News

POST TYPE

SATIRE

အရူးဋီကာ
29-Jan-2017

အခုတစ်လော ကျွန်တော် စာတွေ သိပ်မရေးဖြစ်။ မရေးဖြစ်ဆို မရေးချင်လို့ မရေးတာလည်းဖြစ်သည်။

အထူးသဖြင့် ကျွန်တော် လက်တွေ့သည်က သရော်စာ။ ကျွန်တော့်ကိုလည်း သရော်စာသမားဟုသာ အများစုက မြင်ထားကြသည်ကိုး။

တစ်ခါက အယ်ဒီတာ တစ်ယောက်၏ ကောင်းမှုကြောင့် ဒါရိုက်တာ ကြည်စိုးထွန်းနှင့် တွေ့ဆုံခွင့်ရခဲ့သည်။ သူနှင့်ဆုံစဉ် သရော်စာအကြောင်း စကားစပ်မိသည့်အခါ သူပြောသည့် စကားလေးတစ်ခွန်းကို ကျွန်တော် မှတ်သားဖူးသည်။

“သရော်စာတွေ ရေးဖူးတယ်ကွ။ ဒါပေမဲ့ ... သရော်စာ ရေးရတာ ကြာတော့ ဖြစ်ရပ်တော်တော်များများကို အဆိုးလိုက်မြင်ပေးရသလို ဖြစ်နေတယ်”

ဆရာသည် ကလောင်ခွဲ တစ်ခုဖြင့် သရော်စာ အတော်များများကို ရေးဖူးခဲ့သူအဖြစ် ကျွန်တော် သိထားခဲ့သည်။

ဆရာ့ထံမှ ပြန်လာပြီးနောက် ကျွန်တော့်ကိုယ် ကျွန်တော်လည်း ပြန်တွေးမိ၏။

အို ဘယ်လိုနေနေ ... အတတ်နိုင်ဆုံးတော့ အကောင်းမြင်ပြီး ရေးကြည့်ရမှာပဲဟူ၏။

သို့ပေတည့် ... ထိုဆုံးဖြတ်ချက်သည်လည်း တကယ် တမ်းလက်တွေ့မှာ ထင်သလောက် ဖြစ်မလာခဲ့။

အထူးသဖြင့် လွန်လေပြီးသော အစိုးရမင်းများလက်ထက်တွင် ကျွန်တော်သည် ဗြိတိသျှကိုကိုမောင် ကလောင်ဖြင့် အစိုးရ အလွဲများကို ရိခဲ့၊ ထေ့ခဲ့၊ သရော်ခဲ့ရာတွင် ထိုဆုံးဖြတ်ချက်ကို မျက်ကွယ်ပြုထားမိ၏။

မျက်ကွယ်ပြုသည်ဆိုသည်မှာ တမင်တကာပင် မသိချင်ယောင်ဆောင်ထားခြင်းမျိုး။

ရှင်းရှင်းပြောရလျှင် ဘောင်းဘီဝတ်ရာမှ ချိတ် ပုဆိုး ပြောင်းဝတ်သော ယခင်အစိုးရကို ဘယ်လိုမှ အကောင်းမြင်ပေးလို့ မရသည်ကို ဝန်ခံပါသည်။

အခုရော ...။

ကျွန်တော်တို့ တင်သည့်အစိုးရ။ ကျွန်တော် လေးစားသူတွေ ဦးဆောင်သည့်အစိုးရ။ သူများတွေ ပြောသလို ပြောရလျှင် လက်သန်းလေးတွေ မင်ပေခဲ့တဲ့ အစိုးရ။

အလွဲလေးများ ရှိလာလျှင်ပင် အကောင်းမြင်ဘက်က ကျွန်တော် ကြည့်ချင်သည်။ အမှန်အတိုင်း ဝန်ခံရလျှင် တချို့ ဟာကွက်လေးများ တွေ့လျှင်ပင် နင်းမရေးရက်ခဲ့။

ဒီလောက်အထိ စာရှည်ရှည် ကျွန်တော်ပျိုးနေသည်မှာ အကြောင်းရှိသည်။

အဓိကမှာ ကျွန်တော် စိတ်ပါလက်ပါ စာမရေးဖြစ်သည်မှာ ကုန်ကြမ်း မရှိသဖြင့်ဟု နောက်ထပ် ဆင်ခြေပေးချင်သဖြင့် ဖြစ်၏။

အဘယ်ကြောင့် ကုန်ကြမ်းမရှိဟု ဆိုသော် ကျွန်တော် အိမ်တွင်းအောင်းလူသား၊ ရပ်ကွက်တွင်းအောင်းလူသား လုပ်နေခြင်းကြောင့်ဟု ဖြေရပါမည်။

အသစ် ပြောင်းလဲလိုက်သော ဝိုင်ဘီအက်စ် ဘတ်စ်ကားလိုင်းများက ကျပ်သဖြင့်၊ ကားစီးရေနည်းသဖြင့် မစီးဟုဆိုလျှင် စီမံသည့်အစိုးရကို ဝေဖန်ရာ ကျမည်စိုးပါသည်။

ဟိုးလွန်ခဲ့သည့် ဆယ်နှစ်ကျော် ရန်ကုန်ရောက်စကတည်းက ပေါက်သည့်အီးပင် အပြားလိုက် ထွက်လာသည့်အလား ထင်ရသည့် ရန်ကုန်ဘတ်စ် ကျပ်ညပ်များနှင့် ရင်းနှီးခဲ့သူ တစ်ယောက်အနေနှင့် ယခု ဝိုင်ဘီအက်စ် စနစ်သစ်ကျမှ လူကျပ်သည့်ကိစ္စကို ထူးပြီး မငြီးပါ။

တကယ်တော့ ကျွန်တော် ဝိုင်ဘီအက်စ်ဘတ်စ်ကို မစီးသေးသည်မှာ အိမ်ထောင်ကျမည် စိုးသောကြောင့် ဖြစ်ပါသည်။

မဆီမဆိုင်ဟု ထင်ကြမလားမသိ။

ဗဟုသဘော ဆောင်နေသည့် ဂလိုဘယ်ခေတ်တွင် ဖြစ်စဉ်တိုင်းသည် ဆက်စပ်နေပါသည်။

ဥပမာ - ရုပ်ရှင်မင်းသမီး တစ်ယောက် ရည်းစားတွေ လျှောက်ထားသည့်ကိစ္စနှင့် ရန်ကင်းတရားရုံးကို အလှဖန်တီးရှင် မာမီ ခေါဘဏီ တပ်ကြီးဝိုင်းထားသည်ဆိုသည့် သတင်းကား ရုတ်တရက်တော့ မဆိုင်သလို ထင်ရသလိုမျိုးပင်။

တကယ်တမ်းတော့ ... သူ့ဆက်စပ်မှုနှင့်သူ ရှိပါသည်။

ယခုပဲကြည့်။

ကျွန်တော်တို့ ရပ်ကွက်ထဲတွင် လောလောလတ်လတ် မင်္ဂလာပွဲနှစ်ခု တိုးလာသည်။ လမ်းထိပ် ဘီအီးဆိုင်မှ ကိုမြင့်ဦး၏ သမီးအကြီးမလေးသည် သူနှင့် ဆယ်နှစ်ဆယ်မိုး ကြိုက်လာသော လှိုင်မြို့နယ်မှ ဇော်ထွန်းဆိုသည့် ငတိနှင့် လိုက်ပြေးသည်။

လိုက်ပြေးပုံကလည်း အဆန်းသား။

ကလေးမက မြို့ထဲက စတိုးဆိုင် တစ်ခုတွင်လုပ်သည်။ ညနေ အလုပ်ဆင်းလျှင် ကားမှတ်တိုင်တွင် သူ့ ကောင်လေးနှင့်ချိန်းပြီး အတူတူပြန်သည်။ ဝိုင်ဘီအက်စ် ပြောင်းခါစတွင်တော့ ဗော်လန်တီယာ အခမဲ့ကားကြီးများ ကောင်းမှုဖြင့် သူတို့နှစ်ယောက်သား အတူတူ အိမ်ပြန်ကြရသည်။ ဗော်လန်တီယာများ မရှိတော့သည့်အခါကျမှ တိုင်ပတ်တော့သည်။ ဘတ်စ်ကားက တစ်နာရီလည်းမလာ။ နှစ်နာရီလည်း မလာ။ လာမယ့် လာတော့လည်း ပုသိမ်ထီးမှာ ကထိန်ပဒေသာပင်သီးထားသလို ကားနှင့်လူက မမျှ။ နောက်ဆုံး မိုးကချုပ်၊ ခြင်ကကိုက်နှင့် လင်နောက် လိုက်ပြေးတာကမှ ပိုကိုက်ဦးမည်ဆိုကာ မထူးဇာတ် ခင်းလိုက်သည်တဲ့။

နောက်တစ်တွဲက ကာတွန်း ကိုထိန်သာ ဆိုသည့် လူပျိုကြီး၊ အပျိုကြီး အတွဲ။ တစ်သက်လုံးက တစ်ရပ်ကွက်တည်း နေလာတာ မျက်လုံးချင်းတောင် မဆုံဖူးကြဟု ဆိုသည်။ ဝိုင်ဘီအက်စ်ဘတ်စ်ကို အတူတူ တိုးစီးပြီး နှစ်မနက်မြောက်မှာတော့ တစ်ယောက်နဲ့တစ်ယောက် ရင်ချင်း အပ်မိကာ ဝင်သက် ထွက်သက်ချင်း သမီးရည်းစား ဖြစ်သွားသည်ဟု သိရသည်။

အချိန်နှင့် ဒီရေသည် လူကို မစောင့်ဆိုသလို လူပျိုကြီး အပျိုကြီးများကို ဝိုင်ဘီအက်စ်ကို မစောင့်သည့်သဘော။

ဒီတော့ မကြာမီ သူတို့လည်း အာဝါဟကြတော့မည်ဟု သိရပြန်၏။

သူတို့ ဇာတ်လမ်းလေးတွေ ကြားတော့ ဆရာ မင်းလူ၏ ချစ်မြှားရှင်အစ ချစ်မြှားရှင်အဆုံး ဆိုသည့် စာအုပ်လေးကို သတိရမိသည်။

ထို့ကြောင် အိမ်ထောင် မပြုချင်သေးသော ကျွန်တော်သည် မြားနတ်မောင် ဝိုင်ဘီအက်စ်ကို ကြောက်သဖြင့် ဘတ်စ်ကား မစီးခြင်းသာ ဖြစ်ပါသည်။

ဘတ်စ်ကားများ ကျပ်ညပ်နေသဖြင့် လိုင်းဆွဲယာဉ် နည်းပါးသဖြင့် ဆိုသည့် အကြောင်းပြချက်များ လုံးဝ မပြပါ။ အဲ့ဒီအကြောင်းလည်း သရော်စာ မရေးပါ ဟု ဆုံးဖြတ်လိုက်ပါသည်။

ဒါဆို ကျွန်တော် ဘာရေးရမလဲ။

ကျွန်တော်တို့ ရပ်ကွက်ထဲမှ စိတ်ဝေဒနာသည်များ အကြောင်းရေးဖို့ စိတ်ကူးရပါသည်။ ဒါမှလည်း ကျွန်တော် ဒီရက်ပိုင်း ရပ်ကွက်အောင်းလူသား လုပ်ရကျိုးနပ်မည်။

(ဒီနေရာမှာ တစ်ဆက်တည်း စိတ်ဝေဒနာသည် ဆိုသည်ထက် ရပ်ကွက်အခေါ် အရူးဟုသာ ကျွန်တော့်ကို သုံးနှုန်းခွင့်ပြုဖို့ တောင်းဆိုပါသည်)

ကျွန်တော်တို့ ရပ်ကွက်သည် အရူး အလွန်ပေါသည်။ အရူးတွေကို ကြည့်ချင်လျှင် တခြားသွားကြည့် စရာမလို။

ရပ်ကွက်ထိပ် ကိုကြည်လင် လက်ဖက်ရည်ဆိုင်လေးတွင် ထိုင်နေရုံမျှဖြင့် တစ်ယောက်ပြီး တစ်ယောက် မြင်နိုင်ပါသည်။

ကိုကြည်လင်သည် တော်တော် စေတနာကောင်းသူ ဖြစ်သည်။ အထူးသဖြင့် အရူးများကို သူ့ဆိုင်တွင် လက်ဖက်ရည် အခမဲ့ တိုက်တတ်သည်။

ထို့ကြောင့် သူက ကျွန်တော့်ကို အချင်းချင်းတွေပဲ အလကား သောက်သွားပါဗျာ ဆိုတိုင်း ကျွန်တော့်မှာ အကျောက်အကန် ငြင်းခဲ့ရသည်မှာ အကြိမ်ကြိမ်။

သူ့ဆိုင်တွင် စီနီယာ အရူးများအပြင် နောက်ထပ် ဂျူနီယာ အရူးများလည်း ရောက်လာတတ်သည်။ အသစ်ရောက်သည့် အရူးတိုင်း၏ ဘိုင်အိုဂရပ်ဖီကို တတ်နိုင်သလောက် လေ့လာစူးစမ်း ထားတတ်သည်က ကိုကြည်လင်၏ ဝါသနာ။

ဒီလိုနှင့် အခု အရူးဋီကာကို ရေးရန် ကျွန်တော် သူ့ဆိုင်တွင် ဖင်ကျောက်ချရတော့၏။

“မလုံခြုံတော့ဘူး။ မလုံခြုံတော့ဘူး။ လုံခြုံရေးကို သတိရှိကြ။ လုံခြုံရေးကို သတိရှိကြ။ ကျုပ် ကာကွယ်မှ လုံခြုံမှုရလိမ့်မယ်။ လုံခြုံရေးကို ဂရုစိုက်ကြ”

ပြောနေရင်း ဆိုင်ထဲသို့ တစ်ယောက် ဝင်လာသည်။ ကျွန်တော် သိသလောက် သူက မျက်နှာသစ်။ မျက်နှာသစ်ပေမယ့် ကိုယ်သိတဲ့ တစ်ယောက်နဲ့ တူသလိုလို။

ဒါနဲ့ ကိုကြည်လင်ကို ကျွန်တော် စပ်စုကြည့်သည်။

“ဗျိုး ... ကိုကြည်လင် ... ဒါက ဘယ်သူတုံးဗျ ... အသစ်ပါလား”

“ဟုတ်တယ် ... ကိုဗြိရေ ... အဲ့ဒါ သူခိုးညွန့်ခင်လေဗျာ”

“ဟာ ... ဟိုတစ်လောကမှ ထောင်ကလွတ်လာတဲ့ ညွန့်ခင် အခု ရူးသွားပြီလား ... မှတ်တောင် မမှတ်မိတော့ဘူးဗျာ”

“ဟုတ်တယ် ... ကိုဗြိရ ... ဒီကောင် ... ထောင်ကလွတ်ပြီး မကြာပါဘူး ... ရပ်ကွက်ထိပ် စေတီလေးက ဇရပ်မှာ နေ့တိုင်း သွားသွားထိုင်သတဲ့။ ပြီးတော့ စေတီလေးကို ရီဝေဝေနဲ့ ငေးကြည့်နေသတဲ့ဗျာ။ အဲ့ဒါကို နေ့တိုင်း မြင်နေရတဲ့ ဆရာတော်က သူ့ကို သနားလာတယ် ထင်ပါရဲ့ ... ဒကာ မောင်ညွန့်ခင်ကတော့ တော်တော်ပဲ နောင်တ ရနေလောက်ပြီ ... အကျွတ်တရား ရပြီး သာသနာ့ဘောင် သွတ်သွင်းရအောင် အကျွတ်တရား ဟောမဟဲ့ဆိုပြီး ညွှန့်ခင်ဆီ သွားသတဲ့။ ပြီးတော့ ဘုရားဆီ ခပ်ရီရီလေး ငေးနေတဲ့ ညွှန့်ခင်ကို ဒကာ မောင်ညွန့်ခင်ရယ် ... လူဆိုတာ ပြုပြင်လို့ ရပါသေးတယ် ... မင်းမလဲ ဘုရားကို ကြည့်ကြည့်ပြီး ဘာတွေများ စဉ်းစားနေတာတုံးဆိုပြီး အစပဲ မေးရသေးတယ် ... ညွှန့်ခင်က ဘာပြန်ပြောတယ် မှတ်တုံး”

“ဟင် ... ဘာပြောတုံးဗျ”

“ညွန့်ခင်က ဆရာတော်ကို ပြန်ပြောတယ်တဲ့ဗျ။ တပည့်တော် စဉ်းစားနေတာက ... တခြားမဟုတ် ပါဘူး။ ဒီစေတီလေးက ရွှေတွေ ခွာရောင်းရင် ဘယ်နှ ကျပ်သားလောက်ရမလဲ စိတ်ထဲက တွက်နေတာပါ ဘုရားတဲ့”

“ဟင်”

“အဲ့ဒီမှာ ဆရာတော်လည်း ဒေါသထွက်ပြီး တံမြက်စည်းနဲ့ လိုက်တီးတာ ဒီကောင် ထွက်ပြေးရင်း ခလုတ်တိုက်လဲပြီး ခေါင်းလောင်းနဲ့ ခေါင်းနဲ့ စောင့်မိရာက နောက်ပိုင်း အခုလို ရူးသွားတာတဲ့ဗျာ”

ကဲ ... ကိုယ့်ဆရာတို့ ကြားတဲ့အတိုင်းပဲ။ တကယ့်လူ။ သူခိုးဘဝကနေ အရူးဘဝ ရောက်မှပဲ လုံခြုံရေး လုံခြုံရေး လျှောက်အော်နေသည့် ကိုညွန့်ခင်ကို ကြည့်ကာ ကျွန်တော် ပြုံးမိသည်။

“သားရေ ... လက်ဖက်ရည်လေး လုပ်ပါဦးကွာ ... ခေတ်ကာလက မကောင်းတော့ဘူး။ အခုပဲ ဘုရားပေါ်က ဆင်းလာတာ ... ဘုရားပေါ်က အခု ဂေါပကအသစ်တွေက ဒီမိုကရေစီ အာဏာရှင်တွေ ဖြစ်တော့မယ်ကွာ။ အလှူခံပုံးတွေမြင်ရင် အဘ ဗိုက်ဆာလွန်းလို့ပါကွာ ... လက်ဖက်ရည်လေးကွာနော် ... သား”

လာပြန်ပြီ မျက်နှာသစ် တစ်ယောက်။

ဒီတစ်ခါလည်း ကိုကြည်လင်ကို အသာခေါ်ပြီး သူ့တပ်သားသစ်ကြီးအကြောင်း မေးရပြန်သည်။

“ဟေ့ ... ဒါကရော ... အသစ်ပါလားဗျိုး”

“သစ်ဆို ဟိုဘက်ရပ်ကွက်က ဂေါပကလူကြီးဟောင်းလေဗျာ။ အလှူငွေတွေ အဗုန်းလွန်ပြီး ပြဿနာ တက် ... တရားစွဲခံရတယ်။ ပြီးတော့ ဂေါပကနေရာက ဖယ်ပေးလိုက်ရရာကနေ ဒီလိုဖြစ်သွားတာပဲ”

ဂေါပကရူးကြီးကို ကျွန်တော် အသာလေး အကဲခတ်သည်။ ကျွန်တော် အကဲခတ်နေမှန်း သူသိတော့ ... ကျွန်တော့်ကို လှမ်းအော်ပြောသည်။

“ဘုရားပေါ် အခု အသစ်တက်တဲ့ ဂေါပကတွေက အဘလောက် မဖြူစင်ဘူးကွ။ အဘက ဘုရားထက်ကြီးလို့ ဘုရားလူကြီး လုပ်နေတာ။ အခုကောင်တွေက ဒီမိုကရေစီ အာဏာရှင် ဂေါပကတွေ ... အလကားသိလား ... ကောင်လေး ... နောက်တစ်ခါရွေးရင် အဘကိုပဲတင်နော် ... အဘတို့က ဖြူစင်တယ် ... ဘုရားပိုင် ငွေကို ကိုယ့်ငွေလို သဘောထားပေးတယ် ...”

ရှုလောမိတ်ဆွေ။

ကိုကြည်လင် လက်ဖက်ရည်ဆိုင်ဆိုတာက ဒီလိုမျိုး။

နောက်ထပ် နေ့တစ်ဝက်လောက် ဆက်ထိုင်လိုက်လျှင် သူ့ဆီလာသည့် ရဲဘော်ဖောက်သည်များ မြင်ရရုံဖြင့် ကိုယ်ပါ သူတိုက်သည့် လက်ဖက်ရည်ကို အခမဲ့ သောက်ရသည့်အဖြစ် အချိန်မရွေး ရောက်သွားနိုင်သည့် အခြေအနေ။

ကိုကြည်လင်ဆိုင်က ကျွန်တော် ထလာသည်။

“ပေး ... ပေး ... ပေး ... ပေး ... မပေးပေး ... ငါ့ ထိုင်ခုံပြန်ပေး ... ယေး ... ယေး”

လက်ဖက်ရည် သောက်ပြီး ခုန်ပေါက် ထွက်သွားသော ဂေါပကဟောင်း အဘက ကျွန်တော့်ကို ကျော်တက်လျက် ခုန်ပေါက် ထွက်သွားသည်။

သရော်စာ မရေးချင်။ အိမ်ပြန်လျှင် အရူးတွေအကြောင်း ဋီကာလေး တစ်ခုတော့ ရေးရမည်။

ရေးကို ရေးရမည်။

ဗြိတိသျှကိုကိုမောင်

  • VIA