News

POST TYPE

SATIRE

ဆယ်လီမောင်နှင့် YBS
22-Jan-2017 tagged as

ရန်ကုန်ဆောင်းသည် မြန်မာပြည်အစိုးရ အဆက်ဆက်အလား။ သူ့ကာလကုန်ခါနီး ပြီဆိုမှ အလုပ်အရမ်း လုပ်ပြ၏။

အခုလည်းကြည့်။ ဇန်နဝါရီလလယ်လောက် ရောက်မှ လာအေးပြနေသည်။

ဆောင်းဘယ်လောက်အေးအေး ... ဆယ်လီမောင်ကတော့ မအေးနိုင်။ မနက် လေးနာရီခွဲကတည်းက ရေထချိုးသည်။ တဗွမ်းဗွမ်းနှင့် ချမ်းပဲ မချမ်းနိုင်။

ရေချိုးပြီးပြီ။ မျက်နှာကို ဒေးခရင်တွေ ဘာတွေ လိမ်း၏။ ကိုယ်လုံးကို လိုးရှင်းလိမ်း၏။ မှန်ရှေ့တွင် နာရီဝက် မတ်တတ်ရပ်ကာ ဆံပင်ကို ကြော့နေအောင် ဖီး၏။

ဆယ်လီမောင် ဘယ်သူနှင့်များ ချိန်းထားသနည်း။ မဟုတ်။ သူ့အခန်းနံရံက ရွက်ဆုတ်ပြက္ခဒိန်လေးကို ကြည့်။ ညကမှ လောလောလတ်လတ် စုတ်ဖြဲထားသည့် စာရွက်လေး၏အောက်တွင်က ၂၀၁၇ ဇန်နဝါရီ ၁၆ ရက်နေ့။

ခုနစ်နာရီဒင်ဆို ဆယ်လီမောင် အိမ်က ထွက်ပြီ။ လမ်းထိပ် ကားမှတ်တိုင်တွင် သူတို့ ရပ်ကွက်ထဲမှ လူငယ်လေးများကို တွေ့ရသည်။ ဘတ်စ်ကား လမ်းကြောင်းသစ်တွင် ဗော်လံတီယာ ကူညီပေးမည့် လူငယ်များ။

ဆယ်လီမောင် တက်ကြွသွားသည်။ ဗော်လံတီယာလေးများထံသို့ သွားပြီး သူတို့လက်ထဲမှ စာရွက်ကို ခပ်တည်တည်ဖြင့် ဆွဲယူလိုက်သည်။

“မြို့ထဲသွားမယ် ... ဘယ်လို သွားရမလဲ” ဆယ်လီမောင် မေးပြီ။

“ဒီကနေ သခင်မြပန်းခြံအထိ သွားရမယ် အစ်ကို ... အဲ့ဒီကမှ ပြောင်းစီးရမှာ” ဗော်လံတီယာမလေး၏ အဖြေ။

“ကျွတ်စ် ... အရင်က တစ်ဆင့်တည်း ရောက်တာကိုး”

ဆယ်လီမောင် စိတ်မရှည်သလို ညည်းတော့ ဗော်လံတီယာမလေးက ခေါင်းလေးယို့ထွက်သွား၏။

“ဒါတင် ဘယ်ကမလဲကွာ ... ဒီကနေ သခင်မြ ပန်းခြံကို နှစ်ရာတဲ့ကွာ ... အရင်က တစ်ရာပဲ ပေးရတာကို ... မမိုက်ဘူးကွာ”

ဆယ်လီမောင်၏ ကျွတ်စ်ကို ဘေးနားတွင်ရပ်နေသော ဦးလေးကြီးက ပိုအရောင်တင်ပေးလိုက်၏။

ဦးလေးကြီးမှာလည်း ခေသူ မဟုတ်။ 

ဒီမှတ်တိုင်တွင် နှစ်ပေါင်း များစွာ ကျင်လည်နေခဲ့သူ။ အရင်က ဒီမှတ်တိုင်မှာ ဒီဦးလေးကြီးကို သူ အမြဲတမ်း မျက်မှန်းတန်းမိခဲ့သည်။

သိပ်မှတ်မိသပေါ့။

“အိမ်ကား ... ဆယ်မိနစ် ...၂၁၀ က ငါးမိနစ်ပဲ ရှိသေးတယ် ... လိုက်ဖိုက်ရင် မီတယ် ... နောက်ကသုံး အဖြူတော့ ခေါ်သွားပေါ့”

ဘယ့်နှယ် ... ဘာညာ ... ထိုစကားတွေပြောပြီး လက်ထဲက စာအုပ်ကြားထဲ နှစ်ရာ၊ နှစ်ရာညှပ်နေတဲ့ ဦးလေးကြီး။

အခုတော့ သူလည်း ဘယ်ဆီ ခရီးဆက်မည် မသိ ... ဆယ်လီမောင့်ဘေး လာရပ်နေ၏။

ဘတ်စ်ကားတွေ တစ်စီးပြီးတစ်စီး ဆိုက်လာသော်လည်း ဆယ်လီမောင် ကားပေါ် မတက်သေး။ ရှစ်နာရီ ထိုးပြီ။ ဘတ်စ်ကား မှတ်တိုင်တွင် လူအုပ်ကြီးက တဖြည်းဖြည်း များလာပြီ။ ဟိုဗော်လံတီယာတွေ အလုပ်ရှုပ်ပြီ။ လူတွေကလည်း ပွစိ ပွစိ ဖြစ်လာကြသည်။ 

အိုကေ ... ဒီအခြေအနေကို ဆယ်လီမောင်တို့ စောင့်နေတာ။ ဒီအချိန်ဆို သူတို့ ဆယ်လီမောင့်ကို မျှော်နေရော့မည်။ အချိန်ဆိုင်းနေလို့ မဖြစ်တော့။ အိတ်ကပ်ထဲမှ ဖုန်းကလေးကို ထုတ်သည်။ လူအုပ်ကြီးကို ရိုက်။ ပြီးတော့ လူအုပ်ကြီး နောက်ခံနှင့် သူ့မျက်နှာလေး ထည့်ကာ ဆယ်လ်ဖီလည်းရိုက်။

အိုကေ ... တင်ပြီ။

“ဘတ်စ်ကားဂိတ်မှာ လူပင်လယ်ကြီး ဖြစ်နေပြီ။ YBS ရဲ့ ပထမနေ့လေ ...။ ဟားဟား”

ဒါက ဆယ်လီမောင်ရဲ့ ဖေ့ဘွတ်ပေါ်က ပုံနဲ့ တွဲနေတဲ့ပို့စ်။

အလိုလေး ... ဒီအချိန်ဆို ဖော်လိုဝါအပေါင်း သူတော်ကောင်းတွေလည်း ဘယ်ကားစီးရမှန်းမသိ ယောင်လည်လည်ဆိုတော့ ဆယ်လီမောင် ပို့စ်က အိုကေနေပြီပေါ့။ ဒါတောင် ဆယ်လီမောင်ရဲ့ ပထမ ခြေလှမ်းပဲ ရှိသေးတာ။ နောက် ဘာလာမလဲ ဆက်ကြည့်။

ဘတ်စ်ကားမှတ်တိုင်တွင် လူများ အုံ့အုံ့မှိုင်းလာသည့်အခါ ဆယ်လီမောင် ဒီအတိုင်း ကြည့်မနေရက်တော့။ ပလက်ဖောင်းပေါ်မှ ဆင်းလိုက်သည်။ လက် တစ်ဖက်ကို ဆန့်တန်းပြီး အနီးဆုံး တက္ကစီတစ်စီးကို တားသည်။ ဒီအချိန်က ဈေးဆစ်နေလျှင် အဆင်မပြေ။ အချိန်တိုင်းက အရေးပါသည်။ 

ဆယ်လီမောင်၏ ရည်မှန်းချက် ပန်းတိုင်ဆီသို့ ရောက်ဖို့အရေး တောင်းသည့်ဈေး ပေးရမည်။

ဆယ်လီမောင် မြို့ထဲဒိုးပြီ။

မြို့တော်ခန်းမရှေ့။ အခြေအနေကတော့ လူတွေ ရုတ်ရုတ်ရုတ်ရုတ်။ တွေ့ပါပြီ။ 

မင်းသား၊ မင်းသမီးတွေ၊ အလှမယ်တွေ၊ မော်ဒယ်လ်ဂဲလေးတွေ ဗော်လံတီယာ လုပ်နေသည့်နေရာ။

သတင်းမီဒီယာတွေလည်း အများကြီး။

ဆယ်လီမောင် ဘတ်စ်ကား မှတ်တိုင်ထဲ တိုးသွားသည်။ သတင်းမီဒီယာတွေက ဒီမင်းသား၊ မင်းသမီးတွေကို အင်တာဗျူး အသည်းအသန် လုပ်နေကြ၏။

ဒါတွေ ဆယ်လီမောင် ဂရုမစိုက်။

မစ်စ်မလေးနား ကပ်လိုက်သည်။ 

“ညီမ ... ပန်းဆိုးတန်း ဘယ်လိုသွားရမလဲ”

“ရှင်”

“ဪ ... ဆောရီး ... ပန်းဆိုးတန်းက ရှေ့နားတင် မြင်နေမှပဲဟာ ... ဟီး”

နောက်တော့ ဆယ်လီမောင် မင်းသမီးလေး တစ်ယောက်နား ကပ်သွားသည်။

“အစ်မ တာမွေ ဘယ်လိုသွားရမလဲ”

နောက်တစ်ယောက်နား ထပ်ကပ်သည်။

“အစ်ကို ... ရန်ကင်း ဘယ်လိုသွားရမလဲ”

ဗော်လံတီယာ စုံသလောက် ဆယ်လီမောင် လိုက် မေးပြီးချိန်မှာတော့ သူ့မှန်းသည့်အတိုင်း သတင်းမီဒီယာ ရုပ်သံတွေက သူ့ကို ဂရုစိုက်မိပါပြီ။

လာပါပြီ ... မိုက်နဲ့မမ။

“အစ်ကို ... ဒီနေ့ အခြေအနေမှာ ခရီးသွားပြည်သူ တစ်ယောက်အနေနဲ့ ဘယ်လို သဘောထားလဲ ဖြေပေးပါ”

“မြင်တဲ့အတိုင်းပဲဗျ။ လူတွေ ဒုက္ခရောက်နေကြတာ။ ဒီကိစ္စမျိုးဆိုတာ အစိုးရက သေချာဆာဗေး လုပ်ပြီးမှ လုပ်သင့်တာ။ အခုလို အမြန်လုပ်တော့ ကြည့်ပါဦး။ ကျွန်တော်တို့ စင်ကာပေါလ်နဲ့ ထိုင်းလန်းမှာဆို ဘတ်စ်ကား စနစ်တွေဟာ ဘယ်လောက် ကောင်းလိုက်သလဲ။ အခုတော့ ခရီးသွားပြည်သူတွေ အလုပ်တွေ နောက်ကျရပြီ ... ကျွန်တော်တို့က အစိုးရကို ထောက်ပြမှ အစိုးရသိမှာပဲ ... တကယ်ဆို မြို့လူဦးရေ ဘယ်နှယောက်က ဘတ်စ်ကား သုံးစွဲလဲဆိုတာ အစိုးရက သိကို သိသင့်တယ် ... အခုတော့ဗျာ ...”

အိုကေ ... အဆင်ပြေပြီ။ ဆယ်လီမောင် ပျော်ပြီ။ 

အောင်မြင်လိုသူတို့ မည်သည့် အနည်းငယ်မျှသော အောင်မြင်မှုလောက်ကို မရောင့်ရဲရာ။ 

ထိုသည်ကား ဆယ်လီမောင်၏ ဖေ့ဘွတ်ပေါ်တွင် လူတစ်ထောင်ရှဲယ်ခဲ့သော စတေးတပ်စ်။ ဒီတော့ ဒီနေရာတင် ဘယ်ရပ်လိမ့်တုံး။

“တာမွေကို ဘယ်ကားစီးရတုံး”

အိုကေ ... ဆယ်လီမောင် တာမွေ ထပ်လစ်ပြီ။

အလိုလေး ... မထသနဲ့ ဝိုင်ဘီအက်စ် ... ဘာကွာ သွားသတုံး။ မြန်မာလိုနဲ့ အင်္ဂလိပ်လို ကွာသပေါ့။ ကျပ်မြဲ ကျပ်၊ စုတ်မြဲစုတ်၊ ရိုင်းမြဲရိုင်း။

ဒါကိုတောင် ငတိတစ်ကောင်က ပြောသေး။

“အစကတော့ ဒီလိုပါပဲ ... မင်္ဂလာဦးညတောင် အစဆို ခက်သေးတာပဲ”

ဒီငတိ အရွှန်းဖောက်တော့ လူတွေက ကားပြဿနာ ဒုက္ခတွေကြားက ပြုံးကြရယ်ကြသည်။

ဒါကို ဆယ်လီမောင် မကြည်။ ဘယ့်နှယ် ငါလို ဆယ်လီမောင်တစ်ယောက် ကားပေါ်ပါတာတောင် ဒင်းပြောတာကို လူတွေက ရယ်နိုင်သေး။ တွေ့မယ်။

ကားပေါ်တွင် လက်တစ်ဖက်က တန်းကိုကိုင်ရင်း ဆယ်လီမောင် ဖေ့ဘွတ်ပေါ် စတေးတပ်စ်လေး တင်ရမည်။ ဖော်လိုဝါတွေ စောင့်နေမင့်ကို။

“စိတ်ပျက်စရာနေ့ပါပဲ။ ရုံးကိုသွားတာ အဆင် မပြေဘူး။ ဒုံရင်းက ဒုံရင်းပဲ။ အစိုးရဆိုတာ ကိုယ်က ပြောမှ ပြင်မှာ။ ကိုယ်မပြောရင် သူတို့က ပြင်မှာ မဟုတ်ဘူး။ သိတယ် မဟုတ်လား ... ကိုယ်က ဆယ်လီလေ ... အဲ့ဒါကိုတောင် အစဆို ဒီလိုပဲ ခက်တယ်ပြောတဲ့ကောင်ကရှိသေး။ သူ့နှမ မင်္ဂလာဆောင်တာ မဟုတ်ဘူး ... ဒါ ဘတ်စ် ကားစီးနေတာကွ...”

ခဏချင်းပင် Like လုပ်သူ နှစ်ရာ ဖြစ်သွား၏။ အခုမှ ဆယ်လီမောင့်ရင်ထဲ အပူလုံးကြီး ကျသွားတော့သည်။ ဒီလို အခြေအနေမှာ ဒီလို ဟာသပြောတဲ့ကောင်ကို ဒီလို ခပ်ရိုင်းရိုင်း တွယ်ပစ်မှပဲဟု ဆယ်လီမောင် တွေးကာ ကျေနပ်သည်။

ဘယ့်နှယ် ဆယ်လီမောင်ကို လာကျော်လို့ ဘယ်လိုရမလဲကွ။ တာမွေက အိုးရှန်းဆူပါစင်တာ မှတ်တိုင်ကြီးရှေ့ ဆယ်လီမောင် ဆင်းလိုက်သည်။ အသင့်ရောက်နေသည့် တီဗီချန်နယ် သတင်းထောက်တွေရှေ့သို့ ခုန ဗျူဟာအတိုင်း လျှောက်ပြန်သံပေး လုပ်လိုက်၏။ မကြာမီ ကင်မရာနှင့် မိုက်ခွက်က ဆယ်လီမောင်ရှေ့ ရောက်လာသည်။

“အဆင် မပြေဘူးဗျ။ အခြေခံ လူတန်းစားတွေအတွက် ကျွန်တော်က ပြောတာ။ ဟိုး လှိုင်သာယာကနေ ဒီအထိ ကားကို လေးဆင့်လောက် စီးလာရတယ်။ တစ်ခါစီး နှစ်ရာ ဆိုတော့ လေးခါဆိုတော့ ရှစ်ရာဗျ။ ဒါကို အစိုးရက မသိတာလား။ စီမံခန့်ခွဲမှု အမှားတွေလား။ အခြေခံ လူတန်းစားအပေါ် ဂရုမစိုက်တာလား ... ချက်အင်ဗဲလန့်လုပ်ပေးမှ အစိုးရဆိုတာ စင်ကာပေါလ် နိုင်ငံမှာဆို...”

ကဲ ... အဲ့ဒါ နောက်တစ်ပွဲ။

အောင်မလေး ... မနက်လေးနာရီလောက် ရေထချိုးရကျိုး၊ အလှထပြင်ရကျိုး နပ်နေပါပြီ။ ဒီလို တွေတွေးပြီး အားရကျေနပ်နေတုန်း ဆယ်လီမောင် ရှေ့မှ ဖြတ်ကျော်ကာ ဘတ်စ်ကားရှိရာ ပြေးသွားသည့် ဈေးဗန်းကြီးနှင့် အဘွားအိုထံမှ နှစ်ရာတန်တစ်ရွက် ကျကျန်ရစ်သည်။

ဆယ်လီမောင်ပဲ။ ဒါမျိုးကျ ဘယ်ရမလဲ။ ခြေထောက် လေးနှင့် အသာဖိသည်။ ပြီးမှ ခါးလေးကုန်းကာ နှစ်ရာတန်လေးကို ကောက်ပြီး အိတ်ထဲ ထည့်လိုက်၏။ နှစ်ရာလည်း ပိုက်ဆံပဲလေ ... ဟဲဟဲ။ ဒီဈေးသည်အဘွားကြီး ရှပ်ပျာ ရှပ်ပျာနဲ့ ... ဒါ့ကြောင့် ဆင်းရဲနေတာ။

လာထား ... ဒီတစ်ခါ မြို့ပြင်ကနေ ပြန်လာ အလှည့်။ တက္ကစီတစ်စီး ငှားသည်။ စော်ဘွားကြီးကုန်းဘက် ထွက်လာလိုက်၏။ စော်ဘွားကြီးကုန်းကနေ မြို့ထဲသွားသည့်ကားများ စောင့်သည်။ မီဒီယာတွေ မတွေ့တော့ ဆယ်လီမောင် အားမရ။ 

အောင်မယ် ... ကားကြီးတစ်စီး လာပါပြီ။ ဆယ်လီမောင် ကားပေါ်တက်တော့ စပယ်ယာမတွေ့။ 

တွေ့ပြီ။ ဟွန်း စပယ်ယာတောင် မထားနိုင်တဲ့ ယာဉ်လိုင်းတွေ။ ပြောလို့မှ မဆုံးသေး ဒရိုင်ဘာက လှမ်း ပြောသည်။

“ရှေ့ကပုံးထဲ ယာဉ်စီးခလေး ထည့်သွားပါ ခင်ဗျာ”

အောင်မလေး ... ဆယ်လီမောင်တို့က ဒါမျိုးတော့ နုံမလား။

ငါးဆယ်တန် အစုတ် တစ်ရွက်ကို အသာလေး လိပ်ပြီး ထိုးထည့်ခဲ့တာပေါ့။

ဆယ်လီမောင် ထိုင်ခုံရှိရာ အပြေးသွားသည်။ မသွားလို့မဖြစ်။ ကိုယ့်ကို သူတို့ စောင့်နေရောမည်။ ဖော်လိုဝါတွေ။ ဖုန်းလေးထုတ် ဖေ့ဘွတ်လေးဖွင့်ပြီး ဘာရေးရမလဲ စဉ်းစားသည်။

အလို ... ဟုတ်သား။ အရင်က ဒီလိုင်းပြေးတဲ့ ၅၁ ကားတွေဆိုတာ တစ်စီးနဲ့တစ်စီး ဖော်မြူလာဝမ်း ကားပြိုင်ပွဲလို ပြိုင်ပြီး အမြန်မောင်းတာ။ အခုကားကတော့ အိပဲ့အိပဲ့နဲ့။ 

ဒါပဲ ပြိုင်ဆိုင်လိုစိတ် မရှိတဲ့လူတွေ။ ဒါကြောင့် ဒီဒရိုင်ဘာ ငါ့ဆီက ငါးဆယ်ပဲရတာ။

ဆယ်လီမောင် ထိုနှယ့်တွေးပြီး စာရေးတင်ပြီ။

“အရင်က မြို့ထဲကို တစ်နာရီပဲ စီးရတယ် ... အခု တစ်နာရီခွဲနေပြီ ... ဒါလား ... ခင်ဗျားတို့ရဲ့ ပြောင်းလဲမှု”

ဆယ်လီမောင် ကျေကျေနပ်နပ်ကြီး ပြုံးလိုက်စဉ်။

“ဟ ... ငါ့တူကြီး မနက်ကလည်း ကားမှတ်တိုင်မှာ ဆုံတယ်။ အခုရော ... ဆုံပြန်ပြီ”

ရော် ... မနက်တုန်းက ဆယ်လီမောင်နှင့် ဘတ်စ်ကားဂိတ်တွင် ဆုံခဲ့သည့် ဘတ်စ်တစ်စီး နှစ်ရာယူကာ အချိန်မှတ်ပေးသည့် ဦးလေးကြီး။

ရေစက်ကလည်း ဆုံတတ်ပ။

“ဦးလေးကရော ဒီဘက် ဘာလာလုပ်တာတုံး”

“ဘော်ဒါတွေ လာစုတာကွ”

“ဟမ် ... ဘာလုပ်မလို့တုံး”

“ဟ ... ငါ့တူရ ... မင်းနှယ့် စီးပွားရေးအမြင်ရှိပါကွ ... အခု ငါတို့ ဒီကားစီးသွားရင် ဘယ်မှာ ဂိတ်ဆုံးမလဲ”

“သခင်မြပန်းခြံလေ”

“အေး ... မြို့ထဲက လာရင်ရော ဘယ်မှာဂိတ်ဆုံးတုံး”

“သခင်မြပန်းခြံပဲလေ”

“အေးလေ ... ဒါဆို နောက်ပိုင်း သခင်မြပန်းခြံဟာ လူစည်ကားပြီပေါ့ ... ဒီလိုဆို ငါတို့လည်း သခင်မြ ပန်းခြံပတ်လည်မှာ ဈေးရောင်းရင် အိုကေပြီလို့ ... အဲ့ဒါကြောင့် ဈေးရောင်းဖို့ အကြိုအဆင့် လူသွားစုတာ”

“ဟာဗျာ ... လမ်းဘေးဈေး မရောင်းရတော့ဘူးလေ ... အခုက”

“အေးလေ ... အဲ့ဒါကြောင့် အခု လမ်းဘေးဈေး ရောင်းရရေး မနက်ဖြန်မှာ ဆန္ဒပြဖို့ ငါလူသွားစုတာပေါ့ဟ ... ရောင်းခွင့်ရလို့ကတော့ သခင်မြပန်းခြံဘေးမှာ နှစ်နေရာလောက် ယူပြီပဲ ... ဟားဟား”

နှစ်ရာကောက်ဦးလေးကြီး၏ ရယ်မောသံကို ဆယ်လီမောင်တစ်ယောက် လိုက်ပါ မခံစားနိုင်အား။ ညနေလွှင့်သည့် တီဗီအစီအစဉ်တွင် ဆယ်လီမောင်၏ ရဲရဲတောက် ဝေဖန်ချက်များပါလာလျှင် လူအများ သူ့ အား အဘယ်မျှ အထင်ကြီး လေးစားလာမလဲ ဟူသည်ကိုသာ တွေးတောရင်း...။

ဗြိတိသျှကိုကိုမောင်

  • VIA
  • TAGS