News

POST TYPE

SATIRE

ဗိုလ်အောင်ဒင်၏ အစမ်းသပ်ခံ ဘဝများ
02-Apr-2017 tagged as

ရှေးအခါက ဗာရာဏသီပြည် ဗြဟ္မဒတ်မင်း လက်ထက်တွင် ဖြစ်သည်။ ယုန်တစ်ကောင်သည် ဖျံ၊ မြေ ခွေး၊ မျောက် စသော ဘော်ဒါဘော်ကျွတ်များနဲ့အတူ ပခုံးချင်းဖက်၍ ချစ်ခင်စွာ တောမြိုင်တစ်ခုတွင် အတူတကွ နေထိုင်လေ၏။ တစ်ခါသော် ယုန်သည် 

“မနက်ဖြန် ဥပုသ်နေ့ကွ၊ ငါတို့ ဥပုသ်စောင့်ရအောင်၊ ဒီလိုပေါ့ပေါ့တန်တန်နေရင် ငါတို့ဘဝတွေ တုံးလိမ့်မယ်… အလှူခံတို့အား ငါတို့၏ စားတဲ့အစာထဲမှ အလှူကို လှူကြမယ်” ဟုပြောလေတယ်။ ထိုအခါ ဘော်ဒါမြေခွေးက “ကျွန်တော်လည်း KTV သွား၊ မာဆတ်သွားနဲ့ ပင်ပန်းပြီး ကုသိုလ်တရားနဲ့ ဝေးနေတယ်၊ မနက်ဖြန်တော့ ဥပုသ်စောင့်ဖြစ်အောင် စောင့်မယ်။”
 
ဘော်ဒါမျောက်ကလည်း “တစ်နေ့တစ်နေ့ ဘောပွဲလောင်း၊ ဘောပွဲကြည့် လောင်းကစားအစုံ လုပ်နေရတာနဲ့ မအားလပ်နိုင်အောင် ဖြစ်နေတယ်၊ အချိန်တွေ နှမြောပါဘိ… အဆွေယုန် ပြောတာ သင့်မြတ်လှပါပေတယ်”။ ဘော်ဒါဖျံကလည်း အားကျမခံ… “အဆွေတို့ပြောတာ မှန်ပါတယ်။ ကျုပ်မှာလည်း နေ့စဉ် ဖျံမလေးတွေနဲ့ မျိုးဆက်ပြန့်ပွားဖို့ အချိန်ပေးရတာနဲ့ ဘဝက ကြမ်းတမ်းလွန်းလှပါတယ်… မနက်ဖြန် ဥပုသ်နေ့ကျရင်တော့ ကုသိုလ်အရ ယူရမယ်ဗျာ” ဟု အားတက်သရော ပြောလေ၏။ ထိုအခါ ဘော်ဒါယုန်လည်း သာဓု သုံးကြိမ် ခေါ်လေသည်။ နောက်တစ်နေ့တွင် အသီးသီး အစာရှာထွက်ကြရာ ဘော်ဒါဖျံသည် တံငါသည် တစ်ဦး၏ ပိုက်ကွန်မှ ငါးကြင်းခုနစ်ကောင် ရလေ၏။ မြေခွေးသည် လယ်စောင့်တဲမှ အမဲစို့ နှစ်ခု၊ ဖွတ်ကင် တစ်ခုရ၏။ ဘော်ဒါမျောက်သည် ငှက်ပျောခိုင်တစ်ခိုင် ရ၏။ 

ထို့နောက် ဘော်ဒါသုံးဦးတို့သည် ကိုယ်စီရှာဖွေထားသော အစားအစာများကို မိမိနေထိုင်ရာ ဌာနေတွင်ထားကာ သီလဆောက်တည်ကြ၏။ ယုန်သည် မြက်ကိုသာစား၏။ တကယ်လို့ အလှူခံလာရင် မြက်ကို လှူရန်မသင့်။ အဲတော့ မိမိအသားကို လှူမည်ဟု ကြံစည်ပြီး မိမိနေထိုင်ရာဘုံဗိမာန်ဖြစ်သော ချုံအတွင်း၌ ဝပ်ကာ သီလကို ကြိုးစားဆောက်တည်နေ၏။ 

ထိုအခြင်းအရာကို သိသော သိကြားမင်းသည် ယုန်မင်း၏ သီလကို စမ်းသပ်ရန် နယ်ဝေးအလှူခံ အဖွဲ့တစ်ဖွဲ့ကိုဖန်ဆင်းလေသည်။ မိမိကိုယ်တိုင်လည်း ပုဏ္ဏားအသွင် ဖန်ဆင်းပြီး ပထမဦးစွာ ဖျံ၊ မြေခွေးနှင့် မျောက်ဆီသို့ အလှူခံထွက်လေသည်။ 

“ငါက…ဗိုလ်အောင်ဒင်… နင်က… ဒါကိုမမြင် … ငါ့ အသည်းကို ခလုတ်တိုက်သွားတယ်…မိန်းကလေးရယ်…မင်းမိုက်တယ်…” ဟူသော မနော၏ ဗိုလ်အောင်ဒင် သီချင်းကို ဖျံ၊ မြေခွေးနှင့် မျောက်တို့ ကြားအောင် ဘော်လွန်းကို တိုး၍ ဖွင့်လေ၏။

ထိုသီချင်းသံကို ဖျံ၊ မြေခွေးနှင့် ယုန်တို့ ကြားသော် အလှူခံတွေတော့ လာချေပြီဟု သိလေ၏။ ထိုအခါ မိမိတို့ နေထိုင်ရာ ဌာနေတွေဆီမှ ထွက်လာကြပြီး အစားအစာများ လှူဒါန်းကြတဲ့အခါ သိကြားမင်း (ပုဏ္ဏား) မှ “နောက်များမှပေါ့ အခုထော်လာဂျီဆီ သွားထည့်ဦးမယ်” ဟု ဆိုကာဆိုကာ ဘော်ဒါယုန်ဆီ သွားလေသည်။ 

“ငါက…ဗိုလ်အောင်ဒင်…နင်က…ဒါကိုမမြင်…ငါ့အသည်းကို…ခလုတ်တိုက်သွားတယ်… မိန်းကလေးရယ်…မင်းမိုက်တယ်…” ဟူသောသီချင်း သံကို စောစောကထက် ဘော်လွန်းကိုတိုး၍ ဖွင့်လေ၏။ 

ထိုသီချင်းသံကို ဘော်ဒါယုန် ကြားသော် အလှူခံမှန်းမသိ၊ နားနှစ်ဖက်ပိတ်ပြီး ဇွတ်အိပ်၏။ အိပ်သော် အိပ်မရ။ ကြိုးစား၍ သီလဆောက်တည်သော်လည်း မရ။ သိကြားမင်း၏ စမ်းသပ်မှုကြောင့် သီလကျိုးလေပြီ။ ဘော်ဒါယုန် သေချင်စိတ် ပေါက်သွားလေသည်။ ဘော်ဒါယုန် စိတ်ကိုဒုန်းဒုန်းချပြီး မိမိဘုံဗိမာန် ချုံအတွင်းမှ ထွက်လာကာ “အသင်ပုဏ္ဏား မီးမွှေးတော့၊ ငါ့ကိုချက်စားတော့၊ သင်တို့လည်း လမ်းတကာ နယ်တကာ လှည့်ပြီး အလှူခံလာတာ မောနေရောပေါ့၊ ဆာနေရောပေါ့၊ ငါ့ကိုယ်ငါ ဟင်းအိုးထဲ ခုန်ဆင်းပြီး ငါ့ အသားကို အသင်တို့ကို လှူမည်။ ငါ၏အသားသည် ဘီယာနဲ့မြည်းမြည်း ဝီစကီနဲ့ပဲမြည်းမြည်း၊ သင့်တော်၏၊ ကင်စားစား၊ ကြော်စားစားပင်စိမ်းလေးအုပ်လို့ အရည်သောက်လေးပဲ ချက်ချက်လွှတ်ကောင်း၏” ဟု ဆိုလေသည်။ 

ပုဏ္ဏားလည်း သွားရည်ကျလေ၏။ ထို့နောက် မီးမွှေးဖို့ရာ မီးသွေးရှာ၏၊ အရန်သင့် မတွေ့သော် လမ်းဘေးဈေးဆိုင်တစ်ဆိုင်မှ တစ်ရာတန် မီးသွေးတစ်ထုပ် ဝယ်၍ မီးမွှေးလေ၏။ တစ်အောင့်ကြာသော် ဟင်းအိုးသည် ဟော့ပေါ့အိုးလို ပွက်ပွက်ဆူနေလေသည်။ ဘော်ဒါယုန်လည်း ကိုယ်လက်သန့်စင်ခြင်းပင် မလုပ်တော့။

နားညည်းသည့် ဒဏ်မခံနိုင်ရော့ထင့်။ ဘော်ဒါယုန် ဟင်းအိုးအတွင်းသို့ ခုန်ဆင်းမည် အပြုတွင်
“အဆွေယုန် ရပ်လော့” သိကြားမင်း (ပုဏ္ဏား) မှ တားမြစ်လေသည်။

“ထိုဟင်းအိုးသည်ကား အဆွေယုန်၏ အသားကို စိုးစဉ်းမျှ ပူလောင်မည် မဟုတ်ပေ”။ ပုဏ္ဏားစကား မှန်ပေ၏၊ ဟင်းအိုးကား မြန်မာစည်ဘီယာတစ်ခွက်လို အေးစက်နေလေသည်။

ဘော်ဒါယုန် ကံကောင်းသွားလေသည်။ ဗိုလ်အောင်ဒင် သီချင်းသံ မကြားခင်က ဆောက်တည်ခဲ့တဲ့ သီလအကျိုးတည်း။ ထိုအခါ ပုဏ္ဏားက “ငါသည် သိကြားမင်း ဖြစ်သည်။ သင်၏ သီလကို စုံစမ်းရန် လာခြင်း ဖြစ်သည်။ နောက်တစ်ဖန် လူ့လောကလူ့ဘုံတွင် ဤဗိုလ်အောင်ဒင်သီချင်းဖြင့် သွားရောက်၍ စမ်းသပ်ရပေဦးမည်။ အသင်ယုန်၏ ဂုဏ်ကျေးဇူးသည် ကမ္ဘာပတ်လုံး တည်စေသတည်း” ဟု ကြွေးကြော်ကာ သော်တာလဝန်း၌ ယုန်ရုပ်ကိုရေး၍ နတ်ပြည်သို့ ပြန်လေ၏။

ထို့နောက် ဘော်ဒါလေးဦးတို့လည်း သိကြားမင်း၏ နယ်ဝေးအလှူခံအဖွဲ့ (ဝါ) ဗိုလ်အောင်ဒင် ပြန်သွားမှ အလှူဒါနကို အေးအေးချမ်းချမ်းပြုကာ သီလဆောက်တည်ပြီး အသက်ထက်ဆုံး ချစ်ချစ်ခင်ခင် ပျော်ပျော်ရွှင်ရွှင် နေသွားသတဲ့။

ကို G

  • TAGS