAGS