News

POST TYPE

SATIRE

ပင်စင်
01-Jul-2016

ဘဗြိတစ်ယောက် စိတ်ညစ်ပြီ။
ညစ်ဆို သူ့အားကိုးစရာ ဒီနွားကြီးတစ်ကောင် ရှိတဲ့အထဲမှာမှ ဒီနွားကြီးက အိုနာကျိုးကန်းပြီဆိုတော့ ညစ်ပြီပေါ့။

ဒီနွားကြီးလား။ ဉာဉ်ကတော့ အတော်ကောင်းတယ်ဗျာ။ အဘဗြိ သေဆိုသေ...ရှင်ဆိုရှင်ပဲ။ အဘခြေရာ အဘစေရာ တစ်သဝေမတိမ်း ထိန်းနိုင်တဲ့ နွားကြီးကိုးဗျ။
အင်းလေ...အဘဗြိကလည်း ဒီနွားကြီးကို ငယ်ရွယ်စဉ် နွားပေါက်စနလေး ဘဝကတည်းက တရုတ်နို့မှုန့်လေးကျွေးပြီး မွေးခဲ့တာ။ ဘယ့်နှယ် လွန်ဆန်နိုင်မတုံး။ သို့ပေသိလည်း အခြေအနေ အချိန်အခါ ကျလာပြန်တော့ သင်းလို နွားကြီးမျိုးကို စွန့်ဖို့ကလွဲပြီး ဘာရှိမတုံး။

ကဲဗျာ... သင်းလိုခြေလေးချောင်း၊ ချိုနှစ်ဖက်နဲ့ ခိုင်းချင်တိုင်းခိုင်း၊ ဘာမှစောဒကမတက် သခင့်ခြေရာ တစ်သဝေမတိမ်း လုပ်ခဲ့ပြီး အခုတော့ ဘယ်သူမှ လက်မခံနိုင်တော့တဲ့ နွားကြီးမပြောနဲ့... ခြေထောက်လေး ချောင်း၊ နားရွက်ကားကားနဲ့ မည်းမည်းသည်းသည်း ကြွက်ငနဲတွေတောင်မှ သိန်းရာချီတန်တဲ့ ကွန်ကရစ် မြောင်းကြီး ပြိုတဲ့အထဲ တရားခံဖြစ်သေးတာပဲ။ သင်းကြီးလို ပျိုရွယ်သူ မာန်တွေပျော့ကျနေတဲ့ ဟာကို တစ်ချိန်မှာ တရားခံမဖြစ်နိုင်ဘူးလို့များ ဘယ်သူ အာမခံနိုင်မတုံး။ သင်းကြီး တရားခံဖြစ်ရင် အုပ်ထိန်းသူ အဘဗြိကလည်း သူ့ပိုင်ရှင်ဆိုတော့ ပြဿနာတက်ချေမပေါ့။

အဘဗြိလား။
အဘဗြိဟာ ပင်စင်စား။
သို့ပေသိ... နွားမွေးတယ်ဆိုတော့ ဟိုလိုဒီလို အဘဆရာသခင်ကြီးပဲ လို့တော့ မမှတ်နဲ့။ ဘုရားစူး ပင်စင်စား။ အောင်မယ်လေးဗျာ... လယ်တောအိမ်လည်း မရှိရပေါင်ဗျို့။ အမေအိုကြီး အမွေပေးခဲ့တဲ့ ဘိုးဘွားပိုင် ခြံကွက်လေးမှာ ပင်စင်လစာ သောင်းဂဏန်းစားပြီး မြောင်းကြမ်းနား အဖီထိုးနေသူပါဗျ။

အလိုလေး... ဝန်ထမ်းစဉ်အခါက စားမြဲလေး စားဖို့နေနေသာသာ တစ်သက်လုံးစားခဲ့တဲ့ နိုင်တီတူး အာမွှေးနဲ့ ကွမ်းယာလေးတောင် အခုခေတ်မှာ လမ်းညစ်ပတ်မှုနဲ့ တရားမဝင်ဘူးဆိုတော့ ပိုင်ရှင်မဲ့ ကွမ်းဘူးလေးတောင် ခါးပုံစထဲ မထည့်ဝံ့တဲ့ ငနင်းပြားပါဗျာ။ စုထားဆောင်းထားသမျှနဲ့ အမေ့ဘက်က အမွေလေးပေါင်းပြီး နွားမပေါင်ကျိုးလေးတစ်ကောင် ဝယ်ပြီး ဘဝရဲ့လက်ကျန်အချိန်တွေကို နို့ကလေး ချန်ညှစ်ပြီး အသက်ဆက်ရသူအစစ်ပါဆို။

အခုတော့ နွားအိုကြီးက ပေါင်ကျိုးပြီဆို။ ကိုင်း လယ်က လက်မခံ၊ ရွာကလက်မခံ၊ နို့ညှစ်လို့လည်းမရ၊ ဗျို့ဟစ်လို့လည်းမရ ဆိုတော့ကာ ဒီနွားကြီး ပင်စင်ပေး ဖို့သာ ရှိတာပေါ့။ နွားအိုကြီးကို ပင်စင်ပေးပြီး နွားပျိုလေးဝယ်ဖို့ အဘဗြိ တွေးရပြီပေါ့။

ခက်တာက နွားပင်စင်ဆိုတာ လားပင်စင်လို မဟုတ်ဘူးရယ်။ 
လားပင်စင်ဆိုတာက ရှေးခေတ်အခါက စစ်ပွဲတွေမှာ ဝန်တင်အဖြစ် လား ဆိုတာကို သုံးရတယ်။ အာ... ပေါ်တာဆွဲတယ်ဆိုတာက နောက်ဆုံးပေါ် ပြည်တွင်းဖြစ် စွန့်ဦးတီထွင်ပါဗျ။ ရှေးက နိုင်ငံတကာ စစ်ပွဲအချို့နဲ့ ပြည်တွင်းက စစ်ပွဲတွေမှာက လား ကို သုံးခဲ့တာ။ အဲ့ဒီလားတွေကို သုံးလို့ပြီးပြီ ဆိုရင်ဖြင့် လားပင်စင် ဆိုတာ ပေးတတ်ကြတယ်။ လားပင်စင်ဆိုတာက အဲ့ဒီလားကို ပစ်သတ်ပစ်လိုက်တာပဲ။ တကယ်လို့ မပစ်သတ်ဘူးဆိုရင် ရန်သူဘက်က အဲ့ဒီလားကို ရပြီး သူတို့အတွက် သုံးသွားနိုင်လို့ဗျ။ အင်းလေ... သို့ကလို လားတွေရဲ့ပင်စင်က ရှိသော်ငြား နွားတွေကိုဖြင့် ဒီလို ပင်စင်မျိုးပေးလို့မဖြစ်ပေါင်။

နွားဆိုတာ ခိုင်းသမျှ၊ စေသမျှ လုပ်ခဲ့တဲ့ စကားနားထောင်တဲ့ သတ္တဝါတွေကိုဗျ။
သူတို့ရဲ့ နောက်ဆုံးပင်စင်ချိန်မှာ အကျိုးခံစားခွင့် ရှိသင့်တယ်မဟုတ်လား။
အလိုလေး...သိန်းခြောက်ဆယ် ခုနစ်ဆယ်ကျော် ပင်စင် မဟုတ်ပါဘူးဗျာ။ အေးအေးဆေးဆေးလေး နေရဖို့ပါပဲ။

ဒီလိုနဲ့... သို့ကလိုနဲ့ အဘဗြိဟာ တွေးခေါ်မိပါတယ်။

အဘဗြိ စဉ်းစားမိတာက အဘဗြိရဲ့ ပင်စင်နွားကြီးကို ပို့ရမယ့်နေရာပဲ။ အဘဗြိရဲ့ ပင်စင်နွားကြီးကို ပို့ဖို့ အသင့်တော်ဆုံးက မကြာသေးမီကမှ ပင်စင်အပေးခံ လိုက်ရတဲ့ အဘဗြိရဲ့ ဆရာ့ ဆရာဖြစ်တဲ့ အငြိမ်းစား ပင်စင်စားအဘကြီးရဲ့ ခြံပဲ။

သိပ်ရိုးသားရှာတဲ့ အဘကြီးဟာ တစ်ချိန်က လူတွေ နွားနို့သောက်ကြပါလို့ လှုံ့ဆော်ခဲ့ဖူးတယ်။ နွားနို့ဟာ လူကို အာဟာရဖြစ်စေတယ်။ ကျန်းမာစေတယ်။ ခွန်အားကို သန်စွမ်းစေသကိုး။
ဒါဟာ အဘကြီးရဲ့ စေတနာစကားပါပဲ။
ဒီနေ့ ဒီအချိန်ဆို အဘကြီးဟာ သူ့စကားအတိုင်း နွားနို့ကို လူတွေသောက်ဖို့ နွားတွေမွေးချင်ရော့မယ် မဟုတ်လား။ အဘဗြိရဲ့ အဘကြီးဆီ ဒီအငြိမ်းစားနွားကြီး သွားရောင်းရင် ဝယ်လောက်ပါရဲ့။

ဒီတော့ အဘဗြိလည်း သူ့ရဲ့ မိတ်အင်ဘားမား ပင်စင်စားနွားအိုကြီးကို ဆွဲပြီး အဘကြီးရဲ့ လယ်တော ရှိရာဆီ ခရီးဆက်ခဲ့မိသပေါ့ ။

အဘကြီးဆီ ရောက်တဲ့အခါ... အလိုလေး... ကော်ဖီဆိုင်တွေ၊ ကိတ်မုန့်ဆိုင်တွေနဲ့ အဘကြီးရဲ့ လယ်တောလေးဟာ ပင်စင်ရပြီးမှ ခမ်းနားလှသဗျာ။
“ဟို...ဟို...ခြံပိုင်ရှင်...အဘကြီးဆီ ဒီနွားလေး ရောင်းချင်လို့ပါ”
“ဘာဗျ...ဒါ ဘာနွားတုံး”
“ဗမာပြည်ပေါက် နွားကြီးပါ လူလေးရယ်”
“ဒီမယ်အဘိုးကြီး... လာမရှုပ်နဲ့ဗျာ... ကျုပ်တို့ အဘလယ်တောက ရုရှားပြည်ဖြစ်နွားပဲ ဝယ်တာဗျ... ကျုပ်တို့အဘက ရုရှားနွားပဲ”
“အို... တူကြီးရယ်... အဘနွားကြီးလည်း... တရုတ်နို့မှုန့်တိုက်ပြီး ကြီးလာတဲ့ တရုတ်နွားကြီးပါကွယ်”
“ဟာဗျာ... ကျုပ်တို့နွားတွေက ဒေါ်လာနဲ့ပေး ဝယ်ထားတာဗျ...တရုတ်နွားဆို အဘက ရာထူးရှိတုန်း ကပဲ မွေးဖူးတာ... ပင်စင်ယူပြီးတော့ ရုရှားနွားပဲ... ရှုပ်ရှုပ်ယှက်ယှက် ဒီလို ပြည်တွင်းဖြစ်နွားတွေ မလို ပါဘူး... သွား... သွား...”

သူတစ်သက်လုံး ယုံကြည်ခဲ့ရတဲ့ တရုတ်နို့မှုန့်စား နွားကြီးကို အဲ့ဒီလို စော်ကားတဲ့အခါ အဘဗြိ တစ်ယောက် ဒေါခွီးလေပြီပေါ့။ အဘဗြိဟာ အခုခေတ်စားနေတဲ့ ပရော်ဖက်ဆာ ဒေါက်တာဆိတ်ဖွားဆိုတဲ့ ဇာတ်ကားထဲက ဇာတ်လိုက်ကြီးလို ခြံရှေ့မှာ မားမားကြီးရပ်... ပင်စင်စား မိတ်အင်ဘားမား နွားအိုကြီးကိုဆွဲပြီး အခုလို ပြောလိုက်တယ်။

“ဟေ့... ဒီမယ်... မောင်ရင်... မောင်ရင်တို့အဘကြီးကို ပြောလိုက် ပင်စင်စားချင်းအတူတူ ခင်ဗျားတို့ အဘကြီးက ရုရှားနွားတောင် ဝယ်မွေးနိုင်တယ်လား ... တရုတ်နွားဖြစ်ဖြစ်... ရုရှားနွားဖြစ်ဖြစ်... နွားဆိုတာ ခိုင်းတာလုပ်ပြီးရင် မြက်စားကြတာပဲ...ဗျ” 
“ဒီမယ်အဘိုးကြီး ဖေ့ဘွတ်ပေါ်ကဟာတွေ လာမပြောနဲ့... ကျုပ်အဘဟာ ရိုးသားဖြူစင်တဲ့ ယုန် သူငယ်လေးလိုလူဗျ... မုန်လာဥလောက်ပဲ အလစ်သုတ်ခဲ့တာ... ခင်ဗျားတို့ အရင့်အရင့် အဘဆင်ကြီး တွေတုန်းကဆို ကြံတစ်ခင်းလုံး အုပ်သွားတာဗျ” 
“ဒီမယ်... ခြံစောင့်လေး... အရင်လူတွေ အုပ်သွားတဲ့ ကြံခင်းတွေကုန်သွားလို့ မုန်လာခင်းဝင်သုတ် လည်း ငတက်ပြားက ငတက်ပြားပါပဲကွာ...ငတက်ပြားချင်း အတူတူ ဆင်တွေ၊ ယုန်တွေခွဲမနေပါနဲ့ မောင်ရင်ရဲ့”

ပရော်ဖက်ဆာ ဒေါက်တာဆိတ်ဖွားစတိုင်လ်နဲ့ အဲ့ဒီလို ဒိုင်ယာလော့တွေ ပြောပြီးတာနဲ့ တစ်ပြိုက်နက် အဘကြီးရဲ့ နွားခြံတစ်ခုလုံး မီးတွေ ဗြန်းခနဲ ပြတ်သွားလေရဲ့။

ဒီအချိန်မှာတော့... ပင်စင်စား အဘဗြိဟာ ဘေးရန်ကင်းဂါထာအဖြစ် စိုင်းစိုင်းခမ်းလှိုင်ရဲ့ သီချင်း တစ်ပုဒ်အလိုက်နဲ့ ဂါထာတစ်ပုဒ်ကို ရွတ်ဆိုပြီး သူ့ရဲ့ နွားပင်စင်ကြီးကိုဆွဲ... လာရာလမ်းကို မြန်းပါလေရောဗျာ။

အဘဗြိ ဆိုသွားတဲ့ သီချင်းဂါထာကတော့... 
“ဓာတ်ကြိုးတွေအောက် မနေချင်ဘူး... ဒါပေမဲ့လည်း မီးကမလာ... ရေအိုင်ထဲလည်း ဓာတ်လိုက်မှာ... အိုး... အဘတွေလည်း မကယ်နိုင်ဘူး... ရေအိုင်ထဲလည်း ဓာတ်လိုက်တာ... ရန်ကုန်မြို့ရဲ့ ရက်ပေါင်း တစ်ရာ”

ဗြိတိသျှကိုကိုမောင်

ABOUT AUTHOR

(ဗြိတိသျှကိုကိုမောင်)