News

POST TYPE

SATIRE

အိုင်အက်စ်ဟာရှင်ရဲ့ အကြမ်းဖက် မစ်ရှင်
07-Aug-2016

အိုင်အက်စ် အကြမ်းဖက်သမား ဟာရှင်သည် စွမ်းအားမြှင့် ဗုံးနှစ်လုံးဖြင့် မြန်မာနိုင်ငံသို့ ဝင်လာသည်။ ဟာရှင်သည် မြန်မာပြည်သို့ တစ်ခါ မှမရောက်ဖူး။ သို့သော် ဗမာစကားတော့ ကောင်း ကောင်းသင်ခဲ့၏။

ပြည်တွင်းသို့ စစဝင်လာချင်း ကြံစည်သည်က အငှားယာဉ်တွင် ဗုံးခွဲဖို့ ဖြစ်၏။ မြန်မာပြည်တွင်းသုံး ဖုန်းဆင်းမ်ကတ်များ ထည့်ထားသော ဟန်းဆက် နှစ်ခုဖြင့် ဟာရှင် ဗုံးထောင်မည် ဖြစ်သည်။ ပေါက်ကွဲအား ကောင်းသောဗုံး တစ်ခုကို ဟန်းဆက် တစ်ခုဖြင့် တွဲချည်ပြီး ကျောပိုးအိတ်အတွင်း ထည့်သည်။ ထို့နောက် အငှားကားကို ငှားသည်။ ကျောပိုးအိတ်ကို ကားနောက်ခန်းတွင် ထားခဲ့ပြီး ကားပေါ်က ဆင်းသည်။ ခပ်ဝေးဝေး ရောက်သောအခါ လက်ထဲမှ ဖုန်းတစ်လုံးနှင့် ဗုံးတွင် ကပ်ချည်ထားသော ဖုန်း၏နံပါတ်ကို လှမ်းခေါ်၏။ ဒါက မိုဘိုင်းလ်ဖုန်းဖြင့် ဗုံးထောင်နည်း။ တစ်ဖက်ဖုန်းတွင် ဖုန်းဝင်လာလျှင် အပူရှိန် များလာပြီး သူနှင့် တွဲဆက်ထားသော ဗုံးအိတ်က ထပေါက်မည်။ အာရေး...မပိုင်လား။

တကယ်တမ်းကျတော့ အားယိုး မပိုင်ဖြစ်သွား၏။ 

အဖြစ်က ဒီလို။

အိုင်အက်စ်ဟာရှင် ကားပေါ်မှ ဆင်းသွားပြီးနောက် အငှားယာဉ် ဆရာက ကျောပိုးအိတ်ကို တွေ့တော့ ဖွင့်ကြည့်သည်။ ကပ်ချည်ထားသော ဖုန်းကို တွေ့တော့ ဟာ... ဖုန်းအသစ်လေး ပွပြီဟုဆိုကာ ဖြုတ်ယူသွား၏။ ကျောပိုးအိတ်ကို ဖွင့်ကြည့်တော့ ဘာမှန်း မသိသည့် အမှုန့်တွေ ထည့်ထားသော သံပုံး တစ်ခုကိုသာ တွေ့သဖြင့် အိတ်ကို လွှင့်ပစ်လိုက်သည်။

အိုင်အက်စ် မောင်ဟာရှင်သည် ပထမအကြိမ် ဖုန်းနံပါတ်ကို နှိပ်သည်။ ဆက်သွယ်မှု ဧရိယာပြင်ပဟု ဗမာလို ပြောသည်။ ဒုတိယအကြိမ် နှိပ်သည်။ စက်ပိတ် ထားပါသည်ဟု ပြောပြန်သည်။ တတိယအကြိမ် နှိပ်သည်။ တပ်ဆင်ထားခြင်း မရှိပါဟု ဆိုပြန်၏။

ဗမာစကားကို ကြိုးစားပန်းစား သင်ယူလာသော ဟာရှင်တစ်ယောက် ဖုန်းထဲမှ ပလီစိ ချောက်ချက်စကားတွေကြောင့် စိတ်ကုန်သွား၏။ အော်ပရေးရှင်း ဂွမ်းပြီ။

ဟာရှင်ကား ဒီမျှလောက် အော်ပရေးရှင်း အသေးလေး မအောင်မြင်ရုံနှင့် စိတ်ဓာတ် မကျ။ ဟာရှင်တို့ကို သင်ကြားလာသည့် အကြမ်းဖက်နည်းတွေက အစုံပလုံ။ 

ဟာရှင် စဉ်းစားသည်။ ဒီတစ်ခါတော့ ပြင်သစ်မှာလို ကုန်ကားကြီး တစ်စီးကို မောင်းပြီး လူတွေကြား ဝင်တိုက်ပစ်ဖို့ ဟာရှင်ကြံသည်။ ပါလာသည့် ဒေါ်လာ တော်တော်များများ ကုန်တော့ ကုန်ကားကြီး တစ်စီး ဟာရှင် ရလာ၏။

ရန်ကုန်မြို့၏ လူအစည်ကားဆုံး မြို့လယ်ကောင်သို့ ကုန်တင်ကားကြီးကို ဟာရှင် အရှိန်အပြင်းဆုံး မောင်းဝင်လာသည်။

"ရှေ့က လိပ်ကြီးကို ကျော်မယ် ... ဆရာကြီးရေ ... တစ်စီးလောက် ... တစ်စီးလောက်"

သူ့ဘေးမှ လူအပြည့် တင်လာသော ဘတ်စ်ကား တစ်စီးက ဝှီးခနဲ ကျော်တက်ပြီး သူ့ရှေ့ တည့်တည့် လမ်းကြော ကျဉ်းကျဉ်းလေးထဲ ရအောင် တိုးဝင်သည်ကို ဟာရှင်မြင်လိုက်၏။ ကားကို တွဲလဲခို လိုက်လာသော လူတစ်ယောက်ကလည်း ပါးစပ်က ဘာတွေ အော်သွားမှန်း မသိ။

ဟာရှင် နည်းနည်းတော့ တွန့်သွားသည်။

ငါတို့ပြိုင်ဘက် အယ်လ်ကေဒါ အဖွဲ့ကကောင်တွေများ ဒီနိုင်ငံ ရောက်လာပြီး ငါ့အကြံကို ဦးပြီး ဘတ်စ်ကား အပိုင် စီးလာတာလားပေါ့။

ဒါလည်း မဟုတ်သေး။ ခုန ဘတ်စ်ကားပေါ်မှ လူတွေက ကားပေါ်မှ ဝှီးခနဲ ဝှီးခနဲ ဆင်းသည်။ တစ်ဖက်ယာဉ်ကြောမှ ကားတွေကြားတွင် ကွေ့ကောက် ပြေးလွှားပြီး လမ်းကူး သွားကြ၏ ။

ဟူး ... ဒီတိုင်းဆို မလွယ်။ ဟာရှင် စိတ်ဓာတ် ကျစပြုလာသည်။

အလို ရှေ့က ကားက တရွေ့ရွေ့ သွားနေပါလား။ ငါအရှိန်နဲ့ ဝင်ကျုံးလိုက်ရ နာတော့မယ်။ ရှေ့မှ လိပ်လို ရွေ့နေသော ဘတ်စ်ကားကို ဒေါသ ထွက်ထွက်ဖြင့် ဟာရှင် ဟွန်းတွေ လှိမ့်တီးသည်။

"တီ ... တီ ... တီ"

"ဟေ့ကောင် ... လခွီး ဖြစ်နေတာလား ... ရှေ့မှာ မင်းအဖေကားတွေ တန်းစီ ပိတ်နေတာ မမြင်ဘူးလား ... မင်းက ဘာကောင်လဲကွ"

ဘတ်စ်ကားပေါ်မှ အင်္ကျီအပြာဝတ် လူ သုံးယောက် သံတုတ်များဖြင့် ဆင်းလာသည်။

ဟာရှင် ဆင်းပြေး၏။ မလွတ်။ သံတုတ် တစ်ချက်က ဟာရှင့်ခေါင်းကို မှန်သည်။ အာလူး တစ်လုံး ထွက်လာသည်။ နောက်ထပ် ကျမ်းတုံး တစ်ခုက ဟာရှင့်ကျောကို မှန်သည်။ ပူခနဲ ဖြစ်သွားသည်။

အိုက်အက်စ် အကြမ်းဖက်သမားကြီး ဟာရှင် တစ်ယောက် ရန်ကုန်မြို့လယ်တွင် မထသ အာလူးပူတီ စားလိုက်ရ၏။ ထိုအာလူးပူတီ အလှူရှင်များ ပြန်လှည့်သွားမှ ဟာရှင် သူ့ကားကြီးပေါ် ပြန်တက်ရဲသည်။

ဟာရှင် စဉ်းစားသည်။

မြို့လယ်ကောင်တွင် သူ့ထက် ကြမ်းသည့်လူတွေ ရှိသည်။ ပြီးတော့ ကားက တစ်မိနစ်ကို တစ်လက်မပင် အနိုင်နိုင် ရွေ့နေရ၏။

မြို့ပြင်တွင် ဟာရှင် ကျုံးမည်။

မြို့ပြင်သို့ ဟာရှင် မောင်းလာသည်။ အမြန်လမ်းဆိုသည့် လမ်းမကြီးကို တက်သွားသည်။

အိုး ... ဒီနေရာဆိုရင်တော့ အရှိန် အမြင့်ဆုံးနဲ့ ဝင်တိုက်ပစ်လိုက်လို့ ရပြီ။

ကြိုတင်စုံစမ်း ထားသည့်အတိုင်း တိုးဂိတ်တွင် ခပ်တည်တည်ဖြင့် လမ်းကြေး ဖြတ်သည်။

ထို့နောက် ချောမွတ်နေသော လမ်းမကြီးပေါ် အရှိန်နှင့် မောင်းထွက်လာလိုက်၏။ ကိုင်း ... အိုင်အက်စ် ဟာရှင်တဲ့ကွ။ တိုက်ပြီဟေ့။

အင် ... အာရေး ... ပါးပါး။

လမ်းကြီးသာ ရှိတာ။ လမ်းကြီးဘေးတွင် လူတွေရော အဆောက်အအုံတွေပါ မရှိ။ ဟာရှင် ဘာကို တိုက်ရမည်နည်း။

လမ်းဘေး လယ်ကွင်းတွေကိုကြည့်ပြီး ဟာရှင် စိတ်ဓာတ် ကျနေစဉ် သူ့ရှေ့တွင် နွားအုပ်ကြီး တစ်အုပ် ဘွားခနဲ ပေါ်လာသည်။

ဝုန်း ... ဘွတ်အဲ ... ရှလွီ ... ဗြဲ။

အကြမ်းဖက်သမားကြီး ဟာရှင်၏ ကုန်တင်ကားသည် ဗွက်အိုင်ထဲ ခေါင်းနစ် သွားရပြန်သည်။

ဒီတစ်ခါလည်း ဟာရှင်၏ မစ်ရှင် ပျက်ပြန်ပြီ။

ဟာရှင် လား။ ဟာရှင်သည် အတော်အဆုံး အိုင်အက်စ်။ ဂျီဟတ်ရဲ့ စစ်သည်။

ဟာရှင် ထပ် စဉ်းစားသည်။

ရန်ကုန်တွင် အကြမ်းဖက်ဖို့ အခြေအနေ မပေးလျှင် မန္တလေးမြို့ကို တိုက်ရမည်။ မန္တလေးသည် မြန်မာတွေ တန်ဖိုးထားသည့်မြို့။ ခိုအောင်းရာတွင် တစ်ပတ်ခန့်နားပြီး ဟာရှင် မန္တလေးမြို့သို့ တက်လာသည်။ ဒီမြို့တွင် ထင်ရှားသည်က နန်းတော်၊ ဘုရားစေတီများနှင့် ဦးပိန် တံတားကြီး။

ဖောက်ခွဲရ အလွယ်ဆုံးက တံတား။

ပြီးတော့ လေ့လာရသလောက် ဒီတံတားကြီးက အရှည်ကြီး။ ပြီးတော့ ဟာရှင် မုန်းသည့် အမေရိကန်တွေ၊ ဥရောပသားတွေလည်း ဒီတံတားကြီးကို လာမှ လာ။

ဒီတော့ တစ်ညနေတွင် ဟာရှင် တစ်ယောက် ယောင်လည်လည်နှင့် တံတားကြီး၏ အောက်ခြေသို့ ခိုးသွားသည်။ တံတားတိုင်အောက်တွင် တစ်လုံးတည်းသာ ကျန်သောဗုံးကို သေချာ ကပ်သည်။ ဒီတစ်ခါတော့ ဟိုတစ်ခါလို ဖုန်း အပူရှိန်ဖြင့် ထောင်သည့်ဗုံး မလုပ်တော့။ အချိန်ကိုက်ဗုံး လုပ်ထားလိုက်သည်။

နောက်တစ်နေ့ နံနက် ဆယ့်တစ်နာရီ လူစည်ကားချိန်တွင် ပေါက်ဖို့။

ဟာရှင် အေးအေးဆေးဆေး ပြန်နှပ်ပြီး ဗုံးသတင်း နားစွင့်ထားသည်။

နောက်တစ်နေ့ နံနက် ဘာသံမှ မကြားရ။

သူ သေချာထောင်ထားမင့်ကိုး။ ဟာရှင် ထောင်သမျှ ဗုံး မပေါက်ဘူးဆိုတာ တစ်ခါမှ မရှိ။ အဲ ... ဟို ဒီ နိုင်ငံက အငှားကားပေါ်မှာ တစ်ခါလေးပဲ ရှိသည်။

နေ့လယ်အထိ ဘာသံမှ မကြားရတော့ ဟာရှင် တံတားရှိရာ သွားကြည့်သည်။

အာရေ ... ပါးပါး ... တံတားကြီးက ရေတွေ မြုပ်နေပါရောလား။

နေ့ချင်း ညချင်းကြီး တက်လာသော ရေထဲတွင် ဟာရှင့် ဗုံးလေး ပလုံစီတောင် မပေါက်နိုင် ဖြစ်သွားရပြီ။

အိုင်အက်စ်ကြီး ဟာရှင် စိတ်လေသွားသည်။ ပါလာတဲ့ ဗုံး နှစ်လုံးလည်း ကုန်ပြီ။ အလုပ်က မဖြစ်။

တော်ပြီ။ ဟာရှင် အိုင်အက်စ်နယ်မြေသို့ ပြန်တော့မည်။ ရန်ကုန်သို့ ပြန်လာပြီး လေဆိပ်က ထိုင်ခုံတွင် ခေါင်းငိုက်စိုက် ကျနေသည်။

နောက်ဆုံးအနေနှင့် လေယာဉ်ပျံပေးဆွဲရင် ကောင်းမလား။ စဉ်းစားလို့မှ မဆုံးသေး လေယာဉ်ကွင်းချိန်းက နောက်ထပ် သုံးနာရီလောက်မှ ထွက်ဖြစ်တော့မည်တဲ့။ ဟာရှင် လေဆိပ်က ထိုင်ခုံလေးမှာ ထိုင်ပြီး ခေါင်းငိုက်စိုက် ကျနေသည်။

ထိုစဉ်...

"ဟဲ့ ... ချွတ်ကရား ... ဖယ်စမ်း ... ငါတို့ မြန်မာ့ လေဆိပ်က ကုလားထိုင်က ငါတို့ ထိုင်ဖို့"

ဟာရှင် မော့ကြည့်တော့ အမျိုးသမီးက မာမာ တင်းတင်း ထပ်ပြောသည်။

"ဒီမယ် ချွတ်ကရား ငါ့ဘာမှတ်လဲ ... မျိုးချစ် ချွတ်ကရား ဆန့်ကျင်ရေးအတွက် ဒီအစိုးရကို ဖေ့ဘွတ်ပေါ်မှာ အာခံနေတဲ့ ဂန်းမမ ဆိုတာ ငါပဲ"

ဟာရှင် တစ်ယောက် ညစ်သည့်စိတ်ကနေ ဒေါသစိတ်အဖြစ် ကူးပြောင်းသွားသည်။

"ဟဲ့ ... ဂန်းမ ... နင့်လောက်တော့ ငါက သနားတယ် ... ငါက နိုင်ငံတကာအဆင့် အကြမ်းဖက်သမား အိုင်အက်စ် ဟာရှင်တဲ့ဟေ့"

ဂန်းမမ၏ အမူအရာ ပြောင်းသွားသည်။

အိုင်အက်စ်ဆိုသည့် အသံကြားသည်နှင့် မျက်နှာသည် ပြီတီတီ ဖြစ်သွား၏။

"ဟယ် ... ကိုကိုက ... အိုင်အက်စ်ကလား ... သမီးတို့ မျိုးချစ် ချွတ်ကရား ဆန့်ကျင်ရေးသမားတွေ မုန်းနေတဲ့ အန်တီကြီးကို လုပ်ကြံမယ်လို့ ခြိမ်းခြောက်တဲ့ အိုင်အက်စ်အဖွဲ့ဟာ ကိုကိုတို့ဆီကပေါ့နော် ... ဟယ် ... ကိုကိုရယ် ... အဲ့ဒါဆို ဝဲလကမ်း ... ဝဲလကမ်းပါ"

ဟာရှင် သည် ထိုနေ့မှစကာ အိုင်အက်စ်ဘဝကို စွန့်လွှတ်လိုက်၏။

သူသည် ဂျီဟတ်လည်း မဆင်နွှဲချင်တော့။

မျိုးချစ် ချွတ်ကရား ဆန့်ကျင်ရေး ဂန်းမမ၏ ဝဲလကမ်းနောက်သို့ ပါသွားကာ တိုက်ပုံအမည်းကြီး ဝတ်၊ ခေါင်းစည်းအဝါကြီးကို စည်း၏။

သို့သော် ဟာရှင်သည် သူ၏ အကြမ်းဖက်လိုသည့် ဝါသနာကိုတော့ မဖျောက်။ အကြမ်းဖက် ဝါသနာ ဆိုသဖြင့် ဗုံးဖောက်တာတွေ၊ သေနတ်ပစ်တာတွေတော့ မဟုတ်။

ထိုသို့ဆိုလျှင် မည်သို့မည်ပုံ အကြမ်းပတမ်း ဖက်သနည်း ဆိုသည်ကိုတော့ အိုင်အက်စ် ဟာရှင်အား ဝဲလကမ်း လုပ်ထားသော မျိုးချစ် ဂန်းမမအား မေးကြည့်မှသာ သိနိုင်ပါလိမ့်မည်။

မည်သို့ပင်ဆိုစေ အိုင်အက်စ် ဟာရှင်၏ အကြမ်းဖက်မစ်ရှင်သည် မြန်မာပြည်ဖွား မျိုးချစ် ချွတ်ကရား မုန်းတီးရေးသမား ဂန်းမမနှင့်တွေ့မှ အောင်မြင်သွားသည်ဟုပင် ဆိုရပေချိမ့်။

ဗြိတိသျှကိုကိုမောင်

  • VIA