News

POST TYPE

SATIRE

ဆားပုလင်းမောင်ဗြိနှင့် မီးခံသေတ္တာ အရှုပ်တော်ပုံ
တစ်နေ့သ၌ ကျွန်ုပ် ဒေါက်တာအဲလက်စ်သည် မိတ်ဆွေကြီး ဆားပုလင်းမောင်ဗြိ မရှိသည့်အတွက် အမှတ် ၂၇၊ ဌာနလမ်း နေအိမ်တွင် တစ်ကိုယ်တည်း ပျင်းရိငြီးငွေ့လျက် ရှိလေသည်။

သို့သော်လည်း ကျွန်ုပ်သည် မိတ်ဆွေကြီး ဆားပုလင်းမောင်ဗြိနှင့် နှစ်ပေါင်းများစွာ မိတ်ဆွေဖြစ်ခဲ့သူ ဖြစ်သည့်အလျောက် မိတ်ဆွေကြီး၏ နည်းနာအတိုင်း အချိန်အားတို့ကို အလကားမထား။

ကိုမောင်ဗြိ လုပ်နေကျအတိုင်း အိမ်တွင် စုဆောင်းထားသည့် အားကစားဂျာနယ် အဟောင်းများ နောက်ကျောမှ ဘောလုံးသမားများ၏ ရည်းစားများ၊ မိန်းမများ၏ တောင့်တင်းဖြောင့်ဆင်း ပွင့်လင်းမြင်သာလှသော ဓာတ်ပုံများအား တည်ငြိမ်စွာ ကြည့်ရှုရင်း ဆိုဒ်အား စိတ်ဖြင့် ခန့်မှန်းတိုင်းတာခြင်း၊ အနေအထား ကောက်ကြောင်းများကို အသေးစိတ်ရှုမှတ်ခြင်း စသည်ဖြင့် စုံထောက်သမာဓိ တည်ဆောက်နေလေသည်။

ထိုအချိန်တွင် အိမ်တံခါးအား တစ်စုံတစ်ယောက်က လာခေါက်သည်ကို ကြားရလေသည်။ ကျွန်ုပ်လည်း တံခါးကို ထဖွင့်ကြည့်သောအခါ မည်သူတစ်ဦးတစ်ယောက်ကိုမျှ မတွေ့ရဘဲ အောက်ပါအတိုင်း ရေးသားထားသော စာတစ်စောင်ကိုသာ တွေ့ရှိရလေသည်။

“သို့
ဒေါက်တာအဲလက်စ်
မန္တလေးဘူတာသို့ အမြန်လိုက်လာခဲ့ပါ။
အရေးကြီးတယ်။
သင်၏ ခင်မင်လှစွာသော
                              မောင်ဗြိ”

မိတ်ဆွေကြီး ဆားပုလင်းမောင်ဗြိထံမှ စာကိုရသည့်အခါ ကျွန်ုပ်သည် လွန်စွာပျော်ရွှင်သွားရ၏။ အိမ်ကြီးထဲတွင် ပျင်းရိငြီးငွေ့စွာ နေနေရသည်ထက် မိတ်ဆွေကြီးနှင့်အတူ အမှုလိုက်ရသည်က ကျွန်ုပ်အတွက် ပိုမိုသင့်လျော်ပေသည်။

ကျွန်ုပ် အံ့သြမိသောအချက်မှာ မိတ်ဆွေကြီး ကိုမောင်ဗြိသည် မကွေးနယ်ဘက်မှ ပြည်သူပိုင် အခွန်ငွေ ရူပီး သန်း ၇၀၀၀ ကျော် ပျောက်မှုကြီးကို လိုက်လံစုံစမ်းနေရာမှ အဘယ့်ကြောင့် ကျွန်ုပ်ကို မန္တလေးသို့ ခေါ်ရသနည်းဟူသော အချက်ပင်။

ကျွန်ုပ်လည်း ပြင်ဆင်သင့်သည်များကို ပြင်ဆင်ပြီးနောက် YBS အမည်ရှိသော နာမည်ပြောင်းတပ် စီးတီးဘတ်စ်ကြီးကို စီးခဲ့လေသည်။

အလုံမှ ရန်ကုန်ဘူတာကြီးထိ စည်းကမ်းသေဝပ်စွာဖြင့် အသေအကျေ ပြိုင်မောင်းနေသော အဆိုပါ YBS ကြီးများကို နှစ်ဆင့်တိတိ ပြောင်းစီးပြီးနောက် ကျွန်ုပ်သည် ဘူတာကြီးသို့ ချောမောစွာ ရောက်ခဲ့လေသည်။ ထို့နောက် မန္တလေး လေအိတ်ရထားလက်မှတ် ဝယ်ယူကာ တစ်ချက်တစ်ချက် တစ်ပေခန့် ဖင်မြောက်တက်သွားသည်အထိ ဇိမ်ရှိလှသော မီးရထားကြီးကို စီးလျက် မန္တလေးဘူတာကြီးသို့ လိုက်ပါလာခဲ့လေတော့သည်။

မန္တလေးဘူတာကြီး ရောက်သည်နှင့် ကျွန်ုပ်အား အသင့်စောင့်ကြိုနေသော ဆားပုလင်းမောင်ဗြိကို တွေ့ရလေတော့သည်။

“ဒေါက်တာရေ... ရထားက ထင်တာထက် ပိုစောဝင်တယ်ဗျာ... အချိန်တွေ ပိုသေးတယ်...ကဲ...လာ...ဘူတာကြီးရှေ့က ကာဖီဆိုင်တစ်ခုခုမှာ စမူဆာ သွားစားကြစို့ရယ်”

“အိုင်ဆေး...ကိုမောင်ဗြိရယ်...ခင်ဗျားက အရေးတကြီးခေါ်တယ်ဆိုလို့ ကျုပ်ဖြင့် မန္တလေးက အလောတကြီး လိုက်လာရတယ်...အခုတော့ ခင်ဗျားက စမူဆာစားဖို့ ခေါ်တာကိုးဗျ”

ကျွန်ုပ်က အထက်ပါအတိုင်း အရွှန်းဖောက်လိုက်သောအခါ ကိုမောင်ဗြိသည် သူ့ထုံးစံအတိုင်း လွန်စွာမှ တည်ကြည်သော အပြုံးဖြင့် စပ်ဖြဲဖြဲ လုပ်လိုက်ပြီးနောက် တင်ပါးကိုသာ နာနာကုတ်နေလေတော့သည်။

မကြာမီ ကာကာဆိုင်အတွင်း ရောက်ရှိပြီးနောက် ကိုမောင်ဗြိနှင့် ကျွန်ုပ်သည် စမူဆာကို မြိန်ရှက်စွာ စားကြလေသည်။

“ဒေါက်တာရေ... စမူဆာဆိုလို့ ခင်ဗျား စမူဆာအကြောင်း ဘယ်လောက်သိသလဲဗျ”
“သြဗျာ... ဂျုံဖတ်ထဲကို အာလူးရယ်...ကြက်သွန်ရယ်... ဂေါ်ဖီရယ် ထည့်ထားတဲ့ မုန့်ပဲဗျ...ကိုမောင်ဗြိရ... ဘာများထူးဆန်းလို့တုံး”

“ဒါထက်ပိုလေးနက်တယ် ဒေါက်တာရဲ့...စမူဆာဟာ ကိုးနဝင်းဓာတ်တွေ စီးနေတဲ့ မုန့်ဗျ။ ခင်ဗျား စဉ်းစားကြည့်ဗျာ... စမူဆာဟာ ဘာပုံလဲ”
“တြိဂံပုံလေ”

“အင်း... တြိဂံတစ်ခုရဲ့ အတွင်းထောင့်သုံးခု ပေါင်းခြင်းဟာ ၃၆၀ ဒီဂရီဗျ။ အဲ့ဒီ ၃၆၀ ကို ပြန်ပေါင်းကြည့်ရင် ၉ ရတယ်။ ၉ ဂဏန်းဟာ မှော်ဝင်တဲ့ဂဏန်း။ ဒါကြောင့် အီဂျစ်ပိရမစ်တွေဟာ တြိဂံပုံ ဆောက်ကြတာဗျ။ ဒါကြောင့် စမူဆာ ဂမ္ဘီရဆန်တဲ့မုန့်ပဲ”

“နောက်ရှိသေးတယ်ဗျ။ စမူဆာ သီအိုရီဆိုတာ”
“ဘယ့်နှယ်...ကိုမောင်ဗြိရယ် စမူဆာသီအိုရီဆိုတာ ကျုပ်ဖြင့် တစ်ခါမှ မကြားဖူးပေါင်ဗျာ”

“ဒီလိုရှိတယ် ဒေါက်တာရယ်...မြတ်စွာဘုရားက ဟောထားတယ်... အစွန်းနှစ်ဖက်ကို ရှောင်ရမယ်တဲ့... စမူဆာ သီအိုရီကတော့ မဟုတ်ဘူး...အစွန်းသုံးဖက်လုံး ချွန်ရမယ်တဲ့ဗျ... သုံးဖက်ချွန်ပေါ့ဗျာ...ဒီနည်းကိုတော့ ကျုပ်တို့နိုင်ငံက ခရိုနီသူဌေးတွေနဲ့ ကြားနေဆိုပြီး သာရာစီးနေတဲ့ ပညာရှိ တော်တော်များများ သုံးကြပါတယ်... ဒါကို သုံးဖက်ချွန် စမူဆာ သီအိုရီလို့ ခေါ်သဗျ...သုံးဖက်ချွန်နေပေမယ့် အထဲမှာတော့ အာလူးတွေပဲ ရှိတဲ့သဘောပေါ့ဗျာ”

ထိုအခါမှပင် ကျွန်ုပ်လည်း ကိုမောင်ဗြိ ရှင်းပြသော စမူဆာ ဗဟုသုတများစွာ ရရှိလေတော့သည်။

ထို့နောက်တွင်တော့ ကိုမောင်ဗြိနှင့် ကျွန်ုပ်သည် ဘူတာကြီးမှ အငှားဆိုင်ကယ် တစ်စင်းကို ငှားကာ မန္တလေးမြို့ရှိ ဝန်ကြီးများရုံးစိုက်ရာ နေရာသို့ ထွက်လာခဲ့ကြလေသည်။

“အလို...ကိုမောင်ဗြိ...ခင်ဗျားလာတာ... ဝန်ကြီး ရုံးကြီးပါလားဗျ”
“ဟုတ်တယ်...ဒေါက်တာ...ခဏနေတော့ အကြောင်းစုံ သိရမှာပါ”

ဝန်ကြီးရုံးခန်းအတွင်းသို့ ရောက်သောအခါ ဝန်ကြီးနှင့်အတူ ပုလိပ်အဖွဲ့များက ဆားပုလင်းမောင်ဗြိကို စောင့်နေကြသည်ကို တွေ့ရသည်။

“ဖြစ်စဉ်ကတော့ စုံထောက်မင်းကြီးကို ကျုပ် ဖုန်းဆက်ထားတဲ့ အတိုင်းပါပဲ...ဆားပုလင်းမောင်ဗြိ။ ...မီးခံသေတ္တာကြီး အလုံးလိုက်ကို ပျောက်သွားတာပါ...ခင်ဗျားက အခုမကွေးမိုးမှောင်တို့ သူခိုးအုပ်စုအမှု လိုက်နေတာဆိုတော့...သူတို့လက်ချက်များလားလို့ပါ”

ဆားပုလင်းမောင်ဗြိသည် ဝန်ကြီး၏ စကားကို နားထောင်ပြီးနောက် ကြယ်နီဆေးပေါ့လိပ်အတိုကို မီးညှိဖွာရှိုက်လိုက်ပြီးနောက် မီးခိုးများကို မျက်နှာကြက်သို့ မှုတ်ထုတ်ကာ ကျန်လက်တစ်ဖက်ကလည်း လွန်စွာကြည့်ကောင်းသော ဟန်ပန်ဖြင့် တင်ပါးမှ ပွေးများကို တဗြစ်ဗြစ် ကုတ်နေလေတော့သည်။

“ခြေရာလက်ရာတွေ အရတော့ အခု ကျွန်တော်လိုက်ခဲ့တဲ့ မကွေးမိုးမှောင်ဂိုဏ်း မဟုတ်တာ သေချာပါတယ်...ဝန်ကြီး...မကွေးမိုးမှောင်တို့ အုပ်စုက အခုလို မီးခံသေတ္တာ တစ်ခုလုံးကို အလေးခံ မသယ်ပါဘူး...သူတို့လုပ်နည်း လုပ်ဟန်က တစ်မျိုးပါ၊ နောက်ကျန်ရစ်သူအတွက် အခွံပဲထားခဲ့ပြီး ရှိသမျှဖြောင်တဲ့ဂိုဏ်းပါပဲ... အခုဟာက...”

ဆားပုလင်းမောင်ဗြိက စကားကို မပြောဘဲ တင်ပါးကိုသာ တဗြစ်ဗြစ် ကုတ်နေသဖြင့် ထိုအသံမှ လွဲပြီး အခန်းသည် တိတ်ဆိတ်လျက်။

“နို့... အခုဟာက... ဝန်ကြီးတို့မြို့မှာ လမ်းပေါ်ထွက်တာနဲ့ ရိုက်လုနေတဲ့ လူဆိုးတွေ ပေါလွန်းလို့...ပုလိပ်သားတွေ အမြဲတမ်းကင်းလှည့်နေတယ်ဆိုဗျ... ဘယ့်နှယ် ဒီလောက်ဂရုစိုက်နေတဲ့ကြားက အလုံးလိုက် ပါသွားရတာတုံး”

ထိုအခါ ကျွန်ုပ်အနီးတွင် ရပ်နေသော ရာဇဝတ်အုပ်မှာ မနေသာတော့။

“ဒါက ဒီလိုရှိပါတယ် ဆားပုလင်းမောင်ဗြိ... သူခိုးကြမ်းပိုးတွေ သောင်းကျန်းလွန်းတာနဲ့ ကျွန်တော်တို့ ပုလိပ်အဖွဲ့လည်း မြို့ထဲမှာ ကင်းလှည့်ပေးနေပါတယ်... ဒီကြားထဲ သင်္ကြန်စတိတ်ရှိုးမှာ ခဲနဲ့ထုတဲ့ ကောင်တွေကိုလည်း လိုက်စုံစမ်းရပါတယ်... ဒီတော့ အမတ်တွေ၊ ဝန်ကြီးတွေဟာ ဒီလောက်သူခိုးလောက်တော့ နားရင်းတီးပြီး ဆုံးမနိုင်လိမ့်မယ်ထင်လို့... သူတို့ ရုံးခန်းလုံခြုံရေးကို ပေါ့လျော့မိတာပါ”

“အိမ်း...အိုင်ပီတို့ကလည်း တယ်ခက်သကိုး... ဟိုကအမတ်တစ်ယောက် နားရင်းတီးမိတာနဲ့ ဒီက ဝန်ကြီးက တီးတတ်ပါ့မလားဗျ... တကယ်လို့ သူခိုးလာလို့ နားရင်းတီးတယ် ထားဦး ဖေ့ဘွတ်ပေါ် ပါလာရင် ပြန်တောင်းပန်နေရပါဦးမယ်... ဘယ်ဖြစ်မတုံးဗျ...ခင်ဗျားတို့ တယ်ပေါ့လျော့သကိုးဗျ...”

ဆားပုလင်းမောင်ဗြိ၏ စကားအဆုံးတွင် ရာဇဝတ်အုပ်လည်း မျက်နှာငယ်ဖြင့် နေရရှာသည်။

“ကိုင်း...မပူပါနဲ့...ဝန်ကြီး...ခင်ဗျား...မီးခံသေတ္တာကို ခရမ်းပြာဂိုဏ်းအဖွဲ့က သူတို့ရဲ့ ခရမ်းပြာသိုင်းကျမ်းကို ထည့်သိမ်းဖို့ ခဏယူသွားတာပါ... ခရမ်းပြာသိုင်းကျမ်း ဆိုတာ အခုတစ်လော ဖေ့ဘွတ်မှာ ခေတ်စားနေလို့ ရဲတွေကတောင် လိုက်ဖမ်းနေရတဲ့ မြန်မာ့ပထမဆုံး အဝှာဇာတ်ကားဆိုတဲ့ဟာလေ... အဲ့ဒါကို ရဲဖမ်းမှာကြောက်လို့ ခင်ဗျား မီးခံသေတ္တာထဲထည့်ပြီး တစ်နေရာမှာ သွားဝှက်ဖို့ ကြံစည်ကြပါတယ်... ဒါပေမဲ့ ကျွန်တော်က မကွေးမိုးမှောင်တို့ သူခိုးအမှုကို လိုက်ရင်း မထင်မှတ်ပဲ ခရမ်းပြာဂိုဏ်းကို ခြေရာခံမိခဲ့တယ်... သူတို့အကြံကို ကျွန်တော်ရိပ်မိသွားတာသိလို့ အခုဆို မီးခံသေတ္တာက ကျွန်တော့်လက်ထဲ ပြန်ရောက်နေပါပြီ...”

ဝန်ကြီးနှင့် ပုလိပ်အဖွဲ့များတင်မက ကျွန်ုပ်ပင် ကိုမောင်ဗြိ၏ စကားကြောင့် မျက်လုံးပြူးရပေတော့သည်။

“ဒါဆိုလည်း...ကျုပ်တို့ဆီ မီးခံသေတ္တာ ပြန်အပ်လေ ဆားပုလင်းမောင်ဗြိရဲ့”

“ခဏတော့ သည်းခံပါ ဝန်ကြီး... အခု ဒီမီးခံသေတ္တာကို ရန်ကုန်တိုင်း အစိုးရအဖွဲ့ရုံးကို ကိစ္စတွေ ပြီးတာနဲ့ ပြန်ပို့ပေးပါ့မယ်...စိတ်ချပါ”

ခဏယူသွားရပါလိမ့်မယ်

အထက်ပါအတိုင်း ပြောဆိုပြီးသည်နှင့် ဆားပုလင်းမောင်ဗြိသည် ဝန်ကြီး၏ရုံးခန်း အတွင်းမှ ချာခနဲ လှည့်ထွက်သွားလေသည်။

မန္တလေးတိုင်း အစိုးရရုံးတွင် အခိုးခံရသော မီးခံသေတ္တာကို ရန်ကုန်တိုင်း အစိုးရထံ ယူသွားမည် ဆိုသော ဆားပုလင်းမောင်ဗြိ၏ စကားကို ကျွန်ုပ်မှာ မည်သို့မှ ဆက်စပ်မရနိုင်ပေ။

ဝန်ကြီးရုံးရှေ့တွင် အသင့်ရပ်ထားသော အော်စတင်ကားလေးပေါ်သို့ ကျွန်ုပ်နှင့် ဆားပုလင်းမောင်ဗြိတို့ တက်လိုက်ကြလေသည်။

“ကဲ...ဒေါက်တာရေ...မီးခံသေတ္တာကတော့ ကားနောက်ခန်းထဲမှာဗျာ...ကျွန်တော်တစ်ယောက်တည်း မန္တလေးကနေ ရန်ကုန်ကို ကားမောင်းရမှာ ပျင်းလို့ စကားပြောဖော်ရအောင် ခင်ဗျားကို ခေါ်လိုက်တာ...ကဲ...အခု ရန်ကုန်တိုင်း အစိုးရရုံးကို အမြန်ဆုံး မောင်းကြမယ်ဗျာ”

မန္တလေးမှ ရန်ကုန်သို့ ပြန်လာရာ လမ်းတစ်လျှောက်တွင် ကိုမောင်ဗြိသည် ကျွန်ုပ်အား မှတ်သားဖွယ်၊ ဗဟုသုတရဖွယ်များ ပြောပြလာသဖြင့် ကျွန်ုပ်မှာ ပျင်းရိသည်ဟု မရှိချေ။

ထိုအထဲမှ ကိုမောင်ဗြိ ပြောပြသည့် ဗဟုသုတရဖွယ်တစ်ခုကို ထုတ်နုတ်ပြချင်ပါသည်။

“ဒေါက်တာရေ... အင်္ဂလိပ်ဘုရင်ခံ ဆာဟူးဘတ်ရန့်က မြန်မာပြည်ကို မနက်စောစောစီးစီး လေးနာရီလောက်ကြီး လွတ်လပ်ရေးပေးမယ်လို့ ဘာလို့ သဘောတူလိုက်လဲ သိလား”

“ကျုပ်သိတာတော့ မြန်မာဘက်က ဗေဒင်ယတြာအရ အချိန်အခါ ရွေးထားတာဆို”

“ဒေါက်တာနှယ်... မြန်မာဘက်က အချိန်ဘယ်လောက်ရွေးရွေး အင်္ဂလိပ်ဘုရင်ခံက သဘောတူမှ ဖြစ်မှာပေါ့ဗျာ... မှတ်ထားဗျ... မြန်မာခေါင်းဆောင်တွေ... တိုင်းရင်းသားခေါင်းဆောင်တွေ အိပ်ချင်မူးတူး ဖြစ်နေတဲ့အချိန်မို့ ပေးလိုက်တာ...နို့မို...လင်းလင်းထင်းထင်း တက်တက်ကြွကြွဆို နိုင်ငံနာမည်ကိစ္စ၊ အလံကိစ္စတွေ အငြင်းပွားပြီး ရန်ဖြစ်နေတာနဲ့ ဆာဟူး ဘတ်ရန့်ပါ ဘိလပ်တစ်သက်လုံး ပြန်ရတော့မှာ မဟုတ်ဘူးဗျ”

“ဟာ...ဟုတ်ပါ့မလား...ကိုမောင်ဗြိရာ...ခင်ဗျားဟာက ကြံကြံဖန်ဖန်”

“ဟုတ်ပါသော်ကောဗျာ...အခုခေတ်တောင်ကြည့်... တံတားနာမည်ကိစ္စနဲ့ ရန်တွေဖြစ်နေတာ ခုထိမပြီးသေးဘူး... ဟော့... ခု ဒီထုံးကို နှလုံးမူပြီး မွန်ပြည်နယ် ဝန်ကြီးချုပ်က တံတားနာမည် ဆိုင်းဘုတ်ကို ညဘက်ကြီး သွားတင်လိုက်တာဗျ...လူတွေအိပ်ကောင်းတဲ့အချိန် ဆိုတော့ ဆန္ဒပြလို့ မရဘူး မဟုတ်လား ဘယ်လောက်ပိုင်သလဲဗျာ...ငိငိ”

ထိုသို့နှယ် ဆားပုလင်းမောင်ဗြိ၏ မှတ်သားဖွယ်ရာ အဆင့်မြင့် အတွေးအမြင်များကို တစ်လမ်းလုံး ကြားနာပြီးသည်နောက် ကျွန်ုပ်တို့၏ ကားလေးသည် ရန်ကုန်မြို့၊ အစိုးရအဖွဲ့ရုံးသို့ ချောမောစွာ ရောက်ရှိလာလေသည်။

အစိုးရအဖွဲ့ရုံးရှေ့ ရောက်သည်နှင့် ကိုမောင်ဗြိသည် ကားပေါ်မှဆင်းကာ ဂိတ်ပေါက်မှ ပုလိပ်သား တစ်ယောက်အား အောက်ပါအတိုင်း လှမ်းမေးလေသည်။

“ဟေ့... ညီလေး... YBS ရဲ့ မအောင်မြင်မှု၊ အားနည်းချက်တွေကို ဆွေးနွေးတဲ့ အစည်းအဝေး ပြီးသွားပြီလားကွ”
“ပြီးသွားပါပြီ”
“သြော်...အေး...ဒါဆို အကုန်ပြန်သွားကြပြီပေါ့”
“ဟုတ်ကဲ့...”

ထို့နောက် ဆားပုလင်းမောင်ဗြိသည် ကားထံသို့ ပြန်လျှောက်လာပြီးနောက်
“ကဲ...ဒေါက်တာရေ... နောက်ခန်းထဲက မီးခံသေတ္တာကြီး ဖွင့်ရအောင်ဗျာ... ပြီးရင် မန္တလေးဘူတာကြီး အရောက်ပြန်ပို့ပေးရဦးမယ်”

ကျွန်ုပ်မှာကား ဆားပုလင်းမောင်ဗြိ၏ လုပ်ပုံကိုင်ပုံများကို ဘာမှနားမလည်နိုင် ဖြစ်နေပေသည်။

ထို့နောက် ဆားပုလင်းမောင်ဗြိသည် မီးခံသေတ္တာ နံပါတ်အဆင့်ဆင့်အား ကျင်လည်စွာ ဖွင့်ပြီးနောက် မီးခံသေတ္တာထဲမှ ထူးဆန်းစွာ လူတစ်ယောက် ထွက်ပေါ်လာလေသည်။ ပိုမိုအံ့သြစရ ကောင်းသည်ကား ထိုသူသည် ကျွန်ုပ်ကောင်းစွာသိထားသည့် နာမည်ကျော်တစ်ဦး ဖြစ်နေခြင်းပင်။

“ကိုမောင်ဗြိ... YBS အစည်းအဝေးပြီးတာ သေချာလား”
“သေချာပါတယ်...ကွီး...အေးအေးဆေးဆေး သာ ရုံးတက်ပါတော့... နေလည်းသိပ်ကောင်းတာမဟုတ်တော့... နှလုံးကျန်းမာရေးကို ဂရုစိုက်ပါ...ဟတ်ထိမယ့် အလုပ်တွေ သိပ်မလုပ်ပါနဲ့”

ဆားပုလင်းမောင်ဗြိနှင့် သေတ္တာထဲမှ ထူးဆန်းသောသူသည် အထက်ပါအတိုင်း အပြန်အလှန် ပြောဆိုကြပြီးသည့်နောက် ထူးဆန်းသောသူသည် အသင့်ပါလာသော ပင်နီတိုက်ပုံလေးကို ဝတ်ကာ ရန်ကုန်တိုင်း အစိုးရအဖွဲ့ရုံး အတွင်းသို့ ဝင်သွားလေတော့သည်။

“ကဲ...ဒေါက်တာရေ...ဘာမှအံ့သြမနေနဲ့ဗျ...သူက ဒီအစည်းအဝေးတက်ရမှာ မျက်နှာပူလို့ လုံခြုံတဲ့ နေရာမှာ ရှောင်နေချင်တယ်ဆိုလို့... ကျွန်တော်လည်း မီးခံသေတ္တာ ရှိနေတာနဲ့ အဲ့ဒီထဲ ဝင်ပုန်းနေခိုင်းလိုက်တာ... အခုတော့ အစည်းအဝေးလည်း ပြီးသွားပြီဆိုတော့ အားလုံး အိုကေပါပြီ... ညရထားနဲ့ မီးခံသေတ္တာကို ပြန်ပို့မယ်ဗျိုး... လောလောဆယ် ရေပေါ်ဈေးက တစ်ခုလပ် မခင်လှသန်းရဲ့ မဆလာနံ့လေး သင်းနေတဲ့ စမူဆာသုပ်လေး သွားစားကြရအောင်ဗျာ”

ကျွန်ုပ်မှာ ကိုမောင်ဗြိ၏ နောက်ဆုံးစကားကြောင့် ထပ်မံကြောင်တောင်တောင် ဖြစ်သွားရပြန်သည်။

“နို့... ကိုမောင်ဗြိ ရန်ကုန်မှာ ရေပေါ်ဈေး ဘယ်နားရှိလို့တုံးဗျ”

“သြော်...ဒေါက်တာနှယ်...ညံ့လိုက်တာ...အသစ်ဖွင့်လိုက်တဲ့ ကမ်းနားလမ်းက ညဈေးတန်းကြီးကိုသာ မောင်းဗျိုး... အဲ့ဒီမှာ ဒီရေတွေကျော်ပြီး ရေတွေတက်နေလို့ ရေပေါ်ဈေးလို့ ခေါ်တာ ဟား...ဟား...ဟား”

ကျွန်ုပ်သည်ကား ဆားပုလင်းမောင်ဗြိ၏ ပါးနပ်ဖျတ်လတ်မှုနှင့် အသိဉာဏ်ပညာ ကြီးမားမှုတို့အပေါ် မရယ်မောနိုင်တော့လောက်အောင်ပင် အံ့သြမိလေတော့သတည်း။

ဗြိတိသျှကိုကိုမောင်