News

POST TYPE

SATIRE

ကိုငြိမ်းမောင်နှင့် သူ၏ ကလေးများ
23-Apr-2017 tagged as သင်္ကြန်

ဒီနှစ်လည်း သက်ထွေးတို့ မကျေမနပ် ဖြစ်ကြရပြန်သည်။

အဖေဖြစ်သူ ကိုငြိမ်းမောင်က ဒီနှစ်သင်္ကြန်တွင် မဏ္ဍပ်အများကြီးထိုးပြီး မကဲရဟူသည့် စည်းကမ်းချက် အသစ်တစ်ခု ထုတ်ပြန်လိုက်သောကြောင့်ပင်။

ထို့ပြင် မဏ္ဍပ်ပျောက်နေသော မောင်သက်ထွေး အားလည်း သီချင်းဆိုခွင့်မပေး။

ခက်သည်။

အရင်အဖေကြီး ကိုငြိမ်းမောင်တုန်းကဆို ဘီအီးတစ်လုံးလောက် ဂါထားပြီး သက်ထွေးတို့ နှစ်တိုင်း ကဲနေကျ။ အခုနှစ်တော့ ဒီငြိမ်းမောင်အသစ်ကြီးက သူ့အခွင့်အရေးကို ပိတ်ပင်လေပြီ။

ဒီကိုငြိမ်းမောင်ကြီးက အရင် ကိုငြိမ်းမောင်ကြီးလို ဘီအီးတစ်ပုလင်း ဝယ်ပေးလိုက်ရုံနှင့် မပြီးတာတော့ သေချာသည်။

ဒီတော့ သင်္ကြန်မိုးရုပ်ရှင်ဇာတ်ကား ကလင်ဒါကျအတိုင်း ဒေါ်ခင်မေထားကြီးကို အကူအညီ တောင်းရတော့သည်။

ကိုငြိမ်းမောင်ကြီးက မတ်ခွက်ကြီးထဲမှ ဘာတွေမှန်းမသိသည့် အရည်တွေကိုသောက်ပြီး သူ့နှလုံးရှိရာ ရင်ဘတ်လေးကိုဖိပြီး အမောဖောက်နေစဉ် အိမ်ရှေ့သို့ ကားတစ်စီး ရပ်လာသည်။

ထို့နောက် ဒေါ်ခင်မေထားကြီးက တီရှပ်ကြီး ဖိုးရိုးဖားရားနှင့် ဝင်လာ၏။ တီရှပ်မှာလည်း စာတန်းက ရေးထားသေးသည်။ 

“ကလေးတွေကို ပျော်ခွင့်ပေးလိုက်ပါ ကိုငြိမ်းမောင်ရယ်” တဲ့ ။

ကိုင်း နှုတ်တစ်ရာ စာတစ်လုံး။ 

မိန်းမမာယာ သဲကိုးဖျာတဲ့ ဒေါ်ခင်မေထားကြီး ပိုင်ချက်။

ဒါမျိုးတော့ ကိုငြိမ်းမောင်က မရ။ သူလည်း ယောက်ျားဖင်ခေါင်း သဲကိုးတောင်းပေပဲ။

သင်္ကြန်မိုးထဲကအတိုင်း ဒိုင်ယာလော့ခ်တွေ လွှတ်ပြီပေါ့။

“ဒီမယ် ဒေါ်ခင်မေထား... ခင်ဗျားတို့ လူတန်းစားတွေက သိပ်ကိုရယ်ဖို့ ကောင်းတယ်ဗျာ... ကိုယ့်ထိမှ နာတတ်ကြသကိုးဗျ... ခင်ဗျားထောင်ထားတဲ့ မဏ္ဍပ်မှာ ဖောက်သည်တစ်ယောက် လျော့မှာမို့လို့ ကျုပ်သားကို သင်္ကြန်ရေဆော့စေချင်တာ မဟုတ်လား... ဟား ဟားဟား”

“ဆရာရယ်... လူငယ်တွေသဘာဝ ပျော်ခွင့်ပေးလိုက်ပါတော့လား... ဒီနှစ်ဆို မဏ္ဍပ်တွေ နည်းလွန်းလို့ အချို့အဆိုတော်တွေဆို မဏ္ဍပ်မရဘဲ တောပြန်ပြီး ဘောကန်နေကြရပြီ... အခု သက်ထွေးက မဏ္ဍပ်ရပြီ ဆိုတော့ ကံကောင်းတာရှင်... ပြီးတော့ ကျွန်မတို့ လမ်းထိပ်က ခြံဝင်းထဲမှာ မိသားစု မဏ္ဍပ်လေးပဲ ထိုးမှာပါရှင်”

“သြော်... ဒေါ်ခင်မေထား...ဒေါ်ခင်မေထား ကျလည်း ကျလောက်ပါရဲ့ဗျာ... မိသားစုမဏ္ဍပ်ဆိုပြီး မန်ဘာကြေး ခင်ဗျားကောက်မှာ ကျုပ်သိတယ်ဗျ...ကျုပ်က ကျုပ်သားကို ချုပ်ချယ်တာ မဟုတ်ဘူး...ကျုပ်လည်း ငယ်ရာက ကြီးလာတာ...ဒါပေမဲ့ ... ဒီနှစ် မုန်တိုင်းရှိတယ်ဗျ... ဒီတော့ ဟော့ဒီမှာ ကြည့်စမ်း”

ကိုငြိမ်းမောင်က သူ့လက်ထဲကခွက်ကို ဒေါ်ခင်မေထား နှာခေါင်းနား တေ့ကပ်ပြလိုက်သဖြင့် ဒေါ်ခင်မေထားမှာ တံတွေးကို ဂလုခနဲ မျိုချလိုက်ရရှာ၏။

“မုန်တိုင်းတွေ တိုက်ပြီးရင် အပူပိုင်းရာသီ လာတော့မယ်။ အဲ့ဒီလို ရာသီဥတုတွေ မမျှတရင် ရေရှားမယ်။ ဒါကြောင့် ရေကို ချွေတာတဲ့အနေနဲ့ ကျုပ်တောင် ရေမရောတော့ပါဘူး ထား။ အဖေဖြစ်တဲ့သူတောင် ရေမရောဘဲသောက်တာ သားက ရေသွားပက်မလို့တဲ့ ကောင်းသလား... ကောင်းသလား... ဖြေစမ်းပါ ဂုဏ်ကြီးရှင်မကြီးရဲ့... သွားပါတော့ဗျာ...သွားပါတော့”

ချိုမြိန်ပြင်းရှသည့် ဘီအီးခွက်ကို နှာခေါင်းဝ လာတေ့ခံလိုက်ရသည့် ဒေါ်ခင်မေထား... မျက်နှာကို လက်ဝါးဖြင့်အုပ်ကာ တစ်ခြံကျော်ရှိ ဘီအီးဆိုင်သို့ တစ်ချိုးတည်း ပြေးထွက်သွားလေတော့သည်။

ဒေါ်ခင်မေထား တစ်ယောက် ဘီအီးဆိုင်အရောက်တွင် ရေမပါ တစ်ကျိုက်ကို သံပရာတစ်ကိုက်ဖြင့် ဝါးလုံးထိုး မော့ပြီးသည့်နောက် ပါလာသောဖုန်းဖြင့် ဆပ်ဖီဆွဲကာ အောက်ပါအတိုင်း စတေးတပ်စ်ရေးပြီး ဖေ့စ်ဘွတ်တင်လိုက်လေတော့သည်။

“ကိုငြိမ်းမောင်ဟာ သူ့ရည်းစား သင်္ကြန်မှာ လင်နောက်လိုက်သွားတာနဲ့ပဲ...သင်္ကြန်ကို မုန်းနေတာလား...ပရမ်းပတာတွေပါ... ကိုငြိမ်းမောင်ရယ်”
“ဒါ အချင်းချင်း ပူးသတ်တာပဲ”
“လခွမ်း ခင်မေထားကြီး... တို့အဘရဲ့ စေတနာကို စော်ကားတာ...”
“ဟေ့...တို့ကိုငြိမ်းမောင်ကို မထိနဲ့၊ ဂန်းမကြီး ... သေသွားမယ်...ရှင်သွားမယ်”

ထစ်ခနဲရှိ ဆဲဖို့ရန် မောင်းတင်ထားသော အဆဲအကျိုးဆောင် ဖေ့စ်ဘွတ်မောင်အဖွဲ့ကြီးက ဒေါ်ခင်မေထားကြီးဘက် လှည့်တွယ်တော့သည်။

မန်းရွှေမြို့တော်မှ လမ်းလျှောက်သင်္ကြန် လမ်းပိုင်းတစ်ခုကို ခဲကြောက်သင်္ကြန် လမ်းပိုင်းတစ်ခု ဖြစ်သွားစေသည့် လူလွန်မသားအချို့ကို ဆဲနေကြသည့် အဆဲမဟာသဘင် ဇာတ်တော်သားများကလည်း ဒေါ်ခင်မေထားကြီးဆီ လှည့်ဝုန်းတော့၏။

ဒီနေရာကျ ခင်မေထားက ခပ်တည်တည်ပင်။

ကိုငြိမ်းမောင်ထံတွင် စန္ဒရားစသင်ခါစက စတိုင်လ်အတိုင်း မျက်လုံးကလေး ကြာပစ်ကာ
“သူလုပ်တာကိုင်တာ ပုံမကျလို့တော့ ထားက ထောက်ပြတာပါ...ထား လိပ်ပြာ ထားလုံတယ်”

ဘယ်ရမတုံး။ အကယ်ဒမီ ခင်မေထားပဲ ဟာကိုး။

အဲ့သလို ဆိုပေမယ့် ကိုငြိမ်းမောင်ကို ကြည့်မရတဲ့ အုပ်စုကတော့ ခင်မေထား ပရိသတ်များအဖြစ် ချက်ချင်းအသွင်ပြောင်းသွားကြတာပဲ။

“ငြိမ်းမောင်ဘက်တော်သား အဆဲသမားတွေဟာ ဒေါ်ခင်မေထားကို ဆဲကြတယ်။ ဒါဟာ လူ့အခွင့်အရေး ချိုးဖောက်တာပဲ၊ ဟေ့... သင်္ကြန်ဘက်သား ခင်မေထားကွ”

ထိုသို့နှင့် ကိုငြိမ်းမောင် ဘက်တော်သားများနှင့် ခင်မေထား ဘက်တော်သားများ တိုက်ပွဲတွေ ပြင်းထန်ကုန်ကြသည်။

ဖေ့စ်ဘွတ်ပေါ်တွင်သာ လေဖမ်းဒန်းစီး တိုက်ပွဲများ ပြင်းထန်နေသော်လည်း သင်္ကြန်ကတော့ ဆိုင်ကလုန်း မာရုသာကိုပင် မကြောက်မရွံ့ ကွေးနေအောင် ကနေကြဆဲ။

သက်ထွေးတို့ အုပ်စုကတော့ မုန်တိုင်းနဲ့အတူ မဏ္ဍပ်နား ချောင်တစ်ချောင်တွင် အရက်ထိုင်သောက်နေကုန်ပြီ။

ဒီလိုနဲ့ သင်္ကြန်သာ ပြီးသွားခဲ့သည်။

ဖေ့စ်ဘွတ်ပေါ်တွင် ကိုငြိမ်းမောင်၏ သင်္ကြန်ကိစ္စကို လူတွေ မေ့မေ့ပျောက်ပျောက် ဖြစ်သွားခဲ့သည်။ 

နောက်နှစ်သင်္ကြန်တွင်လည်း သင်္ကြန်လူကြမ်း ကိုငြိမ်းမောင်နှင့် သူတို့ကလေးများ ဘာတွေ ပြဿနာတက်ကြဦးမည် မသိ။

ဗြိတိသျှကိုကိုမောင်