News

POST TYPE

SATIRE

သူ့အရပ်နှင့် သူ့ဇာတ်
05-Feb-2017

မောင်ရာဇာတစ်ယောက် သတင်းစာထုတ်ဖို့ ကြံနေသည်။ ဒီခေတ်မှာ ဒီအလုပ်မှ မလုပ်လိုက်ရရင် သူနောင်တ တော်တော်ရမိပေလိမ့်မည်။

ဘေးအိမ်က ငပိန်ကတော့ ကိုရာဇာ ဘာအရူးထနေတာလဲဗျာ။ ကိုယ့်ဟာကို နှစ်ဖက်ချွန် လော်ဘီလေးပဲ အွန်လိုင်းမှာ လုပ်နေတာမှ ဘီအီးလေး နပ်မှန်ပါသေးတယ်ဟု ဆိုသည်။

ငပိန်ရာ မင်းစောင့်ကြည့်ပါကွာ မောင်ရာဇာက မပိုင်ပဲ ဘယ်တော့မှ ဝက်မမွေးဘူးဟု ပြန်ပြောလိုက်သည်။

အထွေအထူးတော့ ရှင်းမပြတော့။ ရှင်းပြလည်း ငပိန် နားလည်မည် မဟုတ်။

ဒီခေတ် ဒီလောကကြီးရဲ့ အရှုပ်ထုပ်တွေကို ငပိန် ဘယ်လိုလုပ် နားလည်လိမ့်မည်လဲ။

မောင်ရာဇာကတော့ အတော်အသင့် သဘောပေါက်သည်။ ကိုယ်တိုင်ကလည်း နှစ်ဖက်ချွန် လော်ဘီကြီး ဆိုတော့ ဒီကာလပျက်ကြီး အကြောင်းကို ကောင်းကောင်းသိလေသည်။

ဒါကြောင့်လည်း စီးပွားရေး အကွက်မြင်မိလို့ သတင်းစာထုတ်ဖို့ ကြံရွယ်မိခြင်း ဖြစ်သည်။ သူဒီလိုကြံတော့ ငပိန်က  -
“ကိုရာဇာ သတင်းစာထုတ်တယ် ဆိုတာများ လွယ်များမှတ်နေလား။ ခင်ဗျား တစ်ယောက်တည်း လုပ်လို့ရတဲ့ အမျိုးလား။ ကဲ...မေးပါဦးမယ် ဘယ်မလဲ ခင်ဗျားမှာ သတင်းဖောင်ပြည့်အောင် ခင်ဗျားမှာ သတင်းပေးမယ့် သတင်းထောက်တွေက ဘယ်မလဲ”

ငပိန် အ,တတ်ရန်ကော မောင်ရာဇာ တွေးမိသည်။ ဒီလောက်သတင်းတွေ သောက်သောက်လဲ ပေါတဲ့ခေတ်မှာ ဒီကောင် သတင်းအကြောင်း လာပြောနေသေးတယ်။

မောင်ရာဇာ အင်တာနက် ဆိုတာကြီး ဖေ့ဘွတ်ဆိုတာကြီး သုံးတတ်တာ သူမသိရောသလား။

ဘာသတင်းထောက် လိုမှာလဲ။ ဖေ့ဘွတ်ကြီး ဖွင့်လိုက်တာနဲ့ သတင်းတွေမှ တောင်ပုံရာပုံ။ ကျောင်းသားတွေ သပိတ်မှောက်တာ သိချင်လား၊ အရင်ခေတ်လို မဟုတ်၊ နဖူးစည်းနှင့် အလံကိုင်ပြီး ဘယ်ရောက်ဘယ်နား ဘယ်လိုချီတက် ဘယ်ကိုဝင်သိမ်း စတဲ့ သတင်းတွေမှ မနည်းမနော။ ကြိုက်တာယူသုံး မသုံးရင်တောင် စိတ်ဆိုးကြဦးမှာ။

အခုဆို ကျန်တဲ့သတင်းတောင် မလိုဘူး ဟိုဘက် ဒီဘက် ထုတ်လိုက်ကြတဲ့ ကြေညာချက်တွေနဲ့တင် သတင်းစာဖောင် ပြည့်သွားဦးမယ်။

ကဲ... ကျန်တဲ့မှုခင်းသတင်းတွေရော ရချင်သေးလား။ ယာဉ်တိုက်မှု၊ မုဒိမ်းမှု၊ လူသတ်မှု စတာတွေမှ မြင်မကောင်းတဲ့ ဓာတ်ပုံ မှတ်တမ်းတွေတောင် ပါသေး။

မှတ်ချက်တို့၊ သုံးသပ်ချက်တို့ကတော့ ပြောမနေနဲ့ ကွန်မန့်တွေသာ ဖတ်ကြည့်လိုက် တစ်ခါတည်း ရဲတောင်မဖော်နိုင်တဲ့ တရားခံစာရင်းတောင် ရနိုင်သည်။ ကျန်တဲ့နည်းပညာတို့၊ ထူးဆန်းထွေလာတို့ ဆိုတာတော့ ဝက်ဘ်ဆိုက်လေး သုံးလေးခု ဝင်မွှေလိုက်ရင် မဂ္ဂဇင်းတစ်ခုစာ ထွက်လာမှာ။

နိုင်ငံတကာ သတင်းကတော့ BBC လေး၊ RFA လေး နားထောင်လိုက်ရင် အေးဆေး။ မပါလည်း သိပ်တော့ပြဿနာ မရှိပါဘူး။ လူတွေက သိပ်မှစိတ်မဝင်စားကြတာ။

အားကစားသတင်းကတော့ မင်းလို ဘောလုံးကြမ်းပိုး တစ်ယောက် ရှိနေတာ ငါ ဘာပူစရာလိုလဲ။ မင်း လက်ဖက်ရည်ဆိုင်မှာ ပြောသလို ဖာကြီးမှာ အာကြီး ဘာဖြစ် ညာဖြစ် ရေးလိုက်ရင် ပြီးရော။ နောက် ဘောလုံးသမားတွေ သူငယ်ထောင်တဲ့ သတင်းတို့၊ သူတို့မယားတွေ လင်ငယ်နေတဲ့ သတင်းတွေတို့ အဲ့ဒါတွေကလည်း လူတွေ အားကျအတုယူဖွယ် ရေးလို့ကောင်းမှကောင်း။

သတင်းစာဆိုတာ သတင်းချည်းရေးလို့ မရဘူးဗျ။ ဆောင်းပါးတွေ၊ မှတ်ချက်တွေ၊ အသံတွေပါ ထည့်ရေးမှ လူစိတ်ဝင်စားတာ ဟု ငပိန် လျှာဆက်ရှည်လေသည်။

ပူနေချေသေး ငပိန်ရယ် ဆောင်းပါးများ ကဲ... မင်းဘယ်နှပုဒ် လိုချင်တုံး၊ ဘယ်ပုံစံနှင့် ယူမလဲ၊ နာမည် အမျိုးမျိုး ခေါင်းစဉ်အမျိုးမျိုးနဲ့ ဝါဒအမျိုးမျိုးနှင့် ငါ ကိုယ်တိုင်ရေးနိုင်သကွဲ့။

အဓိကက လူတွေအကြိုက် ဟိုလူ့မကောင်းကြောင်း၊ ဒီလူ့မကောင်းကြောင်း ဖောင်းများများ ထုတတ်ဖို့ပဲ လိုအပ်တာ မင်း မသိရောသလား။ ဒီခေတ်မှာ လူတွေက သတင်းမကြိုက်ဘူးကွ အတင်းတွေပဲ ကြိုက်တတ်တာ။

ကိုယ်တိုင်မရေးနိုင်သပါ့ ဆိုလည်း ဖေ့ဘွတ်ဆိုတာကြီးပေါ်မှာ တကယ်နိုင်ငံရေး ဆယ်လီလော်ဘီ ဂုရုကြီးတွေရဲ့ မဟာလော်ဘီ ဘုန်းတော်ဘွဲ့ ဆောင်းပါးတွေမှ တောင်ပုံရာပုံ မင်းကြိုက်ရာဆွဲသုံး တွေ့တဲ့နာမည် ကောက်တပ်လိုက်ရုံပဲ။

မှတ်ချက်တို့၊ အသံတို့ ဆိုတာတော့ ဖေ့ဘွတ်ထဲမှာ အစိုးရဝန်ကြီးတွေ အကုန်ရှိနေတာ ဘာပူစရာလိုတုံး။ သူတို့စတေးတပ်တွေကိုသာ အမြဲစောင့်ဖတ်နေရုံပဲ။

“ဟာ အဲလို သူများရေးတာတွေ ယူသုံးတော့ အဲလူတွေက ခင်ညားကို တရားစွဲကြမှာပေါ့” ဟု ငပိန်က ပြောသည်။

“စိတ်ပူတတ်ရန်ကော ငပိန်ရယ်။ အွန်လိုင်းပေါ်မှာတောင် နာမည်မှန် ပုံအမှန် မတင်ရဲတဲ့ ပုဆိုးခြုံ လုံချည်ခြုံတွေက တရားရုံးမှာ ငါ့လာ တရားစွဲရဲပါ့မလားကွ” ဟု ဟောက်လိုက်တော့ “ဒါလည်းဟုတ်သား” ဟုဆိုကာ ငပိန် ဇက်ပုသွားသည်။ 

ဒါပေမဲ့ ငပိန်က မောင်ရာဇာအကြံကို လက်မခံနိုင်သေးသည့် ပုံဖြင့် -
“ကဲ... ဟုတ်ပါပြီ၊ သတင်းတော့ရပြီ ခင်ဗျား သတင်းစာ လူတွေ ဝယ်မဖတ်ရင်ကော ခင်ဗျား ဘယ်မှာမြတ်မလဲ” 
“မပူပါနဲ့ငပိန်ရာ ဒီခေတ်လူတွေ ဘယ်လို သတင်းမျိုးကြိုက်လဲ ငါကောင်းကောင်းသိတယ်
မြင်းခွာတစ်ချက်ပေါက်ရင် ဖုန်လုံးလုံး ထသွားမယ်တို့၊ တိုက်ပွဲခေါ်သံတို့၊ အာဏာရှင်တွေကို ဘာဖြစ်တယ် ညာဖြစ်တယ်တို့ အဲလိုကြွေးကြော်သံတွေကို ခေါင်းစီးအမည်းကြီးတွေနဲ့သာ မျက်နှာဖုံးမှာ တင်လိုက် ရောင်းလို့ လက်မလည်တောင် ဖြစ်သွားဦးမယ်။

ကျန်တာကတော့ ခေတ်အကြိုက် အစိုးရ ဟုတ်တာပဲလုပ်လုပ် မဟုတ်တာပဲလုပ်လုပ် ဟေ့၊  အကောင်းကိုမရေးနဲ့ ပေါ်တင်သာ ဆော်ပစ်လိုက်။ ကြားနေတာလိုလို ဘာလိုလိုသာ မလုပ်နဲ့ ဟိုဘက်ဒီဘက် ဝိုင်းဆဲတာနဲ့ တိုက်ပိတ်ပြီး ပြေးရလိမ့်မယ်။

ကျွန်တော်တို့ မီဒီယာက ဒီကိစ္စကို လက်မခံပါကြောင်း ကန့်ကွက်ပါကြောင်း အသိပေးဆိုပြီး ထပ်ရေးနိုင်ရင် ပရိသတ် အခိုင်အမာတောင် ရနိုင်ချေသေး”

ခင်ဗျားကလည်း အဲဒါက ဒီအချိန်ဆို အကြောင်းမဟုတ်ဘူးလေဗျာ။ ကာလပျက်ကြီးမို့ကို ဒီလိုသတင်းတွေ မပေါတဲ့အချိန်ကျ ဘယ့်နှယ်လုပ်မလဲ။။ 

ငပိန် မင်းကိုလေ့လာပါ့ ဖတ်ပါလို့ဆိုတော့ အရုပ်နည်းတယ် စာများတယ် လုပ်နေတယ်။ အခု နာမည်ကြီး လူကြိုက်များ ဂျာနယ်တစ်ခု မင်းသိလား။ ဘာသတင်းမှ မရေးဘူးကွ။ ဟိုလူကြီး ဟိုလိုခိုးတယ်၊ ဒီလူကြီး ဒီလိုခိုးတယ်၊ ဟိုခရိုနီမှ,မယားငယ်က ဘယ်နှယောက်၊ ဒီခရိုနီမှာ စပွန်ဆာက ဘယ်နှယောက် ဒါတွေနဲ့ မိုက်ကြေးခွဲတာလိုလို ဘာလိုလိုရေးပြီး အတင်းထိုင်တုတ်နေတာ ဘယ်လောက်ရောင်းကောင်းလဲ ကြည့်စမ်း။ ငါလည်း အင်တာနက်က အတင်းအဖျင်း ဂရုတွေထဲ ဝင်ထားပါသကော၊ အချုပ်သရဲဘမောင်တို့၊ ထိပ်တုံး မင်းသားစံတင်တို့၊ ကျောက်တန်းရေလယ်ကျွန်းပြန် ဘယ်သူတို့ ကလောင်နာမည် ဆယ်ခုလောက် ခွဲရေးပစ်လိုက်မှာပေါ့။

ဘာမှရေးစရာမရှိတော့လည်း ပြည်သူအားလုံးအတွက် မောင်ရာဇာ ပြန်လာပြီဆိုပြီး ငါ့ပုံ မြိန့်မြိန့်ကြီးထည့်ပြီး ကိုယ့်ကိုယ်ကိုယ်ဖော် မသူတော် လုပ်ပစ်လိုက်လူတွေ သိပ်ကြိုက်ပေါ့။ အဆင်ပြေရင် ပါတီထောင်ပြီး အမတ်တောင် လုပ်ပစ်လိုက်လို့ ရသေးတယ် အဟေး။

“ခင်ဗျား ပြောသလို ဆိုရင်တော့ အပိုင်ပါလားဗျ၊ ဒါပေမဲ့ စပွန်ဆာ မရှိရင်တော့ ခင်ဗျား သိပ်အမြတ်မကျန်လောက်ဘူး။

“မပူပါနဲ့ ငပိန်ရာ အွန်လိုင်းမှာ နှစ်ဖက်ချွန် လော်ဘီ လုပ်နေတာတောင် ဘီအီးမပြတ်တာ သတင်းစာမှာ လော်ဘီလုပ်မှတော့ ဘီယာငတ်တော့မလားကွ ဟေ”

အဟဲဟဲ
လွန်တာများရှိ ခွင့်လွှတ်တော်မူကြပါဗျာ။
အမိုက်အမဲလေးမို့ပါ။

မောင်ရာဇာ