News

POST TYPE

SATIRE

ငရဲမင်းနှင့် နွားလှည်းဥပဒေ
07-May-2017 tagged as

ရှစ်ထပ်သော ငရဲဖက်ဒရေးရှင်းအား အုပ်စိုးသူ ယမမင်းကြီးသည် သူ၏ ရုံးတော်အတွင်း ထိုင်လျက် Aweseed 6 တံဆိပ် ဖုန်းအပြားလေးကို ပွတ်ရင်း ငရဲပြည်သုံး လူမှုကွန်ရက် ဖြစ်သည့် Footbook ပေါ်မှ သတင်းတစ်ပုဒ်ကြောင့် မျက်လုံးပြူး မျက်ဆန်ပြူး ဖြစ်နေလေသည်။

သတင်းကား အခြားမဟုတ်။

ငရဲသနင်း ယမမင်းကြီးသည် မကြာမီတွင် ရာထူးမှ နုတ်ထွက်မည်ဟူသည့် သတင်းပင် ဖြစ်သည်။

“ဟေ့...ရောရုဝ...ရောရုဝ လာစမ်းပါဦး...လာစမ်းပါဦး”

ယမမင်းကြီး၏ ပီအက်စ်အို ခေါ် ကိုယ်ရေးအရာရှိ ဖြစ်သည့် ရောရုဝသည် ရုံးခန်းအဝတွင် ငရဲစာရေးမလေးများနှင့် အာလူးဖုတ်နေရာမှ ယမမင်းကြီး၏ ရုံးခန်းအတွင်းသို့ အပြေးဝင်ရောက်သွားသည်။

“ဘာခိုင်းစရာများ ရှိလို့ပါလဲ...အဘ”
“ဘာမှခိုင်းစရာ မရှိဘူး...ဒီမှာကြည့်စမ်း...ငါ ရာထူးကနေ နုတ်ထွက်တော့မယ်တဲ့... Footbook ပေါ် တင်ထားတာ... လခွမ်းတည့်မှ... ငါနုတ်ထွက်မယ်ဆိုတာ ငါ့ဟာငါတောင် မသိရပါလား... ပြောစမ်း အဲ့ဒါ ဘယ်လိုဖြစ်တာတုံး”

ရောရုဝသည် ယမမင်းကြီး ထိုးပြသော ဖုန်းသတင်းကို မျက်မှောင်ကြုတ်ကြည့်ပြီးနောက်
“သြော်...အဘရယ်...ကောလာဟလတွေပါ...အဘရဲ့...ဒါ...ကျွန်တော်တို့ ငရဲပြည်ကို မတည်မငြိမ် ဖြစ်နေချင်တဲ့လူတွေ လုပ်ရပ်ပါ... နိုင်ငံရေးပယောဂတွေပါ...အဘရဲ့”

“အေး...အေး...ကောလာဟလတွေ ဆိုရင်လည်း ပြီးတာပါပဲကွာ...ဘယ့်နှယ်...ဒီသတင်းကို ယုံပြီး လိုက်ခ်လုပ်တဲ့လူတွေ၊ ကွန်မန့်ပေးတဲ့လူတွေက မနည်းဘူးဟေ့... ငါတောင် ရောယောင်ပြီး လိုက်ခ်ပေးလိုက်သေးတယ်...နောက်တော့မှ ငါနုတ်ထွက်မယ်ဆိုတဲ့သတင်း ဖြစ်နေတာကိုးဟ...မင်းတို့ဟာ တွေက...ဘာတွေမှန်း မသိဘူး”

ရောရုဝသည် ယမမင်းကို အရိုအသေပြုကာ အခန်းတွင်းမှ အသာထွက်ရန် ပြင်လိုက်စဉ်...
“ဟေ့...ဟေ့...ရောရုဝ...ဒီမှာ...ဒီမှာ...လာကြည့်ပါဦးကွ... ငါတို့ အဝီစိဘဏ်ကြီး ဒေဝါလီခံတော့မယ်တဲ့ဟ...ဘယ်လိုဖြစ်တာတုံး...ငါ့ရှိစုမဲ့စု ငရဲဒေါ်လာလေးတွေ သွားပြေးထုတ်ထားမှပဲ”

ရောရုဝသည် အခန်းဝမှပင် ပြန်လှည့်လာရ၏။

“ဒါလည်း ကောလာဟလတွေပါ အဘရယ်... ငရဲပြည်ကို မတည်ငြိမ်စေချင်တဲ့သူတွေ အကွက်တွေ ပါလေ... နိုင်ငံရေးပယောဂတွေပေါ့...အဟဲ”

“ဟဲ့...ရောရုဝရဲ့ နင့်ဟာ လာပြန်ပလား နိုင်ငံရေးပယောဂ...မင်းတို့ဟာကလည်း လူ့ပြည်က ဟိုးအရင် ဘဘဗိုလ်ချုပ်ကြီးတွေ အစိုးရလိုပဲ တစ်ခုခု ဖြစ်တာနဲ့ ပြည်တွင်းပြည်ပမှ အဖျက်သမားများ၏ ပယောဂကြောင့်ဆိုပြီး လုံးချလိုက်တာကိုး...ဒါလည်း ကောလာဟလပဲ ဆိုတော့...အင်း...တို့ပြည်ကို ငရဲပြည်လို့ မခေါ်ဘဲ ကောလာဟလပယောဂပြည်လို့သာ ပြောင်းလိုက်ချေတော့ကွယ်...လခွ... တယ်ခက်တဲ့ ဟာတွေပေပဲ”

ရောရုဝက ယမမင်းအား ဒုတိယအကြိမ်မြောက် အရိုအသေပြုကာ ပြုံးစိစိဖြင့် အခန်းတွင်းမှ ထွက်သွားလေသည်။

Footbook ပေါ်မှ ကောလာဟလသတင်းများကြောင့် ယမမင်းကြီး ခေါင်းကိုက်ရသည်။ စိတ်နှလုံးများ လှုပ်ရှားရသည်။ ထို့ကြောင့်..နှလုံးအိမ်တည်ငြိမ်စေရန် အလို့ငှာ ငရဲမော်ဒယ်လ်လေးများ စုစည်းရာ ဟူသည့် ဂရုအတွင်းမှ ပုံများကိုသာ နာနာဖိကြည့်နေလေတော့သည်။

“အဘ...အဘ...အဘရေ...လုပ်ပါဦးဗျ”

ရောရုဝသည် ဂျာနယ်တစ်စောင်ကို လက်ကကိုင်ကာ ရုံးခန်းအတွင်း အမောတကော ပြန်ဝင်လာ၏။

“ဟေ့ကောင်...ရောရုဝ...ဒီတစ်ခါ ငါမခေါ်ဘဲ... ဘာလို့ဝင်လာတာတုံး...ဘာဖြစ်လာပြန်တာတုံး”
“အဘရေ...ရှေ့မှာ...ဟိုလူတွေ...ဟိုလူတွေ အုပ်စုလိုက်ကြီး တန်းလာစီနေတယ်ဗျိုး”

“ဟေ...ဘယ်လူတွေတုံး”
“ခေတ်အဆက်ဆက်က တိုင်းပြည်ငွေ၊ လူထုငွေကို ဗုန်းခဲ့တဲ့ သူခိုးတွေပါ...အဘ”

“ဟေ...ဒီသူခိုးတွေက သက်ဆိုင်ရာ ငရဲအသီးသီးမှာ ပြစ်ဒဏ်ခံနေရပြီ မဟုတ်လား...သင်းတို့က ငါ့ ဘာများ စောဒကတက်ကြမလို့တုံး”
“ဒီမှာလေ...အဘ...ဒီလူ့ပြည်ကလာတဲ့ ဂျာနယ်ထဲမှာ ပါတဲ့သတင်းကြောင့်တဲ့...အဘရဲ့”

“ဘာသတင်းတုံးဟ”
“ဒီမှာလေ...အဘရဲ့...လူ့ပြည်မှာ ပြည်သူ့ငွေ သန်း ၇၀၀၀ ကျော် ဗုန်းသွားတဲ့ မိုးမှောင်တို့အုပ်စုက ဖော်ထုတ်မိသွားသတဲ့”
“ဟဲ့...သူခိုးမိတာများ...ဖမ်းထောင်ချပစ်လိုက်လေ”

“အဲ...အဲ့ဒီလိုလည်း...လုပ်လို့မရသေးဘူး...အဘရဲ့...မိုးမှောင်တို့က နွားလှည်းဥပဒေအရ အရေးယူမရတဲ့လူတွေ အဘရဲ့”
“နို့...မင်းဟာက နွားလှည်းဥပဒေ ဆိုတာ ဘာကြီးတုံး”

“သြော်...အဘနှယ်...နွားလှည်းဆိုတာ ကားလို ဘက်ဂီယာထိုးပြီး နောက်ပြန်ဆုတ်လို့ မရဘူးလေ... အိပဲ့ အိပဲ့သာ သွားနေတာ နောက်ပြန်တော့ ဆုတ်လို့မရတဲ့ ဥပဒေ...ဒါကြောင့် မိုးမှောင်တို့ သူခိုးအုပ်စုကို ဒီဥပဒေအရ အရေးယူလို့ မရဘူးတဲ့”
“ဟေ...ဒီလိုကြီးလားဟ...အဲ့ဒီတော့ သူတို့အပြစ်တွေကို ဘယ့်နှယ်လုပ်မတုံး”

“သူတို့ ဗုန်းခဲ့တဲ့ ငွေတွေထဲက တချို့တစ်ဝက်ကို အစိုးရကို အရစ်ကျ ပြန်ပေးမယ်တဲ့...အဘရဲ့...ငွေတွေက လုပ်ငန်းထဲ မြုပ်နေလို့တဲ့...”
“ဟ...ဒီလိုဆို အပြစ်က ကျေရောတဲ့လား”

“အဲ့ဒီကိစ္စပေါ့ အဘရဲ့... အခု ရုံးရှေ့မှာ ခေတ်အဆက်ဆက်က မဟာသူခိုးကြီးတွေ လာတန်းစီနေကြတာ”
“ဘာဆိုင်သတုံးဟ”

“သူတို့ကတော့ ဆိုင်တယ်ပြောတယ်..အဘရေ... သူတို့လည်း လူ့ဘဝတုန်းက သူတို့ အချီကြီးဗုန်းခဲ့...ခိုးခဲ့သမျှ အခုအဘဆီ အရစ်ကျပြန်သွင်းပြီး အပြစ်တွေ ချေချင်လို့တဲ့... အဘရဲ့...ဟိုဥက္ကဋ္ဌကြီးဆိုတဲ့ သူခိုးဆို သူခိုးခဲ့တဲ့..ကျောက်စိမ်းတုံးကြီးတောင် ပုဆိုးနဲ့ ထုပ်သယ်လာပါပကော”

ယမမင်းကြီး မျက်လုံးပြူးသွား၏။ ပါးစပ်ပြဲသွား၏။

“နို့...တယ်ခက်တာပဲ...အပြစ်ကို အရစ်ကျချေ ရတယ်လို့ကွာ..ဘယ့်နှယ်...ဘက်ဂီယာ ထိုးမရတဲ့ နွားလှည်းဥပဒေတဲ့ ခိုးပြီးမှ ပြန်ပေးတဲ့ ပြန်ပေးသူခိုးတွေတဲ့...အဲ့ဒီ...လူ့ပြည်က ငတိတွေ သရမ်းတာနဲ့ ကျုပ်ငရဲပြည် ပွက်လောရိုက်တော့မှာပါလား”

ထိုစဉ် ရုံးခန်းပြင်ပမှ ကြွေးကြော်သံများ ထွက်လာသည်။

“ပြစ်မှုကြွေးကို အရစ်ကျဆပ်ခွင့်ပြုပါ”
“နွားလှည်းဥပဒေ...ငရဲပြည်မှာ ပြဋ္ဌာန်းပေး...တို့အရေး”
“ပြန်ပေးသူခိုး...တို့အမျိုးဟေ့...ကာသင့်ပါလျှင် ကာရမည်”

ယမမင်းကြီးသည် သူ့ရှေ့တွင်ရှိသော စီစီတီဗီမှတစ်ဆင့် ရုံးပြင်ပမြင်ကွင်းကို သေချာကြည့်နေလိုက်သည်။

“ရောရုဝရေ... သူခိုးတွေက တပ်တောင်တာ ဗိုလ်ထုနဲ့ ပါလားဟ... ဒီတိုင်းဆို... ကျုပ်တို့ ငရဲပြည်ကိုတောင် သူခိုးအုပ်ကြီးက အာဏာသိမ်းသွားနိုင်တယ်...မဖြစ်ချေပြီ...လူ့ပြည်က နွားလှည်းဥပဒေ ဆိုတာ ဘယ်လိုမျိုးလည်း သိအောင်လုပ်မှ ဖြစ်မယ် ...ကဲ...ကဲ...ရောရုဝ...ဒီလူအုပ်ကြီးကိုထိန်းဖို့ တာပန ကို တာဝန်ပေးထားလိုက် ...မင်းနဲ့ငါ...လူ့ပြည်ခဏတက်ပြီး နွားလှည်းဥပဒေတို့၊ အရစ်ကျ အပြစ်ချေ နည်းတို့ကို သွားလေ့လာမှ ဖြစ်ချေမယ်...ကဲ...ကဲ... ဒိုးရအောင်ဟေ့”

“ဟေ့...ရောရုဝ လူ့ပြည်တော့ ရောက်ပြီဟေ့... ဒီမှာခေတ်စားနေတဲ့ နွားလှည်းဥပဒေတို့ ဘာတို့အကြောင်း စနည်းနာဖို့ရာ ပညာရှိ သူတော်ကောင်းတွေပေါတဲ့ ဘုရားစေတီတွေနားမှာ သွားမှ အဆင်ပြေလိမ့်မယ်...ကဲ...ကဲ...ဘုရားခြေတော်ရင်းကို ဈေးသည်အယောင်ဆောင်ပြီး သွားစနည်းနာကြစို့ရဲ့”

ဘုရားအနီး ရောက်သောအခါ ယမမင်းနှင့် ပီအက်စ်အို ရောရုဝတို့သည် သူတို့၏ ဘုန်းတန်ခိုး အာနုဘော်ဖြင့် ဈေးရောင်းရန် ပစ္စည်းများကို ဖန်ဆင်းလိုက်ကြသည်။

ယမမင်းနှင့် ရောရုဝတို့သည် တာလပတ်စလေးကို ခင်းကာ ပစ္စည်းများ စီနေစဉ်...

“ဟိတ်ကောင်ကြီး...မင်း...ဒီနား ဘာလာလုပ်တာလဲ”
ယမမင်းသည် သူ့အား ဟိတ်ကောင်ကြီးဟု အခေါ်ခံလိုက်ရသဖြင့် တွန့်ခနဲဖြစ်ကာ မော့ကြည့်မိလိုက်သည်။
“အလို...ကိုယ်တော်တို့”
“ဘာကိုယ်တော်တို့လဲ...ဒီနားမှာ မုတ်ဆိတ်မွေးပါရင် ဈေးမရောင်းရဘူးဆိုတာ မသိဘူးလား... ငါတို့အမျိုး အရိုးထိုးလိုက်ရ”
“မ...မသိလို့ပါ...ဖျား”

ခက်ချေပြီ။

ငရဲပြည်၏ အဓိပတိကြီးရာထူးဖြင့် ခံ့ညားရန် အလို့ငှာ ထားမိသည့် မုတ်ဆိတ်သည် အခုတော့ ဈေးမရောင်းရမုတ်ဆိတ် ဖြစ်နေသည်တဲ့။

“ဟိတ်ကောင်...ဘာမှငြင်းဖို့ မကြိုးစားနဲ့...အသားကလည်း မည်းမည်းနဲ့ ဟင်း...သွား...ဈေးမရောင်းရဘူးဆို”

ငရဲပြည်မှ ဆရာတပည့်နှစ်ယောက် မျက်လုံးလေး ပေကလပ်ပေကလပ် ဖြစ်ကုန်ကြပြီ။

ဘယ့်နှယ် ငရဲပြည်လို မီးတောက်တွေ၊ ဒယ်အိုးတွေအပြည့်ရှိတဲ့ နေရာက လာရတာမို့ အော်တိုမစ်တစ် အသားမည်းတာကလည်း ဈေးရောင်းလို့ မရဘူးတဲ့...ဘာတွေပါလိမ့်။

“ဟာ...ဒီနှစ်ကောင်...ပေကြောင်ကြောင် လုပ်နေတယ်... ကဲကြာတယ်... ဒီကောင်နှစ်ကောင်ကို စည်းရိုး ဝိုင်းထိုးလိုက်ကြရအောင်ကွာ”
“ခွပ်..ခွပ်..ခွပ်”

ရှစ်ထပ်သော ငရဲဖက်ဒရေးရှင်းကို အစိုးရသည့် ငရဲမင်းကြီး၏ ရုံးခန်းရှေ့တွင် ပြန်ပေးသူခိုးများကား အရစ်ကျ အပြစ်ချေခွင့်ပြုရန် အော်ဟစ်လျက်။

ရုံးခန်းအတွင်းတွင်တော့ လူ့ပြည်မှအပြန် မျက်ကွင်းတစ်ဖက် ညိုလာသော ငရဲမင်းကြီးအား ပါးတစ်ဖက် ရောင်ကိုင်းနေသည့် တပည့်ကျော် ရောရုဝမှ ကြပ်ထုပ်ထိုးပေးနေလေသည်။

ငရဲမင်းကြီးကား...ရှေ့မှ ပြန်ပေးသူခိုးများ အသံကို မသိဟန်ပြုကာ သက်ပြင်းချရင်း ...
“ရောရုဝရေ...ခဏနေ... ဒီလူအုပ်ကြီး ပြန်သွားရင်...စတိုးဆိုင်ကိုသွား...မုတ်ဆိတ်ရိတ်ဓားနဲ့ အသားဖြူဆေးခရင်ခ် ဝယ်ခဲ့စမ်းကွာ” ဟု စိတ်နာနာဖြင့် အမိန့်ပေးလိုက်လေတော့သည်။ 

ဗြိတိသျှကိုကိုမောင်

  • TAGS