News

POST TYPE

SATIRE

မိုးယံသို့ လွင့်ပျံစေမည့် အုတ်နီခဲတို့ အားမာန်
12-Feb-2017
ခေါင်းစဉ်ကို မြင်လိုက်သည်နှင့် ဟိုတစ်ခေတ်တုန်းက ဟိုမင်းသား မင်းသမီးတွေ တစ်လှေကြီးနှင့် ဟိုဒါရိုက်တာကြီး ရိုက်သည့် ဟိုကားကို သတိရကြရော့မည်။

ဟိုဒင်းတို့၏ ဦးဆောင်မှုအောက်တွင် ဟိုဟာဒီဟာများက စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် ဟိုဟာနိုင်ငံတော်ကြီးကို တည်ဆောက်ခဲ့ကြသည့် ဇာတ်လမ်း။

ကြည့်ကောင်းလိုက်သည့်ဖြစ်ချင်း။

အနုပညာရှင်ဟု ကိုယ့်ကိုယ်ကိုယ် ဆိုကြသော မင်းသား၊ မင်းသမီးကြီးငယ် လတ်တို့ကလည်း တံတားကြီးတွေ၊ ဆည်ကြီးတွေပေါ် တစ်ပျော်တစ်ပါး တက်ခုန်ကြသည်ကို မှတ်မိကြမည် ထင်သည်။

အဲ့ဒီအချိန်တုန်းကတော့ သူ့အကြောင်းနှင့်သူ ရှိကြပါလိမ့်မည်။

အဓိက ကျွန်တော်ရေးချင်သည်မှာ ထိုသာကူး သည်အုပ်စုအကြောင်း မဟုတ်။

အားလုံးသိကြသည့်အတိုင်း လွန်ခဲ့သော တနင်္ဂနွေ ညနေက ဖြစ်သွားသောဖြစ်ရပ်။ အကျည်းတန်လွန်းသော ကိစ္စ။

နိုင်ငံရေး ပြဿနာကို အကြမ်းဖက်နည်းဖြင့် ဖြေရှင်းလိုက်သည့် ဖြစ်စဉ်။

အာဏာရပါတီကြီး၏ ဥပဒေအကြံပေးကို ဘယ်ကမှန်း အခုထိ သေချာမသိသေးသည့်လူက သေနတ်နှင့် တေ့ပစ်သွားခဲ့သည်။ ကျွန်တော်တို့ ထိတ်လန့်ဆွံ့အ သွားခဲ့ကြရသည်။

ယခုတစ်ပတ် သရော်စာ ရေးရမည် ဆိုတော့ ကျွန်တော် လက်တွန့်သည်။ သရော်စာသည် ဒေါသသင့်သွားလျှင် ချစ်စရာမကောင်းဟု ဆရာ ဆရာကြီးများ၏ သြဝါဒကို ကျွန်တော် မှတ်သားဖူးသည်။

သို့သော် မတတ်နိုင်။ အတတ်နိုင်ဆုံးဘက်မှ ချဉ်းကပ်သည်ပေါ့။

နိုင်ငံတစ်နိုင်ငံ၏ အရေးပါဆုံး လေယာဉ်ကွင်းရှေ့ လူမြင်ကွင်းတွင် လူတစ်ယောက် သေနတ်တေ့ အပစ်ခံရသည်။ အကြမ်းဖက်သမားက ထွက်ပြေးသည်။ လေဆိပ်တာဝန်ကျ ရဲများက ချက်ချင်းရောက်လာပြီး တစ်ဖွဲ့က လုပ်ကြံခံရသူ၏ အသက်ကို ကယ်ဖို့စီစဉ်နေစဉ် တစ်ဖွဲ့က အကြမ်းဖက်သမားနောက်သို့ လက်နက်အပြည့်အစုံဖြင့် လိုက်သည်။ ပြေးလမ်းအသီးသီးကိုလည်း တာဝန်ကျ တပ်ဖွဲ့ဝင်များက ပိတ်ဆို့ထားသည်။ မျက်နှာဖုံးအနက်ရောင် စွပ်ထားပြီး လက်နက်အပြည့်အစုံနှင့် အကြမ်းဖက်နှိမ်နင်းရေး တပ်ဖွဲ့ဝင်တွေ ချက်ချင်းရောက်လာပြီး လေဆိပ်လုံခြုံရေးကို ထိန်းချုပ်သည်။ အကြမ်းဖက်သမားကို စနစ်တကျ အသက်ရှင်လျက် ဖမ်းဆီးခဲ့၏။

ဒီလောက်ကောင်းမွန်သည့် တန်ပြန်အကြမ်းဖက်တိုက်ဖျက်ရေးစနစ် ဘာများပြောစရာ ရှိသနည်း။

ရှိပါသည်။ ပြောစရာ ရှိသည်မှာ ထိုစနစ်သည် နိုင်ငံခြားတိုင်းပြည် တစ်ခုခုတွင် ဖြစ်ချင်ဖြစ်လိမ့်မည်။

မြန်မာပြည်ကား ထို့ထက်မြင့်သည်။ ဒီလိုပြဿနာလောက်ကို လေဆိပ်က ရဲသားကြီးတွေ၊ အကြမ်းဖက် တိုက်ဖျက်ရေး ကွန်မန်ဒိုတွေ မလို။ အုတ်နီခဲ အထူးတပ်ဖွဲ့ ရှိပြီးသား။

ခေတ်မီအုတ်ခဲကျိုး လက်နက်များ ကိုယ်စီကိုင်ဆောင်ထားသော အငှားယာဉ်မောင်း ကွန်မန်ဒိုများက သေနတ်နှစ်လက်ပါသည့် အကြမ်းဖက်သမားနောက်ကို ရွပ်ရွပ်ချွံချွံ ပြေးလိုက်ကာ ဖမ်းဆီးခဲ့ကြသည်။

ထိုအချိန်တွင် လေဆိပ်တာဝန်ရှိသူဟု ယူဆရသူ ပြည်သူ့ဝန်ထမ်းကောင်း ရဲအရာရှိငယ် တစ်ယောက်ကတော့ သူ့ဧရိယာအတွင်းတွင် အကြမ်းဖက်မှုဖြစ်ပြီး လူသေသည့်အချိန်တွင် လူမှုကွန်ရက်ပေါ် ပျော်လိုက်တာ၊ ဝမ်းသာလိုက်တာဟု ရေးတင်ကာ ပျော်မြူးနေ၏။

ပြည်သူများက သူ့ကို ဒေါသထွက်ကြ၏။

ယခုလို အရေးပေါ်အခြေအနေတွင်ပင် ရာဇဝတ်မှုဖြစ်ခြင်း အတွက် ပျော်ရွှင်ဝမ်းမြောက်နေသည့် ဒီလိုဝန်ထမ်းကောင်းကို သူ့မိခင်ဌာနကြီးက ရာထူးတွေ ဘာတွေ တိုးချင်တောင် တိုးပေးလိမ့်ဦးမည်။

မည်သို့ပင်ဆိုစေ အုတ်နီခဲ အထူးတပ်ဖွဲ့ကြီး၏ တပ်ဖွဲ့ဝင် ကိုနေဝင်း ကျဆုံးပြီးနောက် အကြမ်းဖက်သမားကို ဖမ်းမိကာ တာဝန်ကျေခဲ့၏။

နို့...ဒါဆို လုံခြုံရေး တာဝန်ရှိသူတွေက တာဝန်မကျေဘူးပေါ့...ဂလိုလား။ ဂလိုလည်း မဟုတ်သေး။

တရားဥပဒေစိုးမိုးရေးတွင် ပြည်သူအများ ရှေ့တန်းက ပါဝင်လာအောင် ယခုလို နောက်ဆုံးမှ ရောက်လာပေးသော ဦးဦးတို့ကို ကျေးဇူးပင်တင်သင့်သေးသည်။

ပြင်သစ်တွင် သေနတ်ကိုင် အကြမ်းဖက်သမားကို တပ်ဖွဲ့ဝင်ပေါင်းများစွာ၊ လက်နက်ပေါင်းများစွာဖြင့် ပိတ်ဆို့ဖမ်းဆီးခဲ့သည်။

တူရကီတွင်လည်း ထိုနည်းလည်းကောင်း။ အမေရိကန်တွင်လည်း ထို့အတူ။ ယခုတော့ ထိုနိုင်ငံများ နေရစ်ပေတော့။

အုတ်နီခဲကျိုး တစ်လုံးဖြင့်ပင် အကြမ်းဖက်သမားကို လက်ရဖမ်းပြခဲ့ပြီ။

ဒီလိုဆိုတော့ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း လေသံဖြင့် အုတ်နီခဲ ရှိနေပြီပဲ... သေနတ်တွေ မလိုတော့ပါဘူးဟု မဆိုလင့်နှင့်။

လိုပါသည်။

ပြည်တွင်းစစ်တွင် အချင်းချင်း ဆော်ပလော်တီးဖို့ သေနတ်တွေ လိုပါသည်။

လယ်သူမကြီး ဒေါ်ခင်ဝင်း၊ သတင်းထောက် ကိုပါကြီးတို့လို ပြည်သူအချို့ ငြိမ်းချမ်းစွာ မာလကီးယားစေရန်အတွက် သေနတ်တွေ လိုပါသည်။

မြို့လယ်ကောင် သေနတ်နှစ်လက်နှင့် လူနှစ်ယောက်ကို သတ်ခဲ့သည့် အကြမ်းဖက်သမားကြီး အတွက်တော့ ပြည်သူ့လက်က ထွက်သည့် အုတ်နီခဲကျိုးနှင့်ပင် လုံလောက်၏။

လူအများစုက ယခုမှပင် အုတ်နီခဲ၏ စွမ်းအားကို ယခုမှ သိကြသော်လည်း ကျွန်တော်ကတော့ အုတ်နီခဲ အသုံးဝင်ပုံကို လွန်ခဲ့သည့် ရှစ်နှစ်လောက် ကတည်းက ကြုံဖူးသည်။

ထိုစဉ်က အခွန်လွတ်ဈေးများ ခေတ်စားစဉ် ကာလ။ ကျွန်တော်တို့ ရပ်ကွက်ထိပ်တွင် အခွန်လွတ်တစ်ခု ရှိသည်။ တော်တော်လည်း စည်ကား၏။ ထိုဈေးမှ ဈေးသည်များသည် အလေးခိုးသဖြင့် ရောင်းသူဝယ်သူအကြား ပြဿနာ မကြာခဏ တက်ကြသည်။

မကြာမီ ထိုဈေးရှိ ဈေးခေါင်းရုံးတွင် သမာဓိချိန်ခွင် ဆိုသည့်ဟာကြီး ပေါ်လာသည်။ ထိုသမာဓိချိန်ခွင်က အလေးမှန်သည်ပေါ့။ ဈေးသည် ဈေးဝယ် အလေးမှန် မမှန် ပြဿနာတွေကို ထိုသမာဓိချိန်ခွင်တွင် သွားချိန်ကာ အဆုံးအဖြတ် ရယူကြသည်။

အချိန်ကြာလာသောအခါ သမာဓိချိန်ခွင်ပိုင်ရှင် ဈေးခေါင်းနှင့် ဈေးသည်အများက မည်သို့မည်ပုံ လုပ်လိုက်သည်မသိ။ သမာဓိချိန်ခွင်မှ သမာဓိအလေးများကလည်း ဖင်သွေးထားသည့် အင်အလေးများ ဖြစ်နေကြသည်ဟု သတင်းထွက်လာသည်။

ဈေးဝယ်သူ လူထုက ထိုသတင်းကို မကျေနပ်။ ဈေးခေါင်းရုံးကို ပြဿနာရှာကြသည်။ ခက်သည်က ဈေးခေါင်းရုံးမှ သမာဓိချိန်ခွင် အလေးများ မှန် မမှန်ကို စိစစ်ပေးမည့် အလေးက မရှိ။ ဘယ်ရှိမတုံး။ တစ်ဈေးလုံးက အလေးတွေကလည်း အလေးချိန်ပေါ့အောင် သွေးထားသည့် အင်အလေးတွေချည်းကို။

ကျွန်တော်လည်း အမေ့ကို ဈေးလိုက်ပို့ရင် ဒီပြဿနာကို စိတ်ဝင်တစား ရပ်ကြည့်မိသည်။ နောက်ဆုံး ဖြေရှင်းရန် နည်းလမ်းကား အုတ်နီခဲ။

အုတ်နီခဲတစ်လုံးကို အနည်းဆုံး တစ်ပိဿာ ဝန်းကျင်တော့ လေးမည်။ အုတ်နီခဲကို ချိန်ခွင်တစ်ဖက် တွင်တင် တစ်ဖက်တွင် သမာဓိချိန်ခွင်မှ အလေးများကို တင်ကြည့်ရန် အားလုံး သဘောတူလိုက်ကြ၏။

ချိန်ခွင်တစ်ဖက်တွင် အုတ်နီခဲကို ထည့်လိုက်သည်။ တစ်ဖက်တွင် သမာဓိချိန်ခွင်မှ တစ်ပိဿာ အလေးကို ထည့်သည်။ အုတ်နီခဲက ကြွမလာ။ နောက်ထပ် ငါးဆယ်သားအလေး ထပ်ထည့်သည်။ အုတ်နီခဲက ကြွမလာ။ နောက်ဆုံး အစိတ်သားအလေး ထပ်ထည့်သည်။ ထိုအစိတ်သားသည်လည်း ဘာမှအသုံးမဝင်။ ချိန်ခွင်ပေါ်တွင် နေရာသာ ယူထားပြီး သုံးစားမရ။ အုတ်နီခဲက ခပ်မာမာပင်။

ထိုသို့နှင့် သမာဓိချိန်ခွင်က အလေးများသည် တစ်ပိဿာဖြစ်ဖြစ်၊ ငါးဆယ်သားဖြစ်ဖြစ်၊ အစိတ်သား ဖြစ်ဖြစ် ပြည်သူကို အမြတ်ထုတ် ဂျင်းထည့်ဖို့ အင်ထုထားသည့် ဟာကြီးတွေ ဖြစ်ကြောင်း တစ်ရပ်ကွက်လုံး သိသွားကြလေ၏။

ဘာရယ်မဟုတ်။

ကျွန်တော်ကြုံခဲ့သည့် တစ်ချိန်က အုတ်နီခဲနှင့် ပတ်သက်သည့် ဇာတ်လမ်းလေး ဖြစ်သည်။

ကျွန်တော်တို့နိုင်ငံတွင် အုတ်နီခဲတို့၏ တန်ဖိုးက ကြီးလှပေစွ။

ထို့ကြောင့် အခု ကျွန်တော်ရေးသည့်စာကို မိုးယံသို့ လွင့်ပျံစေမည့် အုတ်နီခဲတို့၏ အားမာန်ဟု အမည်တပ်ကာ အုတ်နီခဲ အထူးတပ်ဖွဲ့ကြီးအား ဂုဏ်ပြုလိုက်ပါသည်။

အုတ်နီခဲ အထူးတပ်ဖွဲ့ကြီး အဓွန့်ရှည်ပါစေသတည်း။ ပြည်သူကို ကာကွယ်နိုင်ပါစေသတည်း။

ဗြိတိသျှကိုကိုမောင်