News

POST TYPE

SATIRE

အမည်ပေး အမတ်လောင်း မဖြစ်ခဲ့သည့် အကြောင်း
19-Mar-2017 tagged as

“ဆရာသမား...နောက်သက်တမ်းမှာ အမတ်လောင်း ဝင်ရွေးပါလားဗျာ” တဲ့။
တောင်းဆိုကြတယ်။ တောင်းဆိုကြလေရဲ့။
လခွမ်း။
တောင်းဆိုသူတွေက နည်းနည်းနောနော လူတွေလား။
ကျွန်တော်နေတဲ့ ပရမ်းပတာရပ်ကွက်က သန်းမြိုင်တို့၊ ကုလားပိန်တို့ အုပ်စုတွေ။ 

အောင်မယ်... ဒီကောင်တွေ ဘာမှတ်တုံး။ ရပ်ကွက်ထဲက မျိုးဆက်သစ်တွေဗျ။

အခြားမျိုးဆက်သစ်တော့ မဟုတ်ဘူး။ အရက်သမား မျိုးဆက်သစ်တွေ။ ကိုမင်းမျိုးကြီးရဲ့ အရက်ဖြူဆိုင်က ထိုင်ခုံတွေကို အသစ်နေရာ ဝင်ယူထားတဲ့ကောင်တွေ။

ကျွန်တော့်လို အူလတိ အူလတန်းကောင်ကို အမတ်လုပ်ခိုင်းဖို့အတွက် ဒီကောင်တွေရဲ့ ရည်ရွယ်ချက်ကိုလည်း ကြည့်ဦး။

“ဆယ်တန်းစာမေးပွဲဆိုပြီး... ဆိုင်တွေပိတ်တယ်...ကိုဗြိရာ...ဒါဟာ မြန်မာပြည်မှာ ဆယ်တန်းကလေးတွေတောင် အရက်သောက်တယ်လို့ ဆိုလိုတာ မဟုတ်လား... ကျုပ်တို့ ဒါကိုလက်မခံဘူး... ကျွန်တော်တို့ ကလေးတွေကို အထင်သေးမခံနိုင်ဘူး... တကယ်ဆို အမေရိကန်တို့ ဘာတို့မှာလို အိုင်ဒီကတ်တို့၊ မှတ်ပုံတင်ကတ်တို့နဲ့ အရက်ရောင်းတဲ့စနစ်ကို လုပ်ပါလားဗျ.. ဒီလိုဆို အသက်ပြည့်သူတိုင်း အရက်ကို အကန့်အသတ်မထား မှီဝဲခွင့်ရမယ်... ဒါကို ခင်ဗျားအမတ်ဖြစ်ရင် တင်ပြရမယ်”

အဲ့ဒီလို တကယ့်ကောင်တွေမို့...ကျွန်တော့်မှာ ဒီလိုမျိုး မနည်းရှင်းပြရတယ်။

“မဟုတ်ပါဘူးကွာ...စာမေးပွဲရက်ဆိုတော့ မင်းတို့လို အေးအေးဆေးဆေး မဟုတ်ဘဲ... သောက်စားပြီး ဆူညံတဲ့ ကောင်တွေနဲ့ဆို ကလေးတွေ စာကြည့်ရတာ အနှောင့်အယှက်ဖြစ်မယ် စိုးလို့ပါဟ... မင်းတို့က အိမ်ဝယ်ပြီးသောက်လည်း ရတာပဲ”

“အာ...မရဘူးဗျာ...ကိုဗြိ...အမတ်ဖြစ်အောင် လုပ်ဗျ...ခင်ဗျား သတင်းစာတွေ၊ ဂျာနယ်တွေ၊ ဖေ့ဘွတ်ပေါ်တွေကျ စွာကျယ်စွာကျယ်တွေ လျှောက်ရေးနေပြီ...အခုကျ အမတ်တောင် မပြိုင်ရဲဘူး...ခင်ဗျား...ငကြောက်ပဲဗျ”

အောင်မယ်...ဒီလိုဆိုရလောက်အောင်လည်း ဒီကောင်တွေ သြဇာက နည်းတဲ့ သြဇာလား။  ရပ်ကွက်ထဲ သင်းတို့အုပ်စုက သြဇာကြီးဆို... သူတို့အုပ်စုက တစ်ပြွတ်တစ်ခိုင်ကိုဗျ။ 

ရှိသမျှ အရက်သမား ဒီဆိုင်စုကြတာချည်း။

ရှိသမျှ အရက်သမား ဆိုတော့ကာ ဒီရပ်ကွက်ထဲလည်း ရှိသမျှ ယောက်ျားတွေက အရက်သမားတွေချည်း မဟုတ်လား။ ဒီတော့ ရပ်ကွက်ထဲ ရှိသမျှ အိမ်ထောင်သည် အမျိုးသမီးတွေကလည်း သူတို့ သက်ဆိုင်သူတွေချည်းပဲ။

ဒီလိုဆိုတော့ သားသမီးတွေကရော။ သူတို့ မိန်းမတွေက မွေးမှဖြင့်... သူတို့ သားသမီးတွေလေ။

အိမ်ထောင်ဦးစီး၊ အိမ်ဦးနတ်ဆိုပြီး ရှကီချည်း ချနေတဲ့ ဒီအိမ်ထောင့်နတ်ဘုရားတွေ လက်အောက်မှာရှိတဲ့ လူထုအင်အားက နည်းတဲ့စည်းရုံးရေး အင်အားလား။

ဒီတော့ ကျွန်တော့်လို မိန်းမယူဖို့ ကြံစည်နေတဲ့ အညတရ လူပျိုသိုးလေးက ဒင်းကြီးတို့ကို ဘယ်ကျော်နိုင်မတုံး။ မကျော်နိုင်ဆို ကျွန်တော့်မှာလည်း မနက်ခင်း ရုံးသွားတိုင်းဖြစ်ဖြစ်၊ စာမူခသွားထုတ်ရင်ဖြစ်ဖြစ် ဒင်းတို့တစ်သိုက် စတည်းချရာ နေရာကနေ ဖြတ်ကျော်ရတာ။

ဘယ့်နှယ် ယတိပြတ် ငြင်းရမလဲဗျာ။

ဒါနဲ့ မေးကြည့်တယ်။

“ဟေ့လူတွေ ကျွန်တော့်ထက်စာရင်...ဟို ကာတွန်းဆရာ...ဇိုးစံဝင်းက အမတ်လောင်း ပိုဖြစ်ထိုက်တယ် ထင်တယ်...အသက်အရွယ်သာကြီးတာ နုပျိုဖျတ်လတ်တယ်ဗျ...ဥပဓိလည်းကောင်းတယ်၊ အသားလည်းဖြူတယ်”

“အာ...အဲ့ဒီလူကြီးက နုချင်ယောင် ဆောင်နေတာဗျ...တကယ်တမ်းကျ...မျက်စိက မှုန်နေပြီ...ပြီးတော့ သောက်တာလည်း မန္တလေးရမ်တဲ့...စက်မှု (၁) ကို သံယောဇဉ်ကုန်ပုံ မပေါ်ဘူး”

“ဒါဖြင့် ဟို ဇင်သော်နိုင်ဆိုတဲ့ ဘလူးမတ် ရထားတဲ့ ဂျာနယ်လစ် အယ်ဒီတာဗျာ”

“နေပါဗျာ...သူ့ဘာသာ မြန်မာအိုက်ဒေါက ဘီလီလေးပဲ ဘာညာနဲ့ ရှုပ်နေတာ... ဘလူးမတ်လား... ဘူးမတ်လားတောင် မကွဲဘူး..နေပါဗျ”

ကဲ...ကြည့်ကြပါဗျာ။
ရပ်ကွက်ထဲ ရှိသမျှ အထင်ကရလူတွေ ကုန်ပြီ။
ကျွန်တော်မှ ကျွန်တော်တဲ့။

ခက်တာက ဒီအကောင်အရက်သမားတစ်စုက ကျွန်တော့်ကို ဈာန်းတင်ပုံများ ကြည့်ဦး။

“ကိုဗြိပဲ အမတ်ဝင်ရွေးပါဗျာ။ ဘူးလက်ကိုကိုမောင် ဆိုတဲ့ ကလောင်ဟာ ကျုပ်တို့ ရပ်ကွက်အပြင်အထိ နာမည်ကြီးတယ်ဗျ...သိလား...ဘူးလက်ကိုကိုမောင်...ဘူးလက်ကိုကိုမောင်”
ဟေဟေး...ဘယ့်နှယ်လုပ်မတုံး။ ဘူးလက် ကိုကိုမောင်တဲ့။

ကျွန်တော်ရှင်းပြပါသေးတယ်။ ဗြိတိသျှကိုကိုမောင်ပါ ဟလို့။

“အို...မသိဘူးဗျာ...ဘူးလက်ဆိုတာလည်း အင်္ဂလိပ်လိုပဲ ခင်ဗျားက ဘူးလက်ကိုကိုမောင်ပဲ...ဘူးလက်ကိုကိုမောင်ပဲ...အမတ်လုပ်ပါ...အမတ်ဝင်ရွေးပါ”

ကိုင်း...မခက်လားဗျာ။

အဲ့ဒီနာမည်ကြီးရှေ့မှာ တပ်ကတည်းက ‘အဘယ်လတီ’ ဘယ်လောက်ရှိရှိ ရှုံးပြီဆိုတာ သိထားတဲ့ ကျွန်တော့်ဘဝ။

နဂိုကလည်း အမတ်မှ မလုပ်ချင်တာဗျ။

ဒါနဲ့ အားနာနာနဲ့ တော်ပါပြီ ဆရာတို့ရယ်... ဒီတစ်ခေါက်တော့ နိုးပါဆိုပြီး ငြင်းခဲ့ရတယ်။

အလို...ငဗြိနှယ့်...တစ်လကို ဆယ်သိန်း ဒီလောက်ခိုင်တဲ့အမတ် ဘာလို့များ မလုပ်ချင်ရတာတုံးလို့ ဆိုကြဦးမယ်။

မောင်ဗြိ အမတ်မလုပ်ရခြင်းသည် ထို့နှယ်ကြောင့်ဟု နတ်သံနှော...ပြောရမလား...ကွယ်ရို့။

ဒီ့နှယ်...ဂလိုပါဗျာ။

ဟီး...ပထမ ပြောရရင်ဖြင့်။

ဟိုအမတ်မင်းလို...ကြွားစရာ မရှိဘူးဗျ။

ကျုပ်ကားက  ဘာအမျိုးအစား ဘာကြီး။ ဟိုနား ဒီနားသွားတာနဲ့...လွှတ်တော်တက်တာနဲ့တင် ဆီဖိုးက တစ်လဆယ်သိန်းထက်မက ကုန်တယ်လို့ ဆိုကြလေတော့။

ဘယ့်နှယ်ဆို...မောင်ဗြိလေး အမတ်ဖြစ်ရင် ကျုပ်ငှားစီးတဲ့ ဆိုက်ကားမှာ ဆိုက်ကားဆရာ ကိုသောင်းတင်က တစ်နာရီ ငါးထောင်တောင်းလို့ တစ်နေ့ ရှစ်နာရီဆို လေးသောင်းကျတယ်။ ဆယ်ရက်ကို လေးသိန်း။ ရက်သုံးဆယ်ကို ဆယ့်နှစ်သိန်း။ ကျုပ်အိတ်ထဲကနေ တစ်လနှစ်သိန်း ဆိုက်ကားဖိုး စိုက်နေရတယ်လို့ ဘယ်ဖြစ်လိမ့်မတုံး။

အမတ်...အမတ်ချင်းတောင်...ဘိုင်ကျတဲ့အမတ် ဖြစ်နေရင်ဖြင့် အားငယ်စရာကဖြစ်ပြီ။

နောက်တစ်ခါ လာပြန်ချည်သေးတယ်။

ဒါက နှလုံးသားကိစ္စ။

အခုတစ်လော ခေတ်စားတယ်။ သူနာပြုဆရာ၊ ဆရာမလေးတွေ နေပူထဲ လမ်းလျှောက်ကြရင်ဖြင့် ကျွန်တော် အမတ်မင်း မောင်ဗြိမှာ ဘယ်နားနေရမှန်း မသိဘူး။

နဂိုကတည်းက ငွေသော်တာရောင်ခြည် ဘာညာဆိုပြီး အကြင်နာစိတ် ယိုဖိတ်နေရတဲ့အထဲ သူတို့ကလေးတွေအတွက် လိုအပ်ချက်တွေ၊ တောင်းဆိုချက်တွေကို မဖြည့်ဆည်းနိုင်ရင်ဖြင့် ရင်ကျိုးရချည်ရဲ့ဗျာ။

အဲ့ဂလို...အဲ့ဂလိုဗျ။

အမတ်ဆိုတာ အဘယ်လတီ...အဘယ်လတီတို့... မျိုးချစ်စိတ်တို့ အော်ပြီး မနိုင်လည်း အရှက်မရှိ  ခပ်တည်တည်နေရတာမျိုး ဆိုတော့ ကျွန်တော်မောင်ဗြိဖြင့် စိတ်ဖိအားများလွန်းလို့ ဘေးရှောင်ထားတာပါဗျာ။ ဒီလောက် ဘေးရှောင်ထားတာကိုမှ ဘယ်ကနေဘယ်လို သတင်းကြားတယ် မသိ။

လူတစ်ခု ပူမှုဆယ်ကုဋေမှာ ဗြိ ငနဲသည် အမတ် ဧကန်လုပ်လိမ့်မည်လို့ ကောလာဟလ သတင်းကြားပြီး အရှုပ်ထုတ်သ ယ်လာသူကတော့ မောင်တင်ဆိုတဲ့ အကောင်ပဲ။

အဲ့ဒီအကောင်က မနှစ်က အိမ်ထောင်ကျပြီး လောလောလတ်လတ် ကလေးမွေးထားတဲ့ အကောင်။

“ကိုဗြိ...အမတ်လုပ်မယ်ဆို”

“သန်းမြိုင်တို့ အရက်သမားအုပ်စု လျှောက်မြှောက်ပေးနေတာပါကွာ”
“ကဲ... ဘာမှဆင်ခြေတွေ လျှောက်ပေးမနေနဲ့တော့...ကိုဗြိ...အင်္ဂါနေ့ ည ၁၁ နာရီမွေးတာ...နာမည်မှည့်ပေး ကင်ပွန်းတပ်ပေတော့”
“ဟမ်...ဟေ့ကောင်...ဘာလဲကွ”
“ဘာမှ...ဟမ်...မနေနဲ့...ကျွန်တော့်...သမီးလေ ... မနေ့က ည ၁၁ နာရီမှာ မွေးတာ...နာမည်ပေးပေတော့ပဲ..”
“ဟိတ်ကောင်...ငါက သရော်စာတို့...ဘာတို့ပဲ ...ရေးတတ်တာကွ...ဗေဒင်မတတ်ဘူး...လခွမ်း”
“ရော်...ခင်ဗျားပဲ...အမတ်လုပ်တော့မယ်ဆို...အမတ်ဆိုတာ အမည်ပေး ကင်ပွန်းတပ်တဲ့ပညာ တတ်ရတယ်ဗျ... လူနာမည်မပြောနဲ့ တံတားနာမည်တောင် လွှတ်တော်ထဲ ဝိုင်းဆွေးနွေးပြီး အမည်တပ်ပေးကြတာ...ဟေ့လူ...အမတ်ဖြစ်မယ်မှ မကြံသေးဘူး...မာန်မတက်နက်နော်”

“ဟုတ်တယ်...ဟုတ်တယ်...ဟုတ်တယ်”
“အလို ဟေ့ကောင် မင်းနောက်က မိန်းမတစ်အုပ်က ဘာတွေတုံး”
“အဲ့ဒါ ရပ်ကွက်ထဲက မွေးကင်းစ ကလေးအမေတွေဗျ...ခင်ဗျား...အမတ်ဆို...အခုပဲ ကျုပ်တို့ကလေးတွေကို အမည်ပေး ကင်ပွန်းတပ်ပေးပါ...မတပ်ပေးရင် သပိတ်မှောက်မယ်၊ ဆန္ဒပြမယ်...တောခိုတယ်”

အဲ့ဒီလိုနဲ့ပဲ...
ကျွန်တော်...မောင်ဗြိ အမတ်မဖြစ်ခင်... ရပ်ကွက်ထဲက ထွက်ပြေးခဲ့တာပေါ့ဗျာ။ အဲ့ဒါပေါ့။ အဲ့ဒီလိုပါ ဆိုနေ။

ဗြိတိသျှကိုကိုမောင်

  • TAGS