News

POST TYPE

SATIRE

ကျေးကလေးတွေ ယဉ်ပါစေ
26-Feb-2017 tagged as

မောင် ညီမလေးတို့ရေ...။

ဦးဗြိ ပုံပြင်လေးတစ်ပုဒ် ပြောပြမယ်ကွဲ့။ အဲ ပုံပြင်ပြောမယ်ဆိုလို့ ဦးဗြိဟာ လွှတ်တော်အမတ် လုပ်တော့မှာလားလို့တော့ မမေးကြေးနော်။

ဟိုးရှေးရှေးတုန်းကပေါ့ကွယ်။ တောကြီးတစ်ခုထဲမှာ ကျေးညီနောင်လေး နှစ်ကောင် ရှိသတဲ့။ တစ်ရက်တော့ နာဂစ်ဆိုတဲ့ အရာကြီး ဝုန်းဒိုင်းတဲ့အခါ လေပြင်းတွေတိုက်လို့ ကျေးလေးနှစ်ကောင်မှာ တစ်နေရာစီ လွင့်ပါးသွားရသတဲ့။

ကျေးသားလေး တစ်ကောင်က ရသေ့တို့ရဲ့ ကျောင်းသင်္ခမ်းကို ရောက်ပြီး ကျေးသားလေး တစ်ကောင်ကတော့ ခိုးသားဓားပြတို့ရဲ့ စခန်းဆီကို ရောက်သွားသတဲ့။

ရသေ့တို့ ကျောင်းသင်္ခမ်းမှာ ကြီးပြင်းလာရတဲ့ ကျေးသားလေးဟာ ရသေ့ရဟန်းတို့ရဲ့ တရားဓမ္မကို နာကြားရင်း ချိုသာယဉ်ကျေးတဲ့ စကားကို ဆိုတတ်တဲ့ ကျေးသားလေး ဖြစ်လာသတဲ့ကွယ်။

(အဲ့ဒီတုန်းက ခုခေတ်လို စင်ပေါ်တက်ဆဲတတ်တဲ့ ရသေ့ ရဟန်း မပေါ်သေးဘူး ထင်ပါရဲ့...)

ခိုးသားဓားပြတို့ စခန်းဆီရောက်တဲ့ ကျေးသားလေးကတော့ ဆဲဆိုရိုင်းစိုင်းတဲ့ ကျေးသားလေး ဖြစ်လာတာပေါ့။

တစ်နေ့တော့ ပြည့်ရှင်မင်းတစ်ပါးဟာ တောလည်ထွက်ရင်း မျက်စိလည် လမ်းမှာပြီး ခိုးသားဓားပြတို့ရဲ့ စခန်းနား ရောက်သွားသတဲ့။ အဲ့ဒီအခါ ပြည့်ရှင်မင်းကို တွေ့တဲ့ ခိုးသားဓားပြတို့ရဲ့ ကျေးသားလေးဟာ ဒီလိုအော်သတဲ့ကွယ် -

“ဒီသူယုတ်မာ ဖုန်းတောင်းယာစကာကို သတ်ကြပါ။ ပစ္စည်းတွေကို လုကြပါ။ သစ်ပင်တွေကို ခုတ်ကြပါ။ ကျောက်စိမ်းတွေကို တူးကြပါ (အဲလေ...အဲဒါတွေက အပိုပါသွားတာ...ငိ)

အဲ့ဒီလို ဓားပြတို့ရဲ့ ကျေးသားကအော်တဲ့အခါ ခိုးသားဓားပြတွေဟာ လက်ပတ်နီတွေပတ်ပြီး မင်းကြီးနောက် လိုက်ကြသတဲ့။ မင်းကြီးလည်း ကြောက်ကြောက်လန့်လန့်နဲ့ ခြေဦးတည့်ရာ လျှောက်ပြေးရင်း ရသေ့တို့ရဲ့ ကျောင်းသင်္ခမ်းနားကို ရောက်သွားပါလေရောကွယ်။

အဲ့ဒီအခါ ရသေ့တို့လက်ထဲက ကျေးသားလေးက
“မြတ်သောမင်းကြီး ကြွပါ... မြင့်မြတ်သော နေရာတွင် သက်သောင့်သက်သာနေပါ...ကြည်လင်အေးမြသောရေကို အမောပြေ သုံးဆောင်ပါ...သစ်သီးဝလံများကိုလည်း စားသုံးပါ” ဆိုပြီး ဘောမ အဲလေ ပြောပြသတဲ့ကွယ်။

ဒီအခါမှာတော့ မင်းကြီးက “အသင်ကျေးငယ်...ကျေးသားချင်း တူသော်လည်း ခုနက ကျွန်ုပ်တွေ့ခဲ့သော ကျေးသားမှာ ရိုင်းစိုင်းပြီး သင်ကား ချိုသာယဉ်ကျေးလှပါသည်။ အဘယ်သို့ ကွာခြားသနည်း” ဟု မေးတဲ့အခါ ကျေးသားငယ်က “ကျွန်ုပ်တို့သည် တစ်မိတည်းပေါက် ကျေးညီနောင် ဖြစ်ပါသည်။ မိုးသက်လေပြင်းများ ကျသည့်အခါ ကျွန်ုပ်သည် ရသေ့တို့ထံ ရောက်ရှိကြီးပြင်းသဖြင့် ယဉ်ကျေးပြီး ကျန်ကျေးငယ် ဖြစ်သူသည် ခိုးသားဓားပြတို့ထံ ခိုလှုံမိသည့်အတွက် ရိုင်းစိုင်းရပါသည်” လို့ ရှင်းပြသတဲ့။

တကယ်တော့ ဒီပုံပြင်ကို အဲ့ဒီနေရာမှာပဲ ဆုံးပြီလို့ လူတွေက ထင်ကြတာ များတယ်။

ဒီမယ်...ပုံပြင်က မဆုံးသေးဘူးဗျ...မောင်ဗြိ ဆက်ပြောပြမယ်။

အဲ့ဒီလို့နဲ့ မင်းကြီးဟာ သူ့နန်းတော်ကို ပြန်ရောက်တဲ့အခါ တောထဲက ခိုးသားဓားပြတို့ကို လက်သန်းတော်ချေ ဗိုလ်ပါထုရှိတဲ့ စစ်တပ်ကြီးနဲ့ သွားရောက်နှိမ်နင်းသတဲ့။

ဒီအခါမှာ ခိုးသားဓားပြတို့ရဲ့ကျေးသားလေးကလည်း လက်နက်နဲ့ ငြိမ်းချမ်းရေး လဲပါ့မယ်ဆိုပြီး စပါးနှံပါမစ် အစောင်ငါးဆယ်တောင်းပြီး အလင်းဝင်လာသတဲ့ကွယ်။ 

မင်းကြီးကလည်း ကျေးသားညီနောင် ဖြစ်နေပါလျက်နှင့် ခိုးသားဓားပြတို့ လက်ထဲရောက်လို့ ရိုင်းစိုင်းရတဲ့ ကျေးသားငယ်ကို သနားစိတ်ဝင်ပြီး ပြုပြင်ပေးဖို့ ဆုံးဖြတ်လိုက်သတဲ့။

ဒီရိုင်းစိုင်းတဲ့ ဓားပြကျေးသားကို ရသေ့တို့ ကျောင်းသင်္ခမ်းက ယဉ်ကျေးတဲ့ ကျေးသားနဲ့ အတူတူ သွားထားလိုက်ရင်ဖြင့် ယဉ်ကျေးသွားမယ်လို့ တွေးမိသတဲ့။

အဲ့ဒီလိုနဲ့ ဓားပြတို့ လက်ထဲက ကျေးသားလေးကို ရသေ့တို့ကျောင်းသင်္ခမ်းကို ပို့ပြီး ယဉ်ကျေးတဲ့ ကျေးသားလေးနဲ့အတူ နေစေသတဲ့ကွယ်။

လအတန်ကြာတဲ့အခါ ဓားပြကျေးသားလေးဟာ ယဉ်ကျေးလိမ္မာတဲ့ ကျေးသားလေး ဖြစ်လောက်ပြီဆိုပြီး မင်းကြီးနဲ့ မှူးမတ်တချို့ဟာ ရသေ့တို့ ကျောင်းသင်္ခမ်းကို သွားရောက်ကြည့်ရှုကြသတဲ့။

ကျောင်းသင်္ခမ်းထဲ ဝင်ဝင်ချင်းမှာပဲ
“အာလူးမသား အဘိုးကြီးတွေလာပြီ...သေခါနီးအထိ အာဏာရူးတဲ့ လဘာဂျာကြီးတွေ...သင်းတို့ကို သတ်ပါတော့လား ရိုက်ပါတော့လား” ဆိုတဲ့ ကျေးညီနောင်ရဲ့ အသံဟာ တညီတညာတည်း ထွက်ပေါ်လာသတဲ့။

အရင်က ယဉ်ကျေးလွန်းတဲ့ ရသေ့တို့ရဲ့ကျေးသားလေးဟာ ဘာကြောင့် ရိုင်းစိုင်းတဲ့ကျေးသား ဖြစ်သွားတာလဲဆိုပြီး မင်းကြီးနဲ့တကွ မှူးမတ်များဟာ အံ့အားသင့်သွားလေရဲ့။

ဒါနဲ့ပဲ ကျောင်းသင်္ခမ်းထဲ ဝင်စုံစမ်းလိုက်တဲ့ အခါမှာတော့ ရသေ့ငယ် သုံးပါးက -
“ရှင်ဘုရင်ဖွတ်ချေး...မျောက်မသားကြီး မျောက်မသားကြီး” လို့ ဆဲရေးကာ ထွက်သွားကြသတဲ့။

နောက်ဆုံး ကျန်ရစ်တဲ့ ရသေ့ခေါင်းဆောင်ကြီးကို မေးလျှောက်တဲ့ အခါမှာတော့

“နင့်မေလခွီးထဲမှ ဒကာတော်မင်းကြီးရယ်...မင့်ကျေးသားက လာပို့တဲ့ နေ့ကတည်းက ကျုပ်တို့ ကျောင်းသင်္ခမ်းမှာ တစ်သက်နဲ့တစ်ကိုယ် မကြားဖူးတဲ့ စကားအဆန်းတွေ၊ ဆဲနည်းတွေ သောက်ကျိုးနည်း ထိုင်ရွတ်နေတော့တာပဲ... သူ့ဆဲနည်းတွေ နားရည်ဝပြီး တို့ဆီက ကျက်သရေတုံး ကျေးသားတင်မကဘူး တို့ဆီက သေချင်းစိမ်းရသေ့တွေပါ ရိုင်းစိုင်းကုန်တော့တာပဲဟေ့... ငါတောင်မှ သောက်ရေးမပါတဲ့ စကားကြမ်းတွေ မပြောဘူးဆိုပြီး မနည်းထိန်းနေရင်းက  ဒီအခြေအနေဖြစ်လာတာပဲ...လဒကြီး အဲ ဒကာကြီးတို့ရ” တဲ့။

ဒါနဲ့ မင်းကြီးလည်း အင်း ဒီမှာ ကြာကြာဆက်နေရင် ဒီဓားပြလက်က ကျေးငတိလက်ချက်နဲ့ ငါတို့ပါ သောက်ဆဲသန်လာတော့မယ်လို့ တွေးပြီး နန်းတော်ကို ပြန်ကြွသွားသတဲ့ကွယ်။

ကဲ...ကလေးတို့ရေ...ပုံပြင်လေးကတော့ ဒါပါပဲကွယ်။

ဒီတော့ ဒီပုံပြင်လေး ရေးနေတုန်းမှာပဲ ဦးဗြိတို့ နိုင်ငံမှာ ဖြစ်ပျက်နေတာလေး တစ်ခုကိုလည်း ပြောပြဦးမယ်။

အခု ရွေးကောက်ပွဲ အနိုင်ရ ပါတီကြီးက ဝန်ကြီးချုပ်ကြီး တစ်ပါးဟာ သူ့ပိုင်နယ်ထဲက ခရိုနီတစ်ယောက်နဲ့ အကြောင်းသင့်လို့ ပေါင်းမိသင်းမိကြတဲ့ သတင်းလေး သဲ့သဲ့ဟိုးကတည်းက ကြားပါရဲ့။

အခုတော့ တံတားတစ်စင်းကို နာမည်ပေးကင်ပွန်းတပ် အငြင်းပွားရာက စတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ကတ္တီပါလမ်းခွဲ ဇာတ်လမ်းတွေ ဖြစ်ကုန်ပြီတဲ့။

စလယ်ဝင်ဖင် မမည်းခင်က ကွဲခဲ့ကြတဲ့ဇာတ် လမ်းလေးဟာ ခေတ်သစ်ဒီမိုကရေစီပြဇာတ်ရဲ့ အလွမ်းဇာတ်လေးပေါ့ကွယ်။

သိတဲ့အတိုင်း ဖေ့ဘွတ်ပေါ်က နိုင်ငံရေး ကျွမ်းကျင်သူ ကြီးများကတော့ ဒီပြဿနာဟာ နောက်ကွယ်က ဘာဘာညာညာဆိုပြီး ဝေဖန်ကြသပေါ့။

ဒါပေမဲ့ ဦးဗြိလို အာပေတူးစာတွေ ရေးနေတဲ့ ငတိကတော့ နိုင်ငံရေး ကျွမ်းကျင်သူ လေဆရာကြီးတွေထဲ ဝင်ပါလောက်အောင် အဆင့်မရှိတဲ့ ငတိ မဟုတ်လား။

ဦးဗြိကတော့

ခုန ပုံပြင်လေးအကြောင်းသာ တွေးနေမိတာ။

ခိုးသားဓားပြလက်ထဲမှာ အခွင့်အရေးအမျိုးမျိုး ယူခဲ့တဲ့ ကျေးသားလေးတွေဟာ အခုဆို ရသေ့တွေ ကျောင်းရောက်နေပြီ။

ခိုးသားဓားပြ ကျေးသားလေးတွေပဲ ယဉ်ကျေးသွားမလား...သောက်ကျိုးနည်း ကျေးသားကြောင့် ရသေ့တွေပဲ အဆဲတတ်သွားမလား ဆိုတာကတော့ အပြင်လောကက ပုံပြင်မှ မဟုတ်တာပဲလေ။

ဦးဦးဗြိလည်း ဘယ်ခန့်မှန်းရဲပါ့မလဲ...နော့...။

ကျေးကလေးတွေ ယဉ်ပါစေလို့ပဲ တောင်းဆု ခြွေလိုက်ပါရဲ့။

ကဲ...ကလေးတို့ရေ ဦးဗြိလည်း ခြောက်ဆယ့်ခြောက်ဆိုတဲ့ ပုဒ်မကြီး ကြောက်လှသမို့ ပုံပြင်လေးကတော့ ဒါပါပဲကွယ်။

ဗြိတိသျှကိုကိုမောင်

  • TAGS